‘ စထုတ်ကတည်းက သူများနဲ့မတူအောင် အရည်အသွေးမြင့်မြင့်နဲ့ ရေရှည်စျေးကွက်ကိုမျှော်မှန်းပြီး ထုတ်ဖြစ်ခဲ့တာပါ ‘

1241

မန္တလေးမြို့ JINCHENG မော်တော်ဆိုင်ကယ်အရောင်းပြခန်း

အရောင်းတာဝန်ခံ ကိုစိုင်းကြံအောင်နှင့် တွေ့ဆုံခြင်း

မြန်မာနိုင်ငံမှာ နာမည်ကျော် ဆိုင်ကယ်အမှတ်တံဆိပ်တွေ နှစ်စဉ်ဝင်ရောက်လာပေမဲ့ ဆယ်စုနှစ် တစ်ခုကျော် အုပ်စိုးလာတဲ့ တရုတ်နိုင်ငံထုတ် ဆိုင်ကယ်တွေကတော့ ဒီနေ့အထိ စျေးကွက်နေရာရရှိမှု များပြားဆဲဖြစ်ပါတယ်။ ထူးခြားချက်တစ်ခုက ဒီနှစ်ထဲမှာ အရင်နှစ်တွေလို အရည် အသွေး လုံးဝညံ့တဲ့ တံဆိပ်သစ် တရုတ်ဆိုင်ကယ်တွေ ဝင်ရောက်မှု လုံးဝနည်းပါးသွားပြီး အရည်အသွေးကောင်းတဲ့၊ အင်ဂျင်အာမခံပါတဲ့ ဆိုင်ကယ်တွေပဲ တင်သွင်းသူ များလာပါတယ်။ အဲဒီထဲမှာ မကြာသေးခင်ကမှ ပြည်တွင်းစျေးကွက်ထဲ ဝင်ရောက်လာတဲ့ တရုတ် JINCHENG ဆိုင်ကယ်တွေလည်း အပါအဝင်ဖြစ်ပါတယ်။ ဒါကြောင့် JINCHENG ဆိုင်ကယ်တွေနဲ့ပတ်သက်ပြီး မန္တလေးမြို့ JINCHENG ဆိုင်ကယ်ကုမ္ပဏီ အရောင်းတာဝန်ခံ ကိုစိုင်းကြံအောင်နဲ့ တွေ့ဆုံမေးမြန်းဖြစ်ခဲ့တာတွေကို ပြန်လည်ကောက်နုတ်ဖော်ပြလိုက်ပါတယ်။

ကျော်ကျော်အောင် တွေ့ဆုံမေးမြန်းသည်။

Automobile  :             JINCHENG ဆိုင်ကယ်တွေကို ပြည်တွင်းစျေးကွက်ထဲ ဘယ်အချိန်က စဖြန့်ခဲ့တယ်ဆိုတာနဲ့ လက်ရှိရောင်းချနေတဲ့ ဆိုင်ကယ်အမျိုးအစားလေးတွေ ပြောပြပေးပါ …

K.S.K.A       : ၂ဝ၁၆ ခုနှစ်၊ စက်တင်ဘာလကစပြီး မန္တလေးအပါအဝင် နယ်တော်တော်များများမှာ စျေးကွက်ထဲ စဖြန့်ခဲ့တယ်။ အခုလက်ရှိမှာ MSX ၊ CBR ၊ Click ၊Scoopy i  လေးမျိုးပဲ အဓိကထုတ်ထားသေးတယ်။ ကျွန်တော်တို့ Jincheng မှာ သူများနဲ့မတူတဲ့ ဒီဇိုင်းနဲ့ ထုတ်ထားသလို အင်ဂျင်အာမခံလည်းပါတဲ့အပြင် စျေးလည်း သက်သက်သာသာနဲ့ ရောင်းချပေးနေပါတယ်။

Automobile  : အရင်တုန်းက နာမည်ကျော်အမှတ်တံဆိပ် ချန်ကျန်းကို မြန်မာနိုင်ငံကိုယ်စားလှယ် ယူခဲ့တယ်။ အခု JINCHENG နာမည်နဲ့ ကိုယ်ပိုင်အမှတ်တံဆိပ်သီးသန့်ထုတ်ဖြစ်တဲ့ ရည်ရွယ်ချက်လေး ပြောပြပေးပါဦး …

K.S.K.A       :  ချန်ကျန်းက Warranty သုံးနှစ် အာမခံပေးတယ်၊   အရည်အသွေးကောင်းတယ်။ ဒါပေမဲ့ အမျိုးအစား သုံးမျိုးပဲ ထုတ်ပေးတော့ မြန်မာနိုင်ငံစျေးကွက်နဲ့က အမျိုးအစားနည်းရင် အဆင်မပြေဘူး။ ဆိုင်တစ်ဆိုင်မှာ အမျိုးအစား သုံးမျိုးတည်းနဲ့ ရောင်းလို့မဖြစ်ဘူးလေ။ အဲဒါနဲ့ Jincheng  နာမည်နဲ့ ကိုယ့်တံဆိပ်နဲ့ကိုယ် ဖောက်မယ်ဆိုပြီး ထုတ်ဖြစ်သွားတာပါ။ စထုတ်ကတည်း က သူများနဲ့မတူအောင် အရည်အသွေးမြင့်မြင့်နဲ့ ရေရှည်စျေးကွက်ကို မျှော်မှန်းပြီးမှ ထုတ်ဖြစ်ခဲ့တာပါ။

Automobile  :             Jincheng ဆိုင်ကယ်တွေရဲ့ အားသာချက်က ဘာတွေရှိမလဲ …

K.S.K.A       :  တံဆိပ်က အခုမှ အသစ်အနေနဲ့သွင်းတာဆိုတော့ လူတွေက သိပ်တော့မသိကြသေးဘူး။ ဒါပေမဲ့ ကျွန်တော်တို့ဆိုင်ကို လာတာနဲ့ သေချာရှင်းပြပေးတယ်။ အားသာချက်က လက်ကိုင်ပိုင်းနဲ့ ရှေ့ရုပ်ထွက်ပိုင်းကို လုံးဝလှအောင် လုပ်ထားသလို အင်ဂျင် အာမခံကိုလည်း တစ်နှစ်ပေးထားတယ်။ ဆီစားနှုန်းကလည်း ပုံမှန်စားနှုန်းပဲ။ သူများတွေထက် များလည်းမများဘူး၊ နည်းလည်းမနည်းဘူး။ အင်ဂျင်ကောင်းတဲ့ ဆိုင်ကယ်တိုင်း ဆီစားနှုန်းနည်းတယ်ဆိုတာ မရှိဘူး။ အင်ဂျင်မှာယူတဲ့ စက်ရုံကလည်း တရုတ်မှာ အလယ်အလတ်တန်းစားဖြစ် သလို တကယ်လည်း အင်ဂျင်အရည်အသွေးကောင်းလို့ တစ်နှစ်အာမခံရဲတာ။ ဝယ်သွားပြီးရင် ဘယ်အချိန်ပဲလာပြင်ပြင် လက်ခအခမဲ့ လုပ်ပေးပါတယ်။ အပိုပစ္စည်းထည့်ရတဲ့စရိတ်ပဲ ယူတယ်။ Jincheng က တံဆိပ်သစ်ဆိုပေမဲ့ Spare Parts ကအစ အခက်အခဲမရှိအောင် လုပ်ထားတယ်။ လောလောဆယ်တော့ စသွင်းခါစဆိုတော့ MSX တစ်မျိုးကတော့ Spare Parts စုံနေပြီ။ ကျန်တဲ့အမျိုးအစားတွေလည်း မကြာခင်ဝင်တော့မယ်။  အဓိက ကတော့ ကျွန်တော်တို့ Showroom တွေမှာ Sales ၊ Service ၊ Spare Parts ပေးထားပါတယ်။

Automobile  : Jincheng  ဆိုင်ကယ်တွေကို မန္တလေးအပြင် ဘယ်မြို့တွေမှာ ဖြန့်ဖြူးပေးနေပြီလဲ။ ကုမ္ပဏီပိုင် Showroom ရော ဘယ်နှခု ရှိနေပြီလဲ …

K.S.K.A       :  Jincheng  ဆိုင်ကယ် Showroom တွေကို ပဲခူး၊ ညောင်လေးပင်၊ မုံရွာမြို့တွေမှာ တစ်ဆိုင်စီနဲ့ မန္တလေး မှာ နှစ်ဆိုင် အားလုံး ငါးဆိုင် ဖွင့်လှစ်ထားတယ်။ ဒါကတော့ ကုမ္ပဏီပိုင် Showroom တွေပေါ့။ ကုမ္ပဏီပိုင် မဟုတ်ဘဲနဲ့ နယ်တွေ မှာ Dealer ပေးတဲ့သူတွေလည်း အတော်လေးများနေပြီ။ နယ်တွေမှာ လာကမ်းလှမ်းကြတဲ့ ကုန်သည်တွေလည်း ရှိတယ်။

Automobile : အခု မြန်မာနိုင်ငံမှာ အရည်အသွေးနိမ့်တဲ့ တရုတ်ဆိုင်ကယ်တွေ အများအပြားဝင်ရောက်နေတဲ့အပေါ်ရော ဘယ်လိုမြင်လဲ …

K.S.K.A       : ကျွန်တော်တို့ မြန်မာပြည်က စျေးပေါတဲ့ဟာကြိုက်တယ်။ ဥပမာ- ငါးသိန်းတန် CZI က တစ်နှစ်ခံမယ်၊ လေးသိန်းကျော်တန်က ခြောက်လပဲခံမယ်ဆိုရင် အဲဒီလေးသိန်းကျော်တန်ပဲ ဝယ်စီးချင်ကြတာ။ ရေရှည် အသုံးခံမယ်ဆိုတဲ့ အရည်အသွေး မကြည့်ကြတော့ဘူး။ စျေးပဲ ကြည့်ကြတော့တာ။ မြန်မာပြည်အကြိုက်ကို လိုက်ပြီး တရုတ်ဘက်ကလည်းထုတ်တော့ အရည်အသွေးနိမ့်တဲ့ဆိုင်ကယ်တွေ တအားဝင်နေတယ်ဖြစ်ရော။ ကိုယ့်မြန်မာပြည်က စျေးတန်းမကြည့်ဘဲ အရည်အသွေးကောင်းတာပဲ အမြဲရွေးချယ်ကြည့်၊ တရုတ်ဘက်ကလည်းအရည်အသွေးကောင်းတာပဲ လိုက်သွင်းကြမှာပဲ။ သူများတွေ စျေးတန်းကြည့်ပြီး ဘယ်လောက်ပဲ လိုက်ထုတ်ထုတ် ကျွန်တော်တို့ကတော့ ကုမ္ပဏီဖြစ်တာရော၊ ရေရှည် လုပ်မှာရော ဖြစ်တဲ့အတွက် အရည်အသွေးကောင်းပြီး စျေးသင့်တဲ့ Jincheng ကိုပဲ ရောင်းချပေးနေပါတယ်။

Automobile    : Jincheng ဆိုင်ကယ်အတွက် ဘယ်လို ဝန်ဆောင်မှုတွေ ပေးထားလဲ …

K.S.K.A       :   ဆိုင်ကယ် စဝယ်တဲ့အချိန်မှာတော့ ဆိုင်ကယ်ဦးထုပ်တစ်လုံးနဲ့ ခွထုပ်ပဲ ထည့်ပေးတယ်။ အင်ဂျင်ကိုပဲ တစ်နှစ် Warranty ပေးထားတာဖြစ်လို့ ကျန်တဲ့အစိတ်အပိုင်းတွေဝယ်ပြီး တစ်ပတ်အတွင်း စီးရင်းနဲ့ သူ့အလိုလို ပျက်စီးသွားခဲ့တယ်ဆိုရင် အသစ်တစ်ခုနဲ့ အစားထိုးလဲလှယ်ပေးတယ်။ ဆိုင်ကယ်လဲတာ၊ တိုက်တာတို့ ဖြစ်တာမျိုးတော့မပါဘူးပေါ့။ နောက်တစ်ခုက ဆိုင်ကယ်ဝယ်သွားပြီး တစ်ခုခုဖြစ်လို့ လာပြင်ပြီဆိုရင် ဥပမာ ပြင်တာ တစ်ပတ်ကြာမယ်၊ ၁ဝ ရက်ကြာမယ်ဆိုရင် အဲဒီပြင်ဆင်နေတဲ့ကာလအတွင်း ဆိုင်ကယ်စီးစရာမရှိရင် ဆိုင်က ဆိုင်ကယ်တစ်စီးကို ခဏငှားပေးထားတယ်။ အဓိကက Customer တွေ အလုပ်သွားတာ၊ စျေးဝယ်သွားတာ စတဲ့ အပြင်သွားတဲ့အခါ အဆင်ပြေအောင်လို့ စီစဉ်ပေးဖြစ်တယ်။ နောက်တစ်ခုက လမ်းမှာစီးနေရင်းပျက်သွားလို့ Showroom မှာ လာပြင်ချင်တယ်ဆိုရင် ဆိုင်ကို ဖုန်းဆက်လိုက်တာနဲ့ ကုမ္ပဏီကနေ ပျက်တဲ့နေရာကို လာယူပေးတယ်။ ဒါကတော့ မန္တလေးမြို့တွင်းနဲ့ ကုမ္ပဏီပိုင် Showroom ရှိတဲ့ မြို့တွေမှာပေါ့။

Automobile  :             Jincheng ဆိုင်ကယ်တွေကို အရစ်ကျရောရောင်းပေးလား …

K.S.K.A       :  AGD ဘဏ်နဲ့ ချိတ်ဆက်ပြီး အရစ်ကျစနစ်နဲ့ ရောင်းချပေးပါတယ်။ ဘဏ်တိုးကတော့ ၉ ရာခိုင်နှုန်းပဲ။ ဥပမာ ၁ဝ သိန်းဆိုရင် စသွင်းတဲ့ ၃ဝ ရာခိုင်နှုန်းကို အတိုးမယူဘူး။ ကျန်တဲ့ ၇ဝ ရာခိုင်နှုန်းမှာ အတိုးက ၉ ရာခိုင်နှုန်း ပေါ့။

Automobile :              ရှေ့ဆက်Jincheng  ဆိုင်ကယ်တွေကို တစ်နိုင်ငံလုံး ဖြန့်မှာလား။ စျေးကွက် ဘယ်လိုထိုးဖောက်သွားမလဲ …

K.S.K.A       :  ကုမ္ပဏီအနေနဲ့ကတော့ နောက်ပိုင်း တစ်နိုင်ငံလုံးကို ဖြန့်နိုင်အောင် လုပ်မယ်။ မန္တလေးမှာလည်း ကုမ္ပဏီပိုင် Showroom က အခု နှစ်ဆိုင်ပဲ ရှိသေးတယ်။ ဒီနှစ်ထဲ မှာ ၁ဝ ဆိုင်အထိ တိုးချဲ့ဖွင့်သွားမယ်။ အခု မြေနေရာ ရှာနေတယ်။ နောက်ပိုင်း မြို့ကြီးရော၊ နယ်မှာရော Jincheng ဆိုင်ကယ်တွေ အလွယ်တကူဝယ်လို့ရအောင် ကုန်သည်တွေနဲ့ ချိတ်ဆက်လုပ်ကိုင်သွားမယ်။

Automobile  : Jincheng  ဆိုင်ကယ် ဝယ်ယူကြတဲ့ Customer  တွေနဲ့ လမ်းပေါ်မှာ ဆိုင်ကယ်စီးနေတဲ့သူတွေအတွက် စကားလက်ဆောင်လေး ပြောပေးပါဦး …

K.S.K.A       :  ကျွန်တော်တို့ကုမ္ပဏီက ဝန်ထမ်းတွေကို အပြင်မှာ Jincheng ဆိုင်ကယ်တွေ့တာနဲ့ လူချင်း သိသိ၊ မသိသိ ဝင်နှုတ်ဆက်ပါ။ ဆိုင်ကယ်စီးရတာ အဆင်ပြေလား စသဖြင့် မေးပါလို့ မှာထားတယ်။ ကျွန်တော်တို့ Showroom မှာ လာဝယ်တဲ့သူရော၊ လာပြင်တဲ့သူရော ကို စိတ်ရှည်ရှည်နဲ့ ဧည့်ခံဆောင်ရွက်ပေးပါတယ်။ Customer တွေကို မှာချင်တာက Jincheng ဆိုင်ကယ်ရဲ့အင်ဂျင် တစ်ခုခုဖြစ်ရင် ပြင်ပဝပ်ရှော့ထက် ကုမ္ပဏီမှာလာပြပါလို့ ပြောချင်ပါတယ်။ ဆိုင်ကယ်စီးသူ အားလုံးလည်း ယာဉ်အန္တရာယ်ကင်းပြီး စီးပွားလာဘ်လာဘတွေ တိုးပွားဖို့ ဆုမွန်ကောင်းတောင်းပေးပါတယ်။

 

Jincheng  ဆိုင်ကယ်အရောင်းပြခန်းကို ဆက်သွယ်ချင်တယ်ဆိုရင်တော့

အမှတ်- စျ (၆/၉၅)၊ မနော်ဟရီလမ်း၊ ၆ဝ× ၆၁ လမ်းကြား၊ မန္တလေးမြို့။

ဖုန်း ဝ၉-၉၆၆၉၃၇၆၆၆

LEAVE A REPLY

Please enter your comment!
Please enter your name here