စည်းကမ်းဖောက်ဖျက်မှုများပြီး ဝန်ဆောင်မှုမပေးနိုင်သည့် ပုဂ္ဂလိကယာဉ်များကို YBS ယာဉ်လိုင်းထဲမှ  ထုတ်ပယ်ရန်  စစ်တမ်းကောက်ယူနေ

701

ရန်ကုန်၊ မေ

ရန်ကုန်မြို့အတွင်း ပြေးဆွဲနေသည့် YBS ယာဉ်များထဲမှ စည်းကမ်းဖောက်ဖျက်မှုများပြီး ဝန်ဆောင်မှု မပေးနိုင်သည့် ပုဂ္ဂလိကယာဉ်များကို  ယာဉ်လိုင်းထဲမှ ထုတ်ပယ်ရန် စစ်တမ်းကောက်ယူနေပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ သိရသည်။

YBS ယာဉ်များ စည်းကမ်းလိုက်နာခြင်း ရှိ၊မရှိနှင့်ပတ်သက်၍ YRTA မှ စည်းကမ်းထိန်းသိမ်းရေး ယာဉ် ၁၃ စီးဖြင့် စောင့်ကြည့်စစ်ဆေးနေပြီး  စည်းကမ်းဖောက်ဖျက်မှုများ၍ ဝန်ဆောင်မှုမပေးနိုင်သည့် ပုဂ္ဂလိက ယာဉ်လိုင်းများကို ယာဉ်လိုင်းထဲမှ ထုတ်ပယ်ရန် စစ်တမ်းကောက်ယူနေကာ အရေးယူမှုကို ယခုနှစ်အတွင်း အကောင်အထည်ဖော်မည်ဖြစ်ကြောင်း သိရသည်။

”စည်းကမ်းဖောက်ဖျက်တဲ့ YBS ယာဉ်တွေကို အမြဲစောင့်ကြည့်နေပါတယ်၊ စည်းကမ်းမလိုက်နာတဲ့ ယာဉ်တွေကိုလည်း အရေးယူမှုတွေ ပြုလုပ်နေပါတယ်၊ ဒီကားတွေကို စစ်တမ်းကောက်ယူထားပြီး ယာဉ်လိုင်းတွေထဲကနေ ထုတ်ပယ်ဖို့ စီစဉ်နေပါတယ်၊ ပြစ်မှုကျူးလွန်တဲ့ယာဉ်တွေထဲမှာ ပုဂ္ဂလိကပိုင်ယာဉ်တွေ အများဆုံး ပါဝင်ပါတယ်၊ ပုဂ္ဂလိကယာဉ်တွေက ပိုက်ဆံရဖို့အတွက်ပဲ ဦးစားပေးပြီး လုပ်ကြတယ်၊ ပိုက်ဆံရဖို့ပဲ စဉ်းစားနေတဲ့အတွက် ဝန်ဆောင်မှု မပေးနိုင်ဘူးဖြစ်နေတယ်၊ ဒီလိုစည်းကမ်းမလိုက်နာတဲ့ ယာဉ်တွေကိုတော့ YBS ယာဉ်လိုင်းတွေထဲကနေ ထုတ်ပယ်မှာဖြစ်ပါတယ်”ဟု ‘ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့’ အတွင်းရေးမှူး ဒေါက်တာ မောင်အောင်က ပြောသည်။

ပုဂ္ဂလိကယာဉ်ပိုင်ရှင် အများစုသည် ဝန်ဆောင်မှုထက် တစ်နေ့ဝင်ငွေကိုသာ မျှော်လင့်နေသည့်အတွက် အများပိုင်အဖြစ်ပြောင်းလဲရန် အခက်အခဲတစ်ခုဖြစ်နေသည်။ လက်ရှိတွင် ပုဂ္ဂလိကယာဉ်ပိုင်ရှင်များကို ဘုံစနစ် ကျင့်သုံးရန် ညွှန်ကြားထားပြီး လိုက်နာမှုမရှိပါက YBS ယာဉ်လိုင်းမှ ထုတ်ပယ်မည် ဖြစ်ကြောင်း သိရသည်။

လက်ရှိ ရန်ကုန်မြို့တွင်း၌ YBS ယာဉ်လိုင်းပေါင်းကိုးဆယ်ကျော်ရှိပြီး ကုမ္ပဏီ  ၂၁ ခုမှ ယာဉ်အစီးရေ ငါးထောင်ဝန်းကျင်ဖြင့် ပြေးဆွဲနေကာ ယင်းထဲတွင် အစီးတစ်ထောင်ဝန်းကျင်မှာ တစ်ဦးပိုင် ယာဉ်များဖြစ်ကြောင်း သိရသည်။

ကြည်ပြာ

LEAVE A REPLY

Please enter your comment!
Please enter your name here