စည်းကမ်းမလိုက်နာသည့် YBS ကုမ္ပဏီများကို အရေးယူမှု စတင်မည်

829

ရန်ကုန်၊ဖေဖော်ဝါရီ
စည်းကမ်းချက်များ မလိုက်နာ သည့် YBS အများပိုင်ကုမ္ပဏီများ ကို အရေးယူမှု စတင်တော့မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ် ကဲမှု အာဏာပိုင်အဖွဲ့မှ သိရသည်။

လက်ရှိ ဖွဲ့စည်းထားသည့် YBS အများပိုင်ကုမ္ပဏီများ အပါအဝင် ဖွဲ့စည်းရန် ပြင်ဆင်နေသည့် ကုမ္ပဏီများအားလုံးအတွက် လိုက်နာရန် စည်းကမ်းချက်များ ချမှတ် ထားပြီးဖြစ်ပြီး စည်းကမ်းမလိုက်နာသည့် ကုမ္ပဏီများကို အရေးယူမှု မကြာမီ စတင်မည်ဖြစ်ကြောင်း သိရသည်။

” YBS ကုမ္ပဏီတွေအတွက် စည်းကမ်းချက်တွေရှိတယ်၊ လိုအပ်တာလည်းထည့်ဖြည့်ပြီး ထုတ်ပြန်မယ်၊ အဲဒီစည်းကမ်းချက်ကို အများပိုင်ကုမ္ပဏီအားလုံး လိုက်နာရမယ်၊ YBS ယာဉ်လိုင်းတွေကို တာဝန်ယူပြေးဆွဲချင်တဲ့ ကုမ္ပဏီတွေ ကချမှတ်ထားတဲ့ စည်းကမ်းချက် တွေကို လိုက်နာနိုင်မှရမယ်၊ မလိုက်နာနိုင်တဲ့ ကုမ္ပဏီကိုတော့ ဖောက်ဖျက်တဲ့ စည်းကမ်းအပေါ်မူတည်ပြီး အရေးယူမယ်၊ ဒါကို မကြာခင် စတင်တော့မှာပါ”ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

YBS အများပိုင်ကုမ္ပဏီများ အတွက် စည်းကမ်းချက်များမှာ ခရီးသည်များအား ဝန်ဆောင်မှု အပြည့်အဝပေးရန် အဓိကချမှတ် ထားပြီး သတ်မှတ်ချိန်အတိုင်း ပြေးဆွဲပေးရန်၊ ယာဉ်အကူမပါရှိရန်၊ သတ်မှတ်ထားသည့် ယာဉ်စီးခနှင့် လမ်းကြောင်းအတိုင်း ပြေးဆွဲပေးရန်နှင့် အခြားစည်းကမ်းချက်များ ပါဝင်ကာ ယင်းစည်းကမ်းချက်များအား မလိုက်နာသည့် ကုမ္ပဏီများ ကို အရေးယူတော့မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် YBS ကုမ္ပဏီ ၂၂ ခု ရှိနေပြီး ယာဉ်လိုင်းကိုးဆယ် ကျော်၊ ယာဉ် အစီးရေ လေးထောင် ကျော်ဖြင့် ပြေးဆွဲနေခြင်းဖြစ်ကြောင်း သိရသည်။
ကြည်ပြာ

LEAVE A REPLY

Please enter your comment!
Please enter your name here