စည်းကမ်းကောင်းသော တိုင်းပြည်ဖော်ဆောင်မည်လော၊ သို့တည်းမဟုတ် ဥပဒေမဲ့ ဆိုင်ကယ်စီးနင်းမှုများ ဆက်လက်ရှင်သန်စေမည်လော

227

 

ရန်ကုန်မြို့၏ ဆင်ခြေဖုံးလမ်းမကြီးတစ်ခု၊ ညနေ နေဝင်ရီတရောအချိန် အလုပ်သွားအလုပ်ပြန်တို့ဖြင့် မထသကားများ၊ ကိုယ်ပိုင်ကားများ၊ ဆိုင်ကယ်များ ရှုပ်ထွေးနေဆဲအခိုက်အတန့် …
ဘတ်စ်ကားမှတ်တိုင်အနီး မီးပွိုင့်မရှိသည့် လမ်းလေးခွဆုံတစ်ခုတွင် လမ်းမကြီးပေါ်မှာ ရပ်ကွက်လမ်းသို့ ကွေ့ရန် အရှိန်လျှော့လာသည့် လူနှစ်ဦးကိုတင်ဆောင်လာသော ဆိုင်ကယ်လေးသည် တဖြည်းဖြည်းချင်း ရပ်တန့်သွားသည်။ အကြောင်းရင်းမှာ ထိုဆိုင်ကယ်လေးကို ယူနီဖောင်း ဝတ်နှစ်ဦးက တားဆီးရပ်တန့်ခိုင်းသောကြောင့် ဖြစ်သည်။ ထိုသူများက အနီးသို့ချဉ်းကပ်လာပြီး ဆိုင်ကယ်ပေါ်က ဆင်းခိုင်းပါသည်။ အကြောင်း ရင်းကိုမေးရာ ဆိုင်ကယ်မစီးရနေရာဖြစ်၍ ဆိုင်ကယ်ကိုထားခဲ့ရန် ပြောသည်။ ထိုအခါ ဆိုင်ကယ်စီးနင်းလာသူ လူငယ်စုံတွဲမှ “အစ်ကိုရယ်…မလုပ်ပါနဲ့၊ ဒါလေးနဲ့ အလုပ်သွားပြန်လုပ်နေရတာပါ၊ စက်ဘီးနဲ့သွားလို့ မဖြစ်နိုင်လို့ပါ၊ လိုင်းကားမရှိတဲ့ စက်မှုဇုန်ထဲ အလုပ်ဆင်းရလို့ပါဗျာ”ဟု တောင်းတောင်းပန်ပန် ပြောနေလေတော့သည်။ ထိုသူများထဲမှ တစ်ဦးက စိတ်မရှည်ဟန်ဖြင့် “ညီလေးဆိုင်ကယ်ကိုထားပြီး ပြန်တော့၊ ဆက်ပြောနေရင် ညီတို့ပိုဆိုးမှာစိုးလို့ ထားခဲ့လိုက်တော့”ဟု ဆိုလိုက်တော့မှ “ဟုတ်ဟုတ် အစ်ကို”ဟုဆိုကာ ဆိုင်ကယ် စီးလာသူ စုံတွဲလေးမှာ ၎င်းတို့၏ ဆိုင်ကယ်လေးအား နှမြောတသသော အကြည့်တစ်ချက်ဖြင့်ကြည့်ရင်း တစ် ယောက်လက် တစ်ယောက်ဆုပ်ကိုင်ကာ ခပ်သုတ်သုတ်နှင့် လမ်းဆင်းလျှောက်သွား တော့သည်။ ထိုသို့အဖြစ် အပျက်မျိုးမှာ ထိုလမ်းမကြီးတွင် မကြာခဏ ရှိခဲ့သည်။ ထို့ ကြောင့်လည်း တရားမဝင်ဆိုင်ကယ်များ၊ ဘက်ထရီဆိုင်ကယ်များ စီးနင်းမှုလျော့ကျခဲ့ သည်။ ထိုကဲ့သို့ဖြင့် ရန်ကုန်စည်ပင်သာယာနယ်နိမိတ်အတွင်း ဆိုင်ကယ်စီးနင်းခွင့်မရှိဟူသည့် အမိန့်အကြား ဆက်ဆံရေး အဆင်မပြေသည့် မထသစပယ်ယာတို့၏ သြဝါဒများကိုခံယူရင်း အများပြည်သူသုံးသယ်ယူပို့ဆောင်ရေးစနစ်ကိုသာ ကြိတ်မှိတ်အသုံးပြုနေကြရသည့် ယင်းသို့သော နင်းပြားဘဝများ မြောက်မြားစွာရှိခဲ့ကြသည်။
ယခုအစိုးရလက်ထက်တွင်တော့ ထိုလမ်းမကြီး၏ အဆိုပါလမ်း ဆုံတွင် မီးပွိုင့်ဖြစ်နေခဲ့ပြီ။ မထသမှပြောင်းလဲခဲ့သည့် YBS ယာဉ်ကြီးများ သည်လည်း အများပြည်သူသုံးသယ်ယူပို့ဆောင်ရေးကဏ္ဍ၌ ပါဝင်ထမ်း ဆောင်နေပြီ။ စပယ်ယာမပါသော မော်တော်ယာဉ်ကြီးများတွင် အဲကွန်း အေးစိမ့်ကာဖြင့် လိုရာခရီးသို့ ပြည်သူများ စိတ်ချမ်းမြေ့စွာ သွားလာစီးနင်း နေပေပြီ။ သို့ရာတွင် ၂၀၁၉ ခုနှစ် နှစ်ကုန်မှစကာ ကမ္ဘာ့ကပ်ရောဂါကြီး ကူးစက်ပျံ့နှံ့လာပြီး မြန်မာနိုင်ငံသို့ ရောက်ရှိလာချိန်တွင်တော့ အရှိန် အဟုန်ဖြင့် ဖွံ့ဖြိုးအောင်လုပ်ဆောင်နေသည့် ရန်ကုန်မြို့ အများပြည်သူ သယ်ယူပို့ဆောင်ရေး၏ အဓိကစနစ်ဖြစ်သည့် YBS ယာဉ်လိုင်းများသည် ခရီးသည်စီးနင်းမှု လျော့ကျခြင်း၊ ကူးစက်ရောဂါကြောင့် ဦးရေအကန့် အသတ်ဖြင့်စီးနင်းရန် လုပ်ဆောင်ရခြင်း၊ စီးနင်းမှုနည်းပါးသောကြောင့် ဝင်ငွေထိခိုက်လာသည့်အတွက် ယာဉ်လိုင်းများ ရပ်နားလာရခြင်းများ ကြုံတွေ့လာရသည်။ ကိုဗစ်ကာလများတွင် ကူးစက်မှုနှုန်းလျော့ကျသည့်အခါတိုင်း စားဝတ်နေရေးအတွက် မဖြစ်မနေအလုပ်ထွက်လုပ်ကြရသည့် အလုပ်သမားများ ပြန်လည်တိုးတက်လာသော်လည်း နာလန်ပြန်လည် ထူရန် ကြိုးစားနေရသည့် YBS ယာဉ်လိုင်းများအနေဖြင့် အစီးရေအပြည့်အဝ မထွက်ရှိနိုင်သေးပေ။ ထို့အတွက် ခရီးသည်များအကြား Social Distancing ဆိုသည်မှာ အဆိုပါယာဉ်များပေါ်တွင် လိုက်နာရန်မဖြစ်နိုင်သည့် အခြေအနေမျိုးဖြစ်ရုံမျှမက မထသခေတ်ကကဲ့သို့ မဖြစ်မနေ အခြေအနေဖြင့် ကျပ်ကျပ်သိပ်သိပ်စီးနေရသည့် ယာဉ်လိုင်းများလည်း ရှိနေသည်။ ထို့ပြင် ည ၇ နာရီခွဲ နောက်ပိုင်းဆိုလျှင် အလုပ်သမားများ အိမ်ပြန်ဖို့ရန်အတွက် ယာဉ်လိုင်းရှားပါးမှုများကို နေရာတော်တော်များ များတွင် ကြုံတွေ့နေရပြီး မထသကြီးစိုးစဉ်ခေတ်ကကဲ့သို့ ထူးမခြားနားပင် အောက်ဆိုက်ကားများ၊ စုပေါင်းတက္ကစီများ၊ တက္ကစီစင်းလုံးငှားပြီး တားမြစ်ထားသည့် သတ်မှတ်ချိန်အရောက် ပြန်ရမှုများလည်းရှိနေပြန်ရာ ကို ဗစ်ရောဂါဂယက်ကြောင့် လစာများ ပုံမှန်ထက်လျော့ကျနေကြရသည့် အောက်ခြေနှင့် အလတ်အလတ်တန်းစားအလုပ်သမားများအဖို့ နေ့စဉ်ပင် သွားလာစရိတ်အတွက် ငွေကုန်ကြေးကျပိုများနေစေသည်။ အဆိုးရွားဆုံးမှာ Social Distancing မရှိသည်ဖြစ်သည့်အတွက် အခန့်မသင့်၍ ရောဂါ ကူးစက်မှုများရှိလာလျှင် ၎င်းတို့အပြင် နောက်ဆက်တွဲအနေဖြင့် မိသားစုဝင်အမြောက်အမြားပါ လျင်မြန်စွာကူးစက်ခံရပြီး နိုင်ငံ၏ကျန်းမာရေးစရိတ် များလည်း ပိုမိုကုန်ကျမည်ဖြစ်သကဲ့သို့ ကူးစက်ခံရသူပြည်သူများသည်လည်း ကံမကောင်းလျှင် အသက် ဆုံးရှုံးကြရမည်ဖြစ်သည်။ ထိုသို့သော အခြေအနေမျိုးအတွက် အစိုးရအနေဖြင့် အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်ကို ပြန်လည်ထူထောင်လာအောင် ကူညီရွက်ဆောင်ပေးရန် လိုအပ်နေပြီဖြစ်ပါသည်။
ယခုဖြစ်ပေါ်နေသည့် ကပ်ရောဂါသည် မည်သည့်နှစ်ကာလအထိ ကြာရှည်ဦးမည်ဆိုသည်မှာ မှန်းရခက်သည့် ပုစ္ဆာတစ်ရပ် ဖြစ်သည်။ ကပ် ရောဂါထိန်းချုပ်နေသည့် ကာလတွင် ရောဂါကူးစက်မှုကျဆင်းစေရန် လူစုလူဝေးဖြစ်စေသည့် မလွန်ဆန်နိုင်သော ကိစ္စရပ်များကို အစွမ်းကုန် လျှော့ချပေးရေးမှာ အစိုးရတွင်တာဝန်ရှိသည်။ စားဝတ်နေရေးကျပ် တည်းနေချိန်တွင် ကပ်ရောဂါပိုမို ထူပြောလာပါက ပြည်သူများပို၍အခက် တွေ့မည့်အပြင် အသက်ဆုံးရှုံးမှုကြောင့် လူ့စွမ်းအားအရင်းအမြစ်များလည်း လျော့ကျမည်ဖြစ်ရာ အခြေအနေမဆိုးဝါးခင် ပြုပြင်သင့်သည်များ၊ ပြုလုပ် ပေးသင့်သည်များကို အမှန်ကန်ဆုံးဆောင်ရွက်သင့်လှပေသည်။ အများ ပြည်သူသယ်ယူပို့ဆောင်ရေး အားလျော့နေချိန်တွင် ရောဂါကူးစက်မှု ရှောင်ရှားသည့် ပြည်သူများမှာ ဆိုင်ကယ်များ၊ ဘက်ထရီဆိုင်ကယ်များကို ရွေးချယ်လာကြသည်။ သို့သော် ဆိုင်ကယ်မစီးရကန့်သတ်နယ်မြေတွင် ဥပဒေ မဲ့စီးနင်းကြရသည်ဖြစ်ရာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း စနစ် ကျနမှုများအပေါ် ဥပေက္ခာပြုလာကြသည်။ သတ်မှတ်လိုင်စင်များ မပြု လုပ်ကြရသည့်အတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းပိုင်းဆိုင်ရာမှာပါ အထူးအားနည်းပါသည်။ အတင်းဝင်/အတင်းဖြတ်ထွက်၊ နောက်ကြည့်မှန် မပါ၊ အချက်ပြမီးများမကောင်း၊ ရှေ့မကြည့်/နောက်မကြည့် မောင်းနှင်မှု များလည်းရှိသည်။ ၂၀၂၀ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှု ဥပဒေတွင် စက်အားကိုဖြစ်စေ၊ လျှပ်စစ်အားကိုဖြစ်စေ၊ အခြား စွမ်းအင်တစ်မျိုးမျိုးကိုဖြစ်စေ အသုံးပြုသောယာဉ်များတွင် မော်တော်ဆိုင် ကယ်လည်းပါဝင်ကြောင်း ဖွင့်ဆိုရှင်းပြထားသည်။ အဆိုပါယာဉ်ကို မှတ်ပုံတင်ရမည်ဖြစ်ပြီး မှတ်ပုံတင်နံပါတ်ပြားကိုလည်း မော်တော်ဆိုင်ကယ်၏ မှတ်ပုံတင်အမှတ်ကို ဖော်ပြလျက် မော်တော်ဆိုင်ကယ်၏ အနောက်တွင် တပ်ဆင်အသုံးပြုရမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင်ပါဝင်သည်။ ထို့ပြင် မော်တော်ဆိုင်ကယ်စီးနင်းသူ မည်သူမှနောက်ကြည့်မှန်နှင့် အိပ် ဇောရှိ အသံထိန်းကိရိယာမပါဘဲ မမောင်းနှင်ရ၊ ဆိုင်ကယ်စီးနင်းလျှင် ရှေ့မီးအနိမ့်ကို နေ့၊ ညအချိန်တိုင်း ဖွင့်၍မောင်းနှင်ရမည်။ ဆိုင်ကယ် မောင်းနှင်သူနှင့် စီးနင်းသူတို့သည် သတ်မှတ်ထားသော စံချိန်စံညွှန်းနှင့် ကိုက်ညီသည့် ဆိုင်ကယ်စီးဦးထုပ်ကို မေးသိုင်းကြိုးသေချာစွာမတပ်ဘဲ မမောင်းနှင်ရဟုသာ စည်းကမ်းချမှတ်လမ်းညွှန်ထားပြီး ယင်းစည်းကမ်းတစ် ရပ်ရပ်ကိုဖောက်ဖျက်ပါက ကျပ်သုံးသောင်းထက်မပိုသော ငွေဒဏ်ချမှတ်ရ မည်ဟု ပြစ်ဒဏ်ထုတ်ပြန်ထားသည်။ သက်ဆိုင်ရာ ယာဉ်မောင်းလိုင်စင်၊ ယာဉ်လိုင်စင်၊ ယာဉ်နံပါတ်ပြားများစသဖြင့် အထောက်အထားများ လုံလောက်စွာပါရှိမှသာ စီးနင်းခွင့်ပြုရန်စသဖြင့်ပါရှိသည်။ ယင်းသို့ စည်းကမ်းချက်များအတိုင်းသာ စီးနင်းခွင့်ပြုမည်ဆိုပါက မဖြစ်မနေလိုအပ် ၍ အသုံးပြုနေကြရသူများအနေဖြင့် တစ်ဝမ်းတစ်ခါးရှာဖွေရာတွင်လည်း ကောင်း၊ မိသားစုဝမ်းရေးဖြေရှင်းရာတွင် လည်းကောင်း ပို၍လွယ်ကူမည် ဖြစ်ပါသည်။ လိုင်စင်မဲ့စီးနင်းမှုများ၊ နယ်ကျော်စီးနင်းမှုများ၊ စည်းပျက်ကမ်းပျက်စီးနင်းမှုများကို ထိရောက်ပြင်း ထန်စွာ အရေးယူနိုင်ဖို့တော့ လိုအပ်မည်ဖြစ်ပါသည်။ သို့ရာတွင် စီးနင်းခွင့်မရှိသည့်နေရာများတွင် မည်သူမျှထိုကဲ့သို့ စည်းကမ်းတကျ မစီးနင်းကြသလို တာဝန်ရှိသူများရှေ့တွင် စီးနင်းသွားလာနေကြသည့်တိုင် ဖမ်းဆီးခြင်းမရှိ သည်များကိုလည်း ဆင်ခြေဖုံးအချို့နေရာ တော် တော်များများတွင် တွေ့နေရသည်။ ထို့ပြင် လမ်းမကြီးများပေါ်၌ မော် တော်ယာဉ်များသည်လည်း ဆိုင်ကယ်များ၊ ဘက်ထရီ ဆိုင်ကယ်များစသဖြင့် စီးနင်းခွင့်မရှိသည့် ယာဉ် များအပေါ် သတိထားမောင်း နှင်သူ ရှိသကဲ့သို့ သတိမဲ့ မောင်းနှင်သူများလည်း ရှိ ရာ ယင်းသို့ကြောင့်လည်း ယာဉ်မတော်တဆမှုများ ရှိ နေပေသည်။ တာဝန်ရှိသူ များအနေဖြင့် လျစ်လျူရှုနေ မည့်အစား စည်းကမ်းစနစ်ကျန စွာစီးနင်းခွင့် ပေးလိုက်ခြင်းအားဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအပေါ် သိရှိလေးစားလိုက်နာသူများ ဖြစ်လာမည့် အပြင် စည်းကမ်းမလိုက်နာသူများကိုလည်း ပြင်း ထန်စွာအပြစ်ပေးမည်ဆိုပါက ဆိုင်ကယ်ကြောင့် ယာဉ်မတော်တဆမှုများပါ လျော့နည်းသွားမည်ဖြစ်သည်။ တစ်ဖက်တွင်လည်း ယာဉ်ကြောကျပ်တည်းမှု ကို ဖြေရှင်းရာရောက်သကဲ့သို့ ယခုကဲ့သို့ ကိုဗစ် ကာလမျိုးတွင် အများပြည်သူများအနေဖြင့် Social Distancing ကင်းကွာစွာ စီးနင်းနေရမှုများကို ရှောင်ရှားနိုင် မည်ဖြစ်ရာ ရောဂါကူးစက်မှုကြောင့် လူ့စွမ်းအားရင်းမြစ်များ လေလွင့်မှု ကိုလည်း ထိန်းချုပ်နိုင်မည်ဖြစ်သည်။ စည်းကမ်းလိုက်နာစေရန် အမြဲ တစေကြပ်မတ်ခြင်း၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်း စနစ်တကျသိရှိနား လည်မှသာ ယာဉ်မောင်းလိုင်စင်ထုတ်ပေးခြင်း၊ ပညာပေးမှုများပြုလုပ်ခြင်းဖြင့် ယာဉ်မောင်းများအား မဆင်မခြင်မောင်းနှင်မှုများကို သိရှိရှောင်ရှားလာနိုင်ရေးတို့အပြင် တစ်ဖက်မှလည်း ကား၊ ဆိုင်ကယ်များ အဆင် ပြေပြေသွားလာနိုင်ရန် ယာဉ်သွားလမ်းများကို စနစ်တကျဖော်ဆောင်ခြင်းတို့ဖြင့် ကြန့်ကြာနှောင့်နှေးစေသည့် လမ်းပန်းဆက်သွယ်ရေးများကိုပါ လျှော့ချလာနိုင်မည်ဖြစ်သည်။ ထိုသို့ တရားဝင်စီးနင်းခြင်းများကြောင့် လည်း နိုင်ငံတော်အပေါ် အခွန်ငွေတိုးပွားစေမည်ဖြစ်သည်။ ယခုတွင်မူ မော်တော်ဆိုင်ကယ် စီးနင်းခွင့်မရှိသည့် ရန်ကုန်မြို့တွင် အများပြည်သူ လမ်းသွားလမ်းလာများထံမှ မော်တော်ဆိုင်ကယ်ဖြင့် လုယက်ခြင်းခံရမှု များပင်ရှိနေပြီး တရားမဝင်လိုင်စင်မဲ့စီးနင်းမှုဖြစ်၍ ချက်ချင်းလက်ငင်း စုံ စမ်းဖမ်းဆီးရန် မဖြစ်နိုင်သည့်အခြေအနေတွင် အမှန်တကယ်ရှိနေပါသည်။
ယခင်က ရန်ကုန်မြို့ကြီးတွင် ကားတင်မက ဆိုင်ကယ်များလည်း တရားဝင်စီးနင်းခွင့်ရှိပြီး စည်းကမ်းတကျသွားလာမှုများလည်းရှိသလို စည်းကမ်းမလိုက်နာဘဲ ဆိုင်ကယ်ကိုအသုံးချ၍ မသမာသူများမှ လုယက်ခြင်းများ၊ ညအချိန်မတော် ဆိုင်ကယ်အုပ်စုလိုက်စီးနင်းကာ အခြားလမ်း သွားလမ်းလာယာဉ်များအား နှောင့်ယှက်သည့် ရေပေါ်ဆီအသိုင်းအဝိုင်းမှ တေလေဂျပိုးများ စသဖြင့်မသမာမှုများလည်း ရှိခဲ့သည်။ ၁၉၉၉ ခုနှစ်၊ ဧပြီလတွင်တော့ ရန်ကုန်တိုင်းအတွင်း ဆိုင်ကယ်အစီးရေများလာခြင်း၊ စည်းကမ်းတကျမောင်းနှင်မှုမရှိခြင်း၊ ပြိုင်မောင်းခြင်းနှင့် လမ်းသွားလမ်း လာများသွားလာမှု လွယ်ကူချောမွေ့စေရန်တို့အတွက် ရန်ကုန်တိုင်းအတွင်း ဆိုင်ကယ်များ မှတ်ပုံတင်ခွင့်ပိတ်ခဲ့ပြီးနောက် ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလတွင် မြို့နယ် ၄၅ မြို့နယ်ရှိသည့်အနက် ရန်ကုန်စည်ပင်သာယာနယ်နိမိတ်အတွင်းတည်ရှိသည့် မြို့နယ် ၃၃ မြို့နယ်တွင် ခွင့်ပြုချက်မရှိဘဲ ဆိုင်ကယ်စီး နင်းဝင်ရောက်ခြင်းမပြုရဟု အမိန့်အမှတ် (၂/၂၀၁၄) ဖြင့်တားမြစ်ခဲ့ပြန်ရာ ဆိုင်ကယ်ဖြင့် အားထားသွားလာ လုပ်ကိုင်နေရသည့် အများပြည်သူမှာ အများကြီးနစ်နာခဲ့ရပြီး ယခု ပြည်သူတင်မြှောက်သည့် ဒီမိုကရေစီအစိုးရ လက်ထက်တွင် ဒလနှင့် ဆိပ်ကြီးခနောင်တို မြို့နယ်နှစ်မြို့နယ်သာ စီး နင်းခွင့်ထပ်တိုးခွင့်ပြုခဲ့သည်။ ကျန်ရှိသည့် မြို့နယ် ၃၁ မြို့နယ်တွင် စီးနင်းခွင့်ပိတ်ထားခြင်းကို လက်ရှိအစိုးရ၏ ငါးနှစ်တာခရီးအဆုံးအထိ ဆက် လက်တည်မြဲနေဆဲဖြစ်သော်လည်း မြို့နယ်အများစုတွင် တရားမဝင်စီးနင်း မှုများဖြင့် ပြည့်နှက်နေပေသည်။
မသမာသူများသည် ဆိုင်ကယ်နှင့်ဖြစ်စေ၊ ကားနှင့်ဖြစ်စေ မသမာ မှုကို ပြုမည်သာဖြစ်သည်။ ယင်းသို့သော မသမာသူများ၊ စည်းကမ်းချိုး ဖောက်သူများ၊ ရမ်းကားသူများအား ဥပဒေဖြင့် ထိထိရောက်ရောက် အရေးယူနိုင်မှသာ အများပြည်သူစိတ်အေးချမ်းရမည်ဖြစ်သည်။
ဥပဒေသည် အမှန်တကယ်ထိရောက်မှသာ မသမာသူတို့ ကြောက်ရွံကြ မည်ဖြစ်ပြီး လျော့ရိလျော့ရဲ ဥပဒေ၊ မေ့လောက်မှ တစ်ခါအရေးယူသည့် စည်းကမ်းမျိုးနှင့်သာဆိုလျှင် ရေရှည်တွင် ဤအခြေအနေထက် ပို၍ဆိုး ဖွယ်ရာသာရှိတော့သည်။ ဆင်ခြေဖုံးဒေသများတွင် ဥပဒေကိုချိုးဖောက်ပြီး ဆိုင်ကယ်များ၊ ဘက်ထရီဆိုင်ကယ်၊ ဘက်ထရီစက်ဘီးများအား ခိုး ကြောင်ခိုးဝှက်စီးရသည်ဖြစ်ရာ အထက်တွင်ဆိုခဲ့သည့်အတိုင်း ယာဉ် လမ်းစည်းကမ်းချိုးဖောက်မှုများသာ အလွယ်တကူပြုမူတော့မည်ဖြစ်ပြီး မသမာသူများကလည်း လိုင်စင်မဲ့ဆိုင်ကယ်များ အသုံးပြုကာ အများပြည် သူကို ပိုပိုခြောက်လှန့်လာဖွယ်ရှိသည်။ တစ်ဖက်တွင်လည်း ကပ်ရောဂါကူး စက်မှုကျဆင်းသည့်နှုန်း သိသာမှုမရှိသေးသည့်အပြင် အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးယန္တရား နှောင့်နှေးခြင်းကြောင့် လူလတ်တန်းစားနှင့် အောက်ခြေလူတန်းစား အလုပ်သမားတို့အတွက် အချိန်လုကာ သွားလာ လုပ်ကိုင်နေကြရသည်ဖြစ်ရာ လုပ်သားပြည်သူများမှာ ပို၍ပင်ပန်းလှ ပါသည်။ ကိုဗစ်မတိုင်ခင်ကကဲ့သို့ ယာဉ်ကြောများပိတ်ဆို့ပြီး လုပ်သား ပြည်သူများ မော်တော်ယာဉ်များပေါ် အချိန်အလဟဿ မကုန်ဆုံးစေလို လျှင် မလိုအပ်ဘဲမော်တော်ယာဉ်သုံးစွဲမှု လျော့ကျရန်လည်းလိုအပ်ပါသည်။ လက်ရှိအချိန်တွင် ရောဂါကူးစက်မှုသိသာစွာ ကျဆင်းခြင်း မရှိသေးသည့် အပြင် တတိယလှိုင်းအဖြစ် ကိုဗစ်မျိုးစိတ်အသစ်ပျံ့နှံ့မှုကြောင့် နိုင်ငံအချို့ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ူသခိုသတည ပြုလုပ်မှုများလည်းရှိနေရာ Social Distancing မရှိသည့် အများပြည်သူသုံးမော်တော်ယာဉ်များအပေါ်သာ အားထားနေရသည့် ပြည်သူများအတွက် မော်တော်ဆိုင်ကယ်၊ ဘက်ထရီဆိုင်ကယ်များအား ယာဉ်၊ လမ်းစည်းကမ်း သတ်မှတ်ချက်အတိုင်း စနစ်တကျ Safety ပြည့်စုံစွာ စီးနင်းခွင့်ပြုလိုက်မည်ဆိုပါက နာလန်ထရန် ကြိုးစားနေရသည့် စီးပွားရေးလုပ်ငန်းများမှစ၍ တစ်နေ့လုပ် တစ်နေ့ စားရသည့် အောက်ခြေလူတန်းစားအထိ အချိန်ကို အကျိုးရှိရှိအသုံးပြုနိုင်မည်ဖြစ်ပြီး ရောဂါကူးစက်မှုကိုလည်း အတိုင်းအတာတစ်ခုအထိ ကန့်သတ်နိုင်ခြေရှိမည်ဟု ယူဆမိပါသည်။
ထိုသို့မဟုတ်လျှင်မူ အမိန့်၊ စည်းကမ်းများအား တိတိကျကျ လိုက် နာစေခြင်းဖြင့် နိုင်ငံတော် အခွန်မရရှိသည့် Without ဆိုင်ကယ်များ၊ ဘက်ထရီဆိုင်ကယ်များ၊ ဘက်ထရီစက်ဘီးများ မထေမဲ့မြင် ပေါ်ပေါ်ထင် ထင်စီးနင်းကြခြင်းများအား ထိန်းချုပ်ရန်လိုအပ်နေပြီး လက်ရှိအခြေ အနေကဲ့သို့ လျော့ရိလျော့ရဲဖြင့်သာ ဆက်လက် မသိကျိုးကျွန်ပြုနေမည်ဆို ပါက မဟာရန်ကုန်မြို့သည် ကပ်ရောဂါဘေးဆိုက်သည့် အကျိုးဆက် ကြောင့် လည်းကောင်း၊ သမ္မာအာဇီဝဖြင့် လုပ်ကိုင်စားသောက်မှုများ ခက်ခဲလာခြင်းကြောင့် ကြံရာမရမှုများအား လမ်းပြအားပေးနေသကဲ့သို့ လည်းကောင်း၊ ဆိုင်ကယ် Without ၊ လူ Without ဖြင့် အရေးယူရခက် ခဲမှုနှင့် အရေးယူမှုအားနည်းမှုအပေါ် အခွင့်ကောင်းယူကာ မသမာသူတို့မှ ပိုမိုထကြွလာခြင်းမျိုးဖြင့်လည်းကောင်း ဖြေရှင်းရခက်သည့် ပုစ္ဆာများ ဆက်လက်ဖြစ်ပေါ်လာစေနိုင်မည်ဖြစ်သည်။ ထို့ကြောင့် အများပြည်သူ အတွက်ရှေးရှုကာ အရေးယူရန်ပေါ့လျော့မှုများအား ထိထိရောက်ရောက် ပြုပြင်ရန်လိုအပ်သကဲ့သို့ အများပြည်သူ သက်သာချောင်ချိရေးနည်းလမ်း များကို အမြဲဦးထိပ်ထားခြင်းဖြင့် ပြည်သူ့အစိုးရကောင်းတစ်ရပ်ဖြစ်မည် မှာ ဧကန်ဖြစ်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here