စတိနံပါတ်ကားများထက် နံပါတ်ထွက်ပြီးသား ကားများသာ အရောင်းအဝယ်ဖြစ်နေသည့် ရန်ကုန်ကားစျေးကွက်

963

သကြင်္န်ကာလအပြီးတွင် ကားအရောင်းအဝယ်များ အေးစက်နေခဲ့သော်လည်း မေလဆန်းပိုင်းမှစ၍ နံပါတ်ထွက်ပြီးသား ၁၃ဝဝ စီစီကားများသာမက အရောင်းစင်တာများမှ တင်သွင်းထားသော စလစ်ကပ်ကားများပါ အရောင်းအဝယ် ပုံမှန်ပြန်ဖြစ်လာခဲ့သည်။ ရန်ကုန်လိုင်စင်ဖြင့် ကားဝယ်ယူခွင့်မူဝါဒထွက်ပေါ်ရန် ကြာမြင့်ဦးမည်ဖြစ်သည့်အပြင် ထူးခြားစွာ ပြောင်းလဲမှုမရှိသည့် အခွန်အကောက်ဥပဒေကြောင့်လည်း ကားစျေးများ မြင့်တက်နိုင်ဖွယ်မရှိသလို ကျဆင်းရန်လည်း မရှိကြောင်း ကားတင်သွင်းသူများက သုံးသပ်ထားကြသည်။ အများစုမှာ ရန်ကုန်လိုင်စင် ပြန်ထုတ်ပေးမည့် အချိန်ကိုသာ စောင့်ကြည့်နေကြသည့်အတွက် စတိနံပါတ်ကားများထက် နံပါတ်ထွက်ပြီးသားကားများသာ အရောင်းအဝယ် ပိုဖြစ်နေသည်။ ယခု ရက်ပိုင်းအတွင်း အဝယ်များ ပုံမှန်ဆင်းနေသည့်အတွက် ကားစျေးကွက် မှာ ပြန်လည်လည်ပတ်လာပြီဖြစ်ကြောင်း ကားအရောင်းအဝယ်ပြုလုပ်သူများက ဆိုသည်။ အင်ဂျင်ပါဝါ ၁၃ဝဝ စီစီကားများထဲတွင် Honda Fit ၊ Honda Fit Shuttle၊Toyota Axio ၊Toyota Belta စသည့် ကားများ အဝယ်လိုက်နေကြောင်း သိရသည်။

”ဒီရက်ပိုင်းမှာ အရောင်းအဝယ်တွေ ပြန်ကောင်းလာပါတယ်၊ နံပါတ်ထွက်ပြီးသားကားတွေ ပိုပြီးအရောင်းအဝယ်ဖြစ်တယ်၊ ၁၃ဝဝ စီစီ ကားတွေထဲမှာ ရန်ကုန်လိုင်စင် Honda Fit Shuttle ၊ Honda Fit GK 3   တို့ ရောင်းရတယ်၊ တခြား နံပါတ်ထွက်ပြီးသားကားတွေလည်း သူ့စျေးကွက်နဲ့သူ အရောင်းအဝယ်ဖြစ်ပါတယ်၊ နံပါတ်မယူရသေးတဲ့ စလစ်ကပ်ကားတွေကတော့ သိပ်ပြီးအရောင်းအဝယ်မဖြစ်ဘူး၊ နောက်ပြီး ၆၆ဝ စီစီ လုပ်ငန်းသုံးကားတွေလည်း အရောင်းအဝယ်ပြန်အေးသွားတယ်၊ နယ်လိုင်စင်ကားတွေကို မြို့ဝင်ကြေးကောက်မယ်ဆိုရင် ကောက်ခံတဲ့နှုန်းထားအပေါ် မူတည်ပြီး နယ်ကားတွေရဲ့စျေးကွက်က အပြောင်းအလဲရှိနိုင်ပါတယ်၊ ကောက်ခံတဲ့နှုန်းထားနည်းရင် ပြသာနာမရှိပေမဲ့ ကောက်ခံတဲ့နှုန်းထား များမယ်ဆိုရင်တော့ ရန်ကုန်လိုင်စင်နဲ့ နယ်လိုင်စင်ကားတွေရဲ့ကြားမှာ စျေးကွာဟချက် ပိုများသွားနိုင်ပါတယ်၊ ဘီးခွန်တွေ အများကြီးကောက်ထားပြီးသားဆိုတော့ မြို့ဝင်ကြေးထပ်ကောက်ခံမယ်ဆိုရင် သင့်တင့်မျှတတဲ့ နှုန်းထားတစ်ခုနဲ့ပဲ ကောက်ခံစေချင်ပါတယ်”ဟု ‘RIXS Group ‘ မန်နေးဂျင်းဒါရိုက်တာ ကိုအောင်မျိုးသူက ဆိုသည်။

ယခုရက်ပိုင်းအတွင်း ကားအရောင်းစင်တာများတွင်လည်း  ရန်ကုန် အဝယ်သာမက နယ်အဝယ်များပါ ဆင်းသည့်အတွက် အရောင်းအဝယ်  ပုံမှန်ပြန်ဖြစ်လာကြောင်း သိရသည်။ လက်ရှိမူဝါဒအရ တင်သွင်းရန်ကားရှားပါးနေချိန်တွင် ဂျပန်ကားဟောင်းစျေးကွက်မှာ ဆက်လက်ဦးဆောင်နေဦးမည် ဖြစ်သည်။ ကားအရောင်းစင်တာအများစုမှာ နံပါတ်ထွက်ပြီးသား Crown ၊Mark II ၊Premio ၊Alphard ၊ Kluger စသည့်ကားများကို အဓိကထားပြီး အရောင်းအဝယ်ပြုလုပ်နေကြသည်။ နံပါတ်ထွက်ပြီးသား အမြင့်ကားအချို့ အရောင်းအဝယ် ဖြစ်နေသော်လည်း Consignment ပါမစ်ဖြင့်တင်သွင်းထားသည့် စတိနံပါတ်ကားများမှာမူ ဝယ်လက်နည်းပါးနေကြောင်း သိရသည်။

”ဒီရက်ပိုင်းမှာ ၁၃ဝဝ စီစီ စတိနံပါတ်ကားတွေနဲ့ နံပါတ်ထွက်ပြီးသား အမြင့်ကားတွေ အရောင်းအဝယ်ဖြစ်ပါတယ်၊ ၁၃ဝဝ စီစီကားတွေထဲ မှာ ဆိုရင် Honda Fit GK 3 နဲ့ Toyota Axio တို့ အရောင်းအဝယ်ဖြစ်တယ်၊ နယ်အဝယ်တွေလည်း ပြန်ဆင်းလာပါတယ်၊ ရန်ကုန်အဝယ်တွေကြတော့ Brand New ကားတွေနဲ့ချိန်ဆပြီး ဝယ်ကြတယ်၊ နယ်ကားတွေကို မြို့ဝင်ကြေး ဘယ်လောက်ကောက်မလဲဆိုတာ မသိသေးတဲ့အတွက် လောလောဆယ်တော့ နယ်လိုင်စင်ကားတွေရဲ့စျေးကွက်က ထူးထူးခြားခြားအပြောင်းအလဲမရှိသေးဘူး၊ နယ်အဝယ်တွေက ရန်ကုန်ဆင်းပြီးဝယ်ရင် ပြန်ရောင်းလို့လွယ်တဲ့ ရန်ကုန်လိုင်စင်ကားကိုပဲ ဝယ်ကြတာများတယ်၊ အခုအချိန်မှာ လိုအပ်တဲ့သူတွေက ကားတွေ ပြန်ဝယ်လာကြတဲ့အတွက် စျေးကွက်က အကောင်းကြီးမဟုတ်ရင်တောင် ပုံမှန်တော့ အရောင်းအဝယ်ဖြစ်ပါတယ်၊ မူဝါဒတွေငြိမ်နေပြီး အခွန်အပြောင်းအလဲကလည်း ကြီးကြီးမားမားမရှိတဲ့အတွက် ဒီရက်ပိုင်းမှာ လိုအပ်တဲ့သူတွေ ပြန်ဝယ်လာကြတယ်၊ ရန်ကုန်မှာ ကားဟောင်းစျေးကွက်နဲ့ Brand New ကားတွေရဲ့ ရောင်းလိုအားက ၅ဝ ရာခိုင်နှုန်းစီ ဖြစ်နေတယ်၊ အဟောင်းဝယ်တဲ့သူနဲ့ အသစ်ဝယ်တဲ့သူက မျှနေပါတယ်၊ ကျောင်းဖွင့်ရာသီနီးလာရင်တော့ ကားစျေးကွက် ပိုကောင်းလာဖို့ရှိပါတယ်”ဟု ကားဝယ်/ရောင်း ကိုသောမတ်ကိုကိုက ဆိုသည်။

ကားစျေးကွက်အတွင်း ၁၃ဝဝ စီစီ စတိနံပါတ်ကားများ အရောင်းအဝယ်ပြန်ဖြစ်လာသည့်အတွက် စလစ်စျေးများပြန်လည်လှုပ်ခတ်လာပြီး ယခုရက်ပိုင်းအတွင်း ရန်ကုန်လိုင်စင် သက်တမ်းနှစ်နှစ်ဆယ် စလစ် တစ်စောင်လျှင် ကျပ် ၁၂၆ သိန်းဝန်းကျင်နှင့် တိုက်ကြေစလစ်တစ်စောင်လျှင် သိန်းတစ်ရာဝန်းကျင် ပေါက်စျေးရှိကြောင်း စျေးကွက်အတွင်းမှ သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here