စစ်ကိုင်းမြို့တွင်းလမ်းများအား ကွန်ကရစ်လမ်းခင်းကျင်းရန် စစ်ကိုင်းတိုင်းအစိုးရအဖွဲ့မှ ဘိလပ်မြေအိတ် ငါးသောင်း ထောက်ပံ့ထားသည့်အတွက် ပြည်သူနှင့် ပူးပေါင်းခင်းကျင်းနေ

138

 

စစ်ကိုင်း၊ ဇွန် ၄

ရပ်ကွက်ပေါင်း ၂၃ ရပ်ကွက်ဖြင့် ဖွဲ့စည်းထားသော စစ်ကိုင်းမြို့အတွက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဘိလပ်မြေအိတ် ငါးသောင်း ထောက်ပံ့ထားသည့်အတွက် ပြည်သူလူထုနှင့်ပူးပေါင်းခင်းကျင်းနေကြောင်း စစ်ကိုင်းမြို့နယ်စည်ပင်သာယာရေးကော်မတီမှ သိရသည်။

“တိုင်းအစိုးရအဖွဲ့က ဒီနှစ်အတွက် ဘိလပ်မြေအိတ် ငါးသာင်း ထောက်ပံ့ပေးထားတဲ့အတွက် ကွန်ကရစ်လမ်းခင်းချင်တဲ့လမ်းတွေ ရပ်ကွက်အလိုက် စာရင်းပေးကြပါဆိုပြီး စာရင်းကောက်လိုက်တယ်၊ စစ်ကိုင်းမြို့ပေါ်က ရပ်ကွက် ၂၃ ရပ်ကွက်စလုံး ကိုယ်ခင်းချင်တဲ့လမ်းကို စာရင်းပေးကြတယ်၊ စာရင်းပေးလာတဲ့အပေါ်မှာ စစ်ဆေးပြီး အခု ကွန်ကရစ်လမ်းတွေ ခင်းနေတာ၊ အဲဒီလိုခင်းတဲ့အခါ ဘိလပ်မြေအိတ်ကို စည်ပင်က ထောက်ပံ့ပေးတယ်၊ ကျန်တဲ့အပိုင်းကို ပြည်သူက ကျခံစနစ်နဲ့ပေါ့” ဟု အဆိုပါကော်မတီ ဥက္ကဌ ဦးဝင်းနိုင်က ပြောကြားသည်။

စစ်ကိုင်းမြို့ ရပ်ကွက်များအတွင်း ကွန်ကရစ်လမ်းခင်းကျင်းရာတွင် ဘိလပ်မြေကို မြို့နယ်စည်ပင်က ထောက်ပံ့ပေး၍ သဲ၊ ကျောက်၊ လုပ်အားခ စသည်တို့ကိုမူ ပြည်သူလူထုက ထည့်ဝင်ရပြီး စီမံဆောင်ရွက်မှုကိုလည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ပြည်သူများက တိုက်ရိုက် ကိုင်တွယ်လုပ်ဆောင်ကြရကာ စည်ပင်က ကြီးကြပ်ပေးရကြောင်း အဆိုပါကော်မတီမှ ထပ်မံသိရသည်။

“တစ်လမ်းနဲ့တစ်လမ်း ပေအရှည်နဲ့ လမ်းအကျယ်ကမတူဘူး၊ တချို့လမ်းတွေလည်း အကျယ်က ၁၀ ပေရှိမယ်၊ ၁၂ ပေရှိမယ်၊ ၁၈ ပေရှိမယ်၊ ၁၄ ပေရှိမယ်၊ အမျိုးမျိုးပေါ့၊ အဲဒီလိုပဲ တချို့ရပ်ကွက်တွေဆိုလည်း ကွန်ကရစ်လမ်းနှစ်လမ်း ခင်းတာရှိမယ်၊ တချို့ရပ်ကွက်တွေဆိုလည်း ရှစ်လမ်းလောက်ခင်းကြတာရှိမယ်၊ အဲဒီလိုမတူတဲ့အပေါ်မှာ မူတည်ပြီး ဘိလပ်မြေကို ခွဲဝေထောက်ပံ့ပေးတာ၊ ပြည်သူနဲ့ပူးပေါင်းပြီး အရင်မြေသားလမ်းကနေ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်တာပေါ့ ” ဟု စစ်ကိုင်းမြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးဝင်းနိုင်က ထပ်မံဆိုသည်။

စစ်ကိုင်းမြို့သည် ခရိုင်မြို့ဖြစ်သော်လည်း မြို့တွင်းလမ်းများကျဉ်းကာ မြေသားလမ်းများပြားသည့်အတွက် ယခုကဲ့သို့ ကွန်ကရစ်လမ်းများခင်းကျင်းမှုကို ကြိုဆိုဂုဏ်ယူသော်လည်း ပြည်သူလူထု လုံးဝမတတ်နိုင်သည့် အချို့လမ်းများကိုမူ မြို့နယ်စည်ပင်က အကုန်ုအကျခံ တိုက်ရိုက်ခင်းကျင်းပေးစေလိုကြောင်း ဒေသခံအချို့က သုံးသပ်ပြောဆိုသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here