စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေများအတွက် စက်တင်ဘာလအတွင်း ပုံစံ ပတခ (ဝင)-၁ ဖြင့် ကြေညာလွှာ တင်သွင်းပြီးပါက အခွန်ငွေပေးသွင်းခြင်းကို ဒီဇင်ဘာ ၃၀ ရက်အထိ ခွင့်ပြုပေးမည်

175

 

ရန်ကုန်၊ စက်တင်ဘာ ၂၂

စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေများအတွက် စက်တင်ဘာလ(ယခုလ)အတွင်း ပုံစံ ပတခ (ဝင)-၁ ဖြင့် ကြေညာလွှာ တင်သွင်းပြီးပါက အခွန်ငွေပေးသွင်းခြင်းကို ဒီဇင်ဘာ ၃၀ ရက်အထိ ခွင့်ပြုပေးမည် ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန(​နေပြည်​​တော်)မှ တာ၀န်ရှိသူတစ်ဦး၏ ဖြေကြားချက်အရ သိရသည်။

စည်းကြပ်မှုမှ လွတ်ကင်း​နေ​သော ဝင်ငွေများအတွက် ၂၀၁၉ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေအရ လျှော့ပေါ့​ပေးထား​သော အခွန်နှုန်းထားများကို စက်တင်ဘာ ၃၀ ရက်​နေ့အထိသာ ခံစားခွင့်ရရှိမည် ဖြစ်သည်။ ထို့ကြောင့် ယင်းနေ့ အမီ နောက်ဆုံးထား၍ ဘဏ်သို့ငွေပေးသွင်းရမည် ဆိုသည့် ဖော်ပြချက်အရ မြန်မာ့စီးပွားရေးဘဏ်တွင် စုပြုံ ငွေပေးသွင်းလျက် ရှိ​​ကြောင်း သိရသည်။

“သက်ဆိုင်ရာအခွန်ရုံးမှာ ဝင်ငွေကြေညာလွှာတင်ပြီး လက်ခံဖြတ်ပိုင်း (ပတခ (ဝင)-၁)ရရင် လူကိုယ်တိုင် စောင့်စရာမလိုတော့ဘူး၊ အခွန်ရုံးက စိစစ်ပြီးရင်လိုအပ်တာကို ဖုန်းနဲ့သော်လည်းကောင်း၊ အီး​မေးလ်နဲ့ သော်လည်းကောင်း ဆက်သွယ်​​​ဆောင်ရွက်ပြီး ငွေသွင်းချလန် ထုတ်​ပေးမှာပါ၊ စည်းကြပ်မှုမှလွတ်ကင်း​နေ​သော ဝင်ငွေအတွက် ကြေညာလွှာကိုတော့ စက်တင်ဘာ ၃၀ ရက်​နေ့ နောက်ဆုံးထားပြီး တင်ရမှာပါ၊ ၂၀၁၉ ခုနှစ် ပြည်ထောင်စု ၏ အခွန်အကောက်ဥပဒေအရလျှော့ပေါ့ ​ပေးထား​သော အခွန်နှုန်းထားနဲ့ အခွန်ငွေပေးသွင်းတာကို​တော့ ဒီဇင်ဘာ ၃၀ ရက်အတွင်း ပေးသွင်းနိုင်ပါတယ်”ဟု ပြည်တွင်းအခွန်များဦးစီးဌာန(​နေပြည်​​တော်)မှ တာ၀န်ရှိသူတစ်ဦးက ​​ပြောသည်။

Covid-19 ​ရောဂါ ကူးစက်မှုအခြေအနေများကြောင့် လူစုလူဝေးများ မဖြစ်စေရန် ​​ငွေသွင်းချလန်​ပေါ်တွင် စက်တင်ဘာ ၃၀ ရက်​နေ့ နောက်ဆုံးထား၍ ဘဏ်သို ပေးသွင်းရမည် ဆို​သော်လည်း ပုံစံ ပတခ (ဝင)-၁ ဖြင့် ကြေညာလွှာ တင်သွင်းပြီးပါက အခွန်ငွေပေးသွင်းခြင်းကို ဒီဇင်ဘာ ၃၀ ရက်အထိ ခွင့်ပြုပေးမည်ဖြစ်​​ကြောင်း သိရသည်။

ဆန်းသစ်​အောင်

LEAVE A REPLY

Please enter your comment!
Please enter your name here