စစ်ကိုင်းတွင် ယခု စက်တင်ဘာလမှစ၍ ဆိုင်ကယ်ဦးထုပ်အပြင် ယာဉ်မောင်းလိုင်စင်နှင့် ယာဉ်လိုင်စင်များပါ  စိစစ်မည်

344
????????????????????????????????????

စစ်ကိုင်းတိုင်း၏ ဇေယျာရွှေမြေမြို့တော်ဟု တင်စားကြသော စစ်ကိုင်းမြို့တွင် လက်ရှိ၌ စည်းကမ်းပျက် ဆိုင်ကယ်များကို ဆိုင်ကယ်ဦးထုပ်တစ်မျိုးတည်းသာ စစ်ဆေးလျက်ရှိသော်လည်း ယခု စက်တင်ဘာလမှစ၍ ဆိုင်ကယ်မောင်းလိုင်စင်နှင့် ဆိုင်ကယ်လိုင်စင်များပါ စိစစ်ကြပ်မတ်သွားမည်ဖြစ်ကြောင်း အမှတ်(၁ဝ၅) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံး(စစ်ကိုင်း) မှ သိရသည်။

 

”အရင်နှစ်လကျော်လောက် စည်းကမ်းပျက်ဆိုင်ကယ်တွေ စစ်ဆေးတာ ရပ်ထားတာကနေ သြဂုတ်လ လလယ်ပိုင်းလောက်ကစပြီး ပြန် ဖမ်းနေတယ်၊ ဆိုင်ကယ်ဦးထုပ် အဓိကစစ်တယ်၊ ဆိုင်ကယ်ဦးထုပ် ဆောင်းထားရင် လွှတ်ပေးတယ်၊ မဆောင်းထားရင်တော့ အမှုဖွင့်ပြီး တရားရုံးကိုတင်တယ်၊ တရားသူကြီးသတ်မှတ်တဲ့အတိုင်း မော်တော်ယာဉ် ဥပဒေနဲ့ ဒဏ်ကြေးဆောင်ပေါ့၊ အခုလကစပြီး ဆပရိုက်ချက်လုပ်ရင်းနဲ့ ဆိုင်ကယ်ဦးထုပ်အပြင် ဆိုင်ကယ်လိုင်စင်ရော၊ ဆိုင်ကယ်မောင်းလိုင်စင်ပါ စစ်ဆေးသွားမယ်၊ ဒီလထဲကတော့ ပြန်စဖမ်းတာရော၊ ပညာပေးရင်းနဲ့ရော ဆိုတော့ အကုန်မစစ်ဖြစ်သေးတာ” ဟု အမှတ်(၁ဝ၅) ယာဉ်ထိန်းရဲ တပ်ဖွဲ့စုမှူးရုံး(စစ်ကိုင်း)မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

စစ်ကိုင်းမြို့တွင် လက်ရှိ၌ စည်းကမ်းပျက်ဆိုင်ကယ်များကို ယာဉ် ထိန်းရဲ၊ နယ်မြေရဲ၊ ကညန၊ မစက စသော ဌာနပေါင်းစုံ ပူးပေါင်းကာ မိုးရွာသည့်ရက်မှလွဲ၍ နေ့စဉ် ရွေ့လျားစနစ်ဖြင့် ရှောင်တခင်စစ်ဆေး နေကြောင်း၊ ဆိုင်ကယ်ဦးထုပ်မဆောင်းသော ဆိုင်ကယ်များကို မော်တော်ယာဉ်ဥပဒေဖြင့် ချက်ချင်းအမှုဖွင့်၍ ပိုင်ဆိုင်မှုအထောက်အထား တစ်ခုခုသိမ်းဆည်းထားကာ တရားရုံးသို့တင်၍ ဒဏ်ငွေဆောင်ခိုင်းကြောင်း အမှတ်(၁ဝ၅) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံး(စစ်ကိုင်း)မှ သိရသည်။

 

”အရင်တုန်းကတော့ ဆပရိုက်ချက်လုပ်လို့ ဖမ်းမိရင် နယ်မြေရဲက အမှုတွေကို ဖိုင်တွဲနဲ့အမှုဖွင့်ပြီး တရားရုံးကို တင်ရတယ်၊ ဆိုင်ကယ်အ စီးရေအများကြီးကို နယ်မြေရဲစခန်းမှာ တစ်စီးချင်းစီ အမှုဖွင့်ရတော့ အချိန်ကြန့်ကြာမှုတွေဖြစ်လို့ အခုတရားသူကြီးရဲ့ ဆုံးဖြတ်ချက်နဲ့ အရင်လို ရဲစခန်းမှာ မကြာတော့ဘူး၊ တရားရုံးမှာ ဒဏ်ငွေဆောင်ရင် နေ့ချင်းပြီး ရပြီ၊ အချိန်ကုန် သက်သာသွားတာပေါ့၊ အခုလောလောဆယ်တော့ တရားရုံးက ဆိုင်ကယ်ဦးထုပ်မဆောင်းတဲ့ ဆိုင်ကယ်တွေကို ဒဏ်ငွေ ကျပ်နှစ်သောင်းရိုက်တယ်၊ နောက်ပိုင်း ဆိုင်ကယ်မောင်းလိုင်စင်တွေစစ်လို့ မရှိတာတို့၊ မပါတာတို့ဆိုရင်လည်း မော်တော်ယာဉ် ဥပဒေပါ ပြဌာန်းထားတဲ့အတိုင်း တရားရုံးက ဒဏ်ရိုက်မှာပဲ၊ ဆိုင်ကယ်မောင်းလိုင်စင်မရှိတဲ့ ဆိုင်ကယ်တွေဆိုရင် ဒဏ်ငွေငါးသောင်း၊ ဒါမှမဟုတ် ထောင်ဒဏ်ပါအပြစ် ပေးလို့ရတယ်”ဟု အဆိုပါရုံးမှ တာဝန်ရှိသူတစ်ဦးက ထပ်မံဆိုသည်။

 

လက်ရှိ စစ်ကိုင်းမြို့တွင် စည်းကမ်းပျက်ဆိုင်ကယ်များကို ရှောင်တခင်စစ်ဆေးရာ၌ နေ့စဉ် အနည်းဆုံး အစီးသုံးဆယ်ခန့် ဖမ်းမိကြောင်း အမှတ်(၁ဝ၅) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံး၏ မှတ်တမ်းများအရ သိရသည်။

 

”စစ်ကိုင်းက ခရိုင်မြို့ဖြစ်တဲ့အပြင် ယာဉ်အစီးရေ၊ ဆိုင်ကယ်စီးရေက အရင်ထက် အရမ်းများလာတော့ ဆိုင်ကယ်ဦးထုပ်ဆောင်းဖို့ တကယ်ကို ကြပ်မတ်မှရမယ်၊ ယာဉ်မောင်းလိုင်စင်လည်း အတူတူပဲ၊ ယာဉ်မောင်း လိုင်စင်မရှိမှတော့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း နားမလည်နိုင်ဘူးလေ၊ အထူးသဖြင့် ကျေးရွာမှာနေတဲ့ သူတွေကျတော့ ယာဉ်မောင်းလိုင်စင်လုပ်တာ သိပ်ရှိမှာမဟုတ်တော့ အကောင်းဆုံးက ကညနက ကျေးရွာ တွေအထိ ပညာပေးပြီး ယာဉ်မောင်းလိုင်စင် လိုက်လုပ်ပေးစေချင်တယ်”ဟု စစ်ကိုင်းမြို့ခံတစ်ဦးဖြစ်သူ ဦးညီဇော်က ဆိုသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here