စပါးတိုက်စစ်မှူး ဟယ်ရီကိန်း၏ ပေါင် တစ်သိန်းတန် Range Rover ကား ခိုးယူခံရ

221

 

ပရီးမီးယားလိဂ်ကလပ် စပါးနှင့် အင်္ဂလန်လက်ရွေးစင် အသင်း၏ အသင်းခေါင်းဆောင် ဟယ်ရီကိန်း၏ ပေါင်တစ်သိန်းတန် တန်ဖိုးကြီး Range Rover ကား ခိုးယူခြင်းခံခဲ့ရကြောင်း ဗြိတိန်မီဒီယာများက နိုဝင်ဘာ ၁၄ ရက်တွင် ဖော်ပြသည်။

အဆိုပါဖြစ်စဉ်မှာ အောက်တိုဘာ ၂၅ ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်သော်လည်း ရက်သတ္တပတ် နှစ်ပတ်ကျော်အကြာတွင်မှ မက်ထရိုပိုလီတန် ရဲတပ်ဖွဲ့က ကြေညာခဲ့ခြင်း ဖြစ်သည်။

အခင်းဖြစ်ပွားသည့်နေ့တွင် လန်ဒန်အရှေ့ပိုင်း ချင်းဖို့ဒ်ဒေသရှိ ဟယ်ရီကိန်းမိသားစု နေထိုင်သော ခြံရှေ့၌ ရပ်ထားသည့် Range Rover ကားကို သူခိုးများက လျှပ်စစ်ပစ္စည်းများ အသုံးပြုကာ ခိုးယူသွားခြင်းဖြစ်ကြောင်း ရဲ တပ်ဖွဲ့ပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။

စီစီတီဗွီ မှတ်တမ်းများအရ ကားခိုးခံရသည့်ရက် မတိုင်မီအတွင်း ကားတစ်စီးသည် ဟယ်ရီကိန်း၏ ကားအနီးမှ အကြိမ်ပေါင်းများစွာ လူးလာခေါက်တုံ့ သွားလာနေသည်ကို တွေ့ရှိခဲ့ရပြီး အင်္ဂလန်ကြယ်ပွင့်၏ ကားဟုတ်၊ မဟုတ် လေ့လာနေပုံရကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။

အသက် ၂၇ နှစ်အရွယ် ဟယ်ရီကိန်းသည် စပါးတွင် တစ်ပတ်လစာ ပေါင်နှစ်သိန်း ရရှိနေသူဖြစ်ပြီး ကားဝါသနာရှင်တစ်ဦးဖြစ်ကာ ယခုလုပ်ရပ်သည် လူခိုးဂိုဏ်းတစ်ခု၏ စနစ်တကျ ဖန်တီးခိုးယူမှုဟု ယူဆနေကြောင်း ၎င်းနှင့် နီးစပ်သူများက ပြောသည်။

ကလေးသုံးယောက်ဖခင် ဖြစ်လာတော့မည့် ဟယ်ရီကိန်းသည် ကားခိုးခံရပြီးနောက် မိသားစုဝင်များ၏ လုံခြုံရေးအတွက် စိုးရိမ်ပူပန်လျက်ရှိပြီး သက်တော်စောင့်များ ဌားရမ်းရန်အထိပင် စဉ်းစားနေကြောင်းလည်း ၎င်း၏ မိတ်ဆွေများက ပြောသည်။

မက်ထရိုပိုလီတန် ရဲတပ်ဖွဲ့က အခင်းဖြစ်ပွားရာ နေအိမ်သို့ သွားရောက်စစ်ဆေးရာ သံသယဖြစ်စရာ တစ်စုံတရာ မတွေ့ရဘဲ ထူးခြားမှုများ တွေ့ရှိပါက မိမိတို့ထံ ဆက်သွယ်အကြောင်းကြားရန် နှိုးဆော်ထားသည်။

ဟယ်ရီကိန်းသည် ယခုနှစ်အတွင်း လူခိုးဂိုဏ်းများ၏ ပစ်မှတ်ထား လုယက်ခံရသော တတိယမြောက် စပါးကစားသမား ဖြစ်လာပြီး မေလက ကွင်း လယ်လူ ဒယ်လီအလီ၊ မတ်လက နောက်ခံလူ ဗာတွန်ဂန်(ယခု အသင်းပြောင်း)တို့လည်း လုယက် ခံခဲ့ရသေးသည်။

ဟယ်ရီကိန်းသည် ယခုဘောလုံးရာသီတွင် ပရီးမီးယားလိဂ် ခုနစ်ဂိုးအပါအဝင် ပြိုင်ပွဲစုံ ၁၄ ပွဲကစားကာ ၁၃ ဂိုး သွင်းယူထားသည်။

ဘာသာပြန်-ခွန်ဝဏ္ဏ
Ref:skynews

LEAVE A REPLY

Please enter your comment!
Please enter your name here