စစ်ကိုင်း-ရွှေဘိုကားလမ်းမကြီးရှိ S ကွေ့နေရာ မရောက်မီ မော်တော်ယာဉ်များ အရှိန်လျှော့မောင်းစေလိုဟုဆို

123

 

စစ်ကိုင်း၊ နိုဝင်ဘာ ၁၉

အထက်မြန်မာပြည်တွင် ယာဉ်သွားလာမှုအများဆုံး လမ်းမကြီးတစ်ခုဖြစ်သော စစ်ကိုင်း-ရွှေဘိုကားလမ်းမကြီး၏ မိုင်တိုင် ၄၆/၂ နှင့် မိုင်တိုင် ၄၃ တို့ရှိ S ကွေ့နေရာတွင် မော်တော်ယာဉ်တိမ်းမှောက်မှုများ၊ ယာဉ်တိုက်မှုများ မကြာခဏဖြစ်ပေါ်လေ့ရှိသဖြင့် အဆိုပါနေရာသို့ မရောက်မီကတည်းက အရှိန်လျှော့မောင်းကြစေလိုကြောင်း စစ်ကိုင်းမြို့ အမှတ် (၁၀၆) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံးမှ သိရသည်။

“စစ်ကိုင်း-ရွှေဘိုလမ်းမှာ မိုင်တိုင် ၄၆/၂ နဲ့ မိုင်တိုင် ၄၃ နေရာတွေက ယာဉ်တိမ်းမှောက်မှု၊ ယာဉ်တိုက်မှု ခဏခဏဖြစ်တယ်၊ အဲဒီနေရာက S ကွေ့ပုံသဏ္ဌာန်ဖြစ်နေတော့ အဲဒီလမ်းတစ်ခါမှမသွားဖူးတဲ့သူဆို အဲဒီနေရာရောက်ရင် အန္တရာယ်သိပ်များတယ်ပေါ့၊ ဒါကြောင့် ကားမောင်းတဲ့သူတွေရော၊ ဆိုင်ကယ်မောင်းတဲ့သူတွေရော အဲဒီ S ကွေ့ရောက်တော့မယ်ဆိုတာနဲ့ သတိထားပြီး အရှိန်လျှော့မောင်းစေချင်တယ်” ဟု အဆိုပါရုံးမှ ဒုရဲမှူးကျော်စိုးလွင်က ပြောကြားသည်။

အဆိုပါ S ကွေ့နေရာသည် စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့၊ သိမ်ကျောင်းကျေးရွာနယ်နိမိတ်အတွင်း တည်ရှိပြီး ယာဉ်တိုက်မှုများ၊ ယာဉ်တိမ်းမှောက်မှုများ မကြာခဏဖြစ်ပေါ်နေကြောင်း စိစစ်တွေ့ရှိရသဖြင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ ဆားတောင်နယ်မြေရဲစခန်းမှ အမှုစစ်များနှင့်အတူ သွားရောက်ကွင်းဆင်းစစ်ဆေးပြီး လိုအပ်ချက်များကို စစ်ကိုင်းခရိုင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ ဥက္ကဌထံသို့ လွန်ခဲ့သောရက်ပိုင်းက တင်ပြခဲ့ကြောင်း၊ ထို့ကြောင့် အဆိုပါနေရာတွင် မော်တော်ယာဉ်များနှင့် ဆိုင်ကယ်များကို သတိပေးမှုများလုပ်ဆောင်ရန် လိုအပ်နေသဖြင့် လိုအပ်သော လမ်းညွှန်အမှတ်အသားများ စိုက်ထူခြင်း၊ အရှိန်ထိန်းသတိပေး Rumble Strips များ ရေးဆွဲခြင်းတို့ကို ရွှေတောင်ဆောက်လုပ်ရေးကုမ္ပဏီက နိုဝင်ဘာ ၁၈ ရက်၌ လာရောက်ရေးဆွဲပေးခဲ့ကြောင်း အဆိုပါရုံးမှ ထပ်မံသိရသည်။

“သွားနေကျသူတွေက ဘာမှမဖြစ်ပေမဲ့ စစ်ကိုင်း-ရွှေဘိုလမ်းပိုင်း တစ်ခါမှ မရောက်ဖူးတဲ့သူတွေဆို အဲဒီ S ကွေ့နားရောက်ရင် အရမ်းအန္တရာယ်များတယ်၊ ဒါကြောင့် ခရိုင်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီဆီတင်ပြပြီး အဲဒီနားမရောက်ခင် ကြိုတင်သတိပေးနိုင်အောင် အရှိန်ထိန်းသတိပေးမျဉ်းတွေ ရေးဆွဲခဲ့တယ်၊ ရေးဆွဲပေးတာကတော့ ရွှေတောင်ကုမ္ပဏီက လုပ်ဆောင်ပေးတယ်” ဟု စစ်ကိုင်းမြို့ အမှတ် (၁၀၆) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံးမှ ဒုရဲမှူးကျော်စိုးလွင်က ထပ်မံဆိုသည်။

စစ်ကိုင်းခရိုင်အတွင်းပါဝင်သော စစ်ကိုင်း၊ မြင်းမူ၊ မြောင် မြို့နယ် သုံးမြို့နယ်သည် မန္တလေး-မုံရွာလမ်း၊ စစ်ကိုင်း-ရွှေဘိုလမ်းဘေးတွင် တည်ရှိကြသည့်အတွက် ဒေသခံများမှာယာဉ်အန္တရာယ်မဖြစ်ပွားအောင် ပိုမိုဂရုစိုက်မောင်းနှင်ရပြီး ယာဉ်မတော်တဆမှုများ လျော့ကျစေရေးအတွက်လည်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပညာပေးမှုများ နေ့စဉ်ပြုလုပ်နေရကြောင်း အဆိုပါရုံးမှ ထပ်မံသိရသည်။

ကျော်ကျော်အောင်(ကလေးမြို့)
ဓာတ်ပုံများ-Kyaw Soe Lwin Fb

LEAVE A REPLY

Please enter your comment!
Please enter your name here