စစ်တွေ-မန္တလေးကားလိုင်းများ ရပ်နားထားပြီး ရခိုင်ပြည်နယ်နှင့် ဆက်စပ်သည့် ချင်းပြည်နယ်မှ ယာဉ်လိုင်းများကို အထူးကြပ်မတ်စစ်ဆေးနေဟုဆို

74

 

မန္တလေး၊ သြဂုတ်
ရခိုင်ပြည်နယ်တွင် Covid-19 ရောဂါပိုးကူးစက်လူနာများ စံချိန်တင် တွေ့ရှိနေမှုကြောင့် စစ်တွေ-မန္တလေးကားလိုင်းများ လတ်တလောရပ်နားထားပြီး ရခိုင်ပြည်နယ် နှင့်ဆက်စပ်သော ချင်းပြည်နယ်နှင့် မန္တလေးပြေးဆွဲသော ယာဉ်လိုင်းများကိုအထူးကြပ်မတ်စစ်ဆေးနေကြောင်း မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီ၊ အခွန်ဌာန မှ သိရသည်။

‘‘ချင်းပြည်နယ်က ရခိုင်ပြည်နယ်နဲ့ ဆက်စပ်နေတာကြောင့် လောလောဆယ် ချင်းပြည်နယ်နဲ့မန္တလေးပြေးဆွဲနေတဲ့ ယာဉ်လိုင်းတွေ ကားတွေကို အထူးကြပ်မတ် စစ်ဆေးနေတယ်၊ ခရီးသည်တွေကို အပူချိန်တိုင်းတာတွေ ယာဉ်အတွင်းအပြင် ပိုးသတ်ဆေးဖျန်း ဆောင်ရွက်တာတွေကို အနီးကပ် ကြပ်မတ်မှုတွေ လုပ်နေပါတယ်’’ ဟု အဆိုပါဌာန၏ ရေခွန်ဌာနခွဲမှူး ဦးမျိုးအောင်ကပြောကြားသည်။

လတ်တလောတွင် မန္တလေးမြို့နှင့် အခြားတိုင်းနှင့်ပြည်နယ်ရှိ မြို့များသို့ ပြေးဆွဲသော ယာဉ်လိုင်းများအားလုံးကို ကြပ်မတ်လျက်ရှိသော်လည်း ချင်းပြည်နယ်သည် ရခိုင်ပြည်နယ်နှင့် ထိစပ်နယ်မြေ ဖြစ်သဖြင့် Covid-19 Carrier များပါဝင်လာပါက လက်ဦးမှု ရယူ ထိန်းချုပ်နိုင်ရန် ချင်းပြည်နယ်နှင့် မန္တလေးပြေးဆွဲသော ယာဉ်လိုင်းများကို အထူးကြပ်မတ်နေခြင်းဖြစ်ကြောင်း၊ လက်ရှိ၌ စည်ပင်အခွန်ဌာန၊ စည်ပင်ရဲ၊ ယကက၊ ကားကွင်းသာယာလှပရေးနှင့်စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့ စသည့်အဖွဲ့စုံပူး ပေါင်း၍ နေ့စဉ်အလှည့်ကျ စစ်ဆေးမှုများပြုလုပ်နေပြီး Mask တပ်ဆင်ခြင်းမရှိသူများကို ဒဏ် ရိုက်အရေးယူခြင်း၊ ပညာပေးခြင်း များလည်း ဆောင်ရွက်နေကြောင်း မန္တလေးမြို့တော် စည်ပင်သာယာ ရေးကော်မတီ၊ အခွန်ဌာနမှ ထပ်မံ သိရသည်။

‘‘ဒီနေ့လည်း သီရိမန္တလာ ကားကွင်းထဲ ခရီးသည်တွေ၊ ဂိတ်ဝန်ထမ်းတွေ၊ အငှားယာဉ်မောင်း တွေ၊ ဈေးသည်တွေကို လိုက်လံ စစ်ဆေးဖြစ်တယ်၊ လိုက်လံစစ် ဆေးလိုက်တဲ့အခါ Mask သေချာ တပ်ဆင်ထားခြင်းမရှိသူကို ဒဏ် ငွေနှစ်ထောင်ကျပ် ဒဏ်ရိုက်အရေး ယူခဲ့တယ်၊ Mask လုံးဝမပါရှိသူ ကို Mask နှစ်ခုကို ကျပ်ငါးထောင် နဲ့ ဝယ်ယူစေတဲ့ ဒဏ်ရိုက်အရေးယူခဲ့တယ်’’ဟု အဆိုပါ ဌာန၏ ရေခွန်ဌာနခွဲမှူး ဦးမျိုးအောင်က ထပ်မံဆိုသည်။

မန္တလေးမြို့ရှိ ကားကြီးကွင်းများတွင် ပညာပေးခြင်း၊ အသံချဲ့စက်ဖြင့် အသိပညာပေးခြင်း၊ Mask များ အခမဲ့ဖြန့်ဝေခြင်းတို့ကို အကြိမ်ကြိမ် ပြုလုပ်ပြီးဖြစ်သော်လည်း လိုက်နာခြင်းမရှိသည့်အတွက် ဒဏ်ရိုက်အရေးယူခြင်းဖြစ်ကြောင်း အခွန်ဌာနတာဝန်ရှိသူများက ပြောဆိုသည်။

ကျော်ကျော်အောင်
(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here