စစ်ကိုင်းမြို့၏ ဒုတိယ ယာဉ်သွားယာဉ်လာအများဆုံး တာရိုးကြီးလမ်းကို Single Arm LED လမ်းမီးတိုင် ၂၅ တိုင် တပ်ဆင်မည်

179

 

စစ်ကိုင်း၊ ဇွန် ၂၄

စစ်ကိုင်းမြို့၏ ဒုတိယယာဉ်သွားယာဉ်လာ အများဆုံးဖြစ်သည့် တာရိုးကြီးလမ်းကို ညပိုင်း ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် ဒုစရိုက်မှုများလျော့ကျစေရန် မကြာမီ Single Arm LED လမ်းမီးတိုင် ၂၅ တိုင် တပ်ဆင်သွားမည်ဖြစ်ကြောင်း စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေးကော်မတီမှ သိရသည်။

“တာရိုးလမ်းက စစ်ကိုင်းမြို့ရဲ့ ဒုတိယယာဉ်သွားလာမှု အများဆုံးဖြစ်နေတော့ ညပိုင်းယာဉ်သွားလာမှု အန္တရာယ်ကင်းအောင်နဲ့ အမှုအခင်းတွေ လျော့ကျအောင်ဆိုပြီး Single Arm LED လမ်းမီးတိုင်တွေ တပ်ဆင်ဖို့ စီစဉ်နေတာ၊ စစ်ကိုင်းမှာ တိုင်းဒေသကြီးအစိုးရအဖွဲ့က ထောက်ပံ့ထားတဲ့ ယာဉ်ယန္တရားတွေရှိတယ်၊ အဲဒီယာဉ်ယန္တရားတွေကိုက ယာဉ်ယန္တရားထိန်းသိမ်းကြီးကြပ်မှုကော်မတီက ကိုင်တယ်၊ လွှတ်တော်ကိုယ်စားလှယ်တွေ ဦးဆောင်တာပေါ့၊ အဲဒီကော်မတီက ပြည်သူလူထုက ငှားရမ်းသုံးစွဲတဲ့အခါ ငှားရမ်းခရရှိထားတဲ့ငွေတွေ ရှိတယ်၊ အဲဒါကို ဘဏ်မှာ စနစ်တကျအပ်နှံထားတာပေါ့၊ အဲဒီငွေနဲ့ ဒေသအတွက် ပြန်ပြီးအသုံးပြုခွင့်ရဖို့ အခု တိုင်းအစိုးရဆီ တင်ပြထားတယ်၊ တိုင်းအစိုးရက ခွင့်ပြုတာနဲ့ ယာဉ်ယန္တရားငှားရမ်းခရထားတဲ့ ကျပ်သိန်း ၁၅၀ ရယ်၊ ပြည်သူလူထု ထည့်ဝင်ငွေရယ်ပေါင်းပြီး အခု Single Arm LED လမ်းမီးတိုင်တွေ တပ်ဆင်သွားမယ်” ဟု အဆိုပါကော်မတီ ဥက္ကဌ ဦးဝင်းနိုင်က ပြောကြားသည်။

တာရိုးကြီးလမ်းသည် ဧရာဝတီမြစ်ဘေး ကမ်းနားလမ်း စစ်ကိုင်းပညာရေးကောလိပ်မှ ချင်းစုလမ်းဆုံမီးပွိုင့်အထိရှိပြီး ပေပေါင်း ၂,၉၀၀ ရှိကာ လမ်းအကျယ်ပေ သုံးဆယ်သာရှိသည့်အတွက် Single Arm LED လမ်းမီးတိုင်များဖြင့် လုံလောက်ကြောင်း၊ ထိုသို့ ထွန်းညှိရာတွင် ကျပ်သိန်းပေါင်း ၃၆၀ ကျော် ကုန်ကျမည်ဟု ခန့်မှန်းထားပြီး စစ်ကိုင်းမြို့ ယာဉ်ယန္တရား ထိန်းသိမ်းကြီးကြပ်မှု ကော်မတီ၏ ယာဉ်ယန္တရားများ ငှားရမ်းခရရှိထားငွေ ကျပ်သိန်း ၁၅၀ သုံးစွဲခွင့်ရရှိပါက ပြည်သူလူထုထည့်ဝင်ငွေ ကျပ်သိန်း နှစ်ရာတို့ဖြင့် စုပေါင်း၍ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အဆိုပါကော်မတီမှ ထပ်မံသိရသည်။

“အခုတပ်ဆင်မယ့် Single Arm LED မီးတိုင်က တစ်တိုင်ကို ခုနစ် သိန်းကျော်ကျော် ကုန်ကျမယ်၊ ခွင့်ပြုချက်ရပြီးတာနဲ့ စည်ပင်က တိုက်ရိုက်ဆောင်ရွက်မှာ၊ တင်ဒါပစ်တာတွေ မလုပ်တော့ဘူး၊ သိပ်မကြာခင် ဆောင်ရွက်နိုင်တော့မှာပါ ” ဟု စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးဝင်းနိုင်က ထပ်မံဆိုသည်။

စစ်ကိုင်းမြို့ တားရိုးကြီးလမ်းတွင် Single Arm LED လမ်းမီးတိုင်များ တပ်ဆင်နိုင်ရေးအတွက် ပြီးခဲ့သည့် ဇွန် ၁၇ ရက်က စစ်ကိုင်းမြို့နယ် စီမံခန့်ခွဲမှုကော်မတီရုံးတွင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ စည်ပင်၊ လွှတ်တော်ကိုယ်စားလှယ်များ စသည့် တာဝန်ရှိသူများ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ စစ်ကိုင်းမြို့တွင် ယခင်ကလည်း ပြည်သူလူထု ထည့်ဝင်ငွေဖြင့် Single Arm LED မီးတိုင်ပေါင်း ၈၂ တိုင်ကို ထွန်းညှိထားပြီးဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here