စစ်ကိုင်းတိုင်းအတွင်း ခရိုင်အလိုက် ဝင်/ထွက်ပေါက်များမှ ဖြတ်သန်းသွားလာလျက်ရှိသော ကုန်တင်ယာဉ်များကို စိစစ်ခြင်းလက်မှတ်များ စတင်ထုတ်ပေးနေ

104

 

စစ်ကိုင်း၊ အောက်တိုဘာ ၁၆

စစ်ကိုင်းတိုင်းအတွင်း ခရိုင်အလိုက် ဝင်ထွက်ပေါက်များမှ ဖြတ်သန်းသွားလာလျက်ရှိသော ကုန်တင်ယာဉ်များကို ပန်းရောင်စာရွက်ဖြင့် စိစစ်ခြင်းလက်မှတ် ထုတ်ပေးရန် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က ညွှန်ကြားထားသည့်အတွက် စတင်ထုတ်ပေးနေပြီဖြစ်ကြောင်း စစ်ကိုင်းတိုင်းအတွင်းရှိ ခရိုင်စီမံခန့်ခွဲမှုကော်မတီများထံမှ သိရသည်။

“သက်ဆိုင်ရာခရိုင်နယ်မြေထဲကို အထူးသဖြင့် ရန်ကုန်က ကုန်တင်ယာဉ်တွေ၊ လူစီးယာဉ်တွေ လာပြီဆိုရင် ဖြတ်သန်းဝင်ရောက်လာတဲ့ ယာဉ်နဲ့ပတ်သက်တဲ့ အချက်အလက်၊ ယာဉ်နဲ့အတူပါရှိတဲ့သူတွေအားလုံးရဲ့ အချက်အလက် ဒါတွေအားလုံး ရေးသားမှတ်ထားရမယ်၊ အဲဒီလိုမှတ်သားထားပြီးတာနဲ့ ပန်းရောင်စာရွက်နဲ့ စိစစ်ခြင်းလက်မှတ်ထုတ်ပေးရမယ်၊ အဲဒီစိစစ်ထားတဲ့လက်မှတ်ကို လမ်းခရီးမှာ တောက်လျှောက်ယူသွားပြီး ခရီးဆုံးတာနဲ့ သက်ဆိုင်ရာစစ်ဆေးရေးဂိတ်မှာ ပေးအပ်သွားရမယ်၊ သက်ဆိုင်ရာစစ်ဆေးရေးဂိတ်ကလည်း ခရီးဆုံးသည်အထိ စိစစ်ခြင်းလက်မှတ်မှာပါတဲ့ ဖြည့်သွင်းထားတဲ့အတိုင်း လူတွေလိုက်ပါလာရဲ့လား၊ သတ်မှတ်အချိန် ရောက်ရဲ့လား စတာတွေကို စစ်ဆေးပြီး ကိုက်ညီတာနဲ့ Quarantine ဝင်ရောက်ခိုင်းရမယ်၊ ပြီးရင် Swab နမူနာယူတာတွေ လုပ်သွားမှာပေါ့ * ဟု စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း Covid-19 ပိုးတွေ့လူနာ များပြားနေဆဲဖြစ်၍ ရန်ကုန်မှ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြတ်သန်းဝင်ရောက်လာသော ကုန်တင်ယာဉ်များနှင့် လူစီးယာဉ်များအား အသေးစိတ်အချက်အလက်ကောက်ယူ၍ စိစစ်ခြင်းလက်မှတ်ထုတ်ပေးရန် ညွှန်ကြားထားကြောင်း၊ ထိုသို့ လက်မှတ်ထုတ်ပေးထားခြင်းအားဖြင့် ခရီးအကွာအဝေးအပေါ်မူတည်ပြီး ယာဉ်ရောက်ရှိသည့်အချိန်တွင် စောလွန်း/ နောက်ကျလွန်းခြင်းရှိမရှိ၊ ခရီးဆုံးအထိ လိုက်ပါလာသော ခရီးသည်အရေအတွက် ပါမပါ စသည်တို့ကို စိစစ်နိုင်မည်ဖြစ်ပြီး Covid-19 ရောဂါပိုးကိုလည်း တတ်နိုင်သမျှ ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။

“ခရီးအကွာအဝေးအပေါ်မူတည်ပြီး ရောက်ရမယ့်အချိန်တွေရောက်ရဲ့လား၊ သတ်မှတ်လူဦးရေအတိုင်းရော လိုက်ပါလာရဲ့လားဆိုတာတွေက အဓိကကတော့ လမ်းခရီးမှာ ကုန်တင်/ကုန်ချလုပ်တာတွေ၊ ခရီးသည်အတက်အဆင်းလုပ်တာတွေ ရှိမှာကြာင့် စိစစ်ခြင်းလက်မှတ်နဲ့ တိုက်ဆိုင်စစ်ဆေးရတာ ” ဟု စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ထပ်မံဆိုသည်။

စိစစ်ခြင်းလက်မှတ်နှင့်အတူ လိုက်နာရမည့်စည်းကမ်းချက်များကို ဖောက်ဖျက်သည့် ယာဉ်မောင်းဖြစ်စေ၊ ယာဉ်နောက်လိုက်ဖြစ်စေ၊ ခရီးသည်ဖြစ်စေ မည်သူမဆို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က စစ်ကိုင်း၊ မုံရွာ၊ ယင်းမာပင်၊ ရွှေဘို၊ ကလေး စသော ခရိုင်စီမံခန့်ခွဲမှုကော်မတီများထံ ညွှန်ကြားထားကြောင်း သိရသည်။

ကျော်ကျော်အောင်(ကလေးမြို့)3
စစ်ကိုင်းတိုင်းဒေသကြီးသို့ ၀င်ရောက်လာသော ယာဉ်များအား စစ်ကိုင်းမြို့အ၀င်တွင် စစ်‌ဆေးမှုများ ပြုလုပ်နေသည်ကို တွေ့ရစဉ်။

LEAVE A REPLY

Please enter your comment!
Please enter your name here