စစ်ကိုင်းတိုင်းဒေသကြီးတွင် ခြောက်ရက်တာအတွင်း ကုန်တင်ယာဉ်မောင်း၊ ယာဉ်နောက်လိုက် ၁,၁၈၄ ဦးကို Covid-19 ပိုးရှိမရှိ Test Kit ဖြင့် စစ်ဆေးခဲ့ရာမှ သုံးဦးတွင် ပိုးတွေ့ရှိ

96

 

ကလေး၊ အောက်တိုဘာ ၁၅

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ၊ စစ်ကိုင်း၊ ရွှေဘို၊ ကလေး၊ တမူး၊ ကသာ စသော မြို့များတွင် အောက်တိုဘာ ၆ ရက်မှ ၁၁ ရက်အထိ ခြောက်ရက်တာကာလအတွင်း ကုန်တင်ယာဉ်မောင်း၊ ယာဉ်နောက်လိုက် ၁,၁၈၄ ဦးကို Covid-19 ပိုးရှိမရှိ Test Kit ဖြင့် စစ်ဆေးခဲ့ရာမှ သုံးဦးတွင် ပိုးတွေ့ရှိထားကြောင်း စစ်ကိုင်းတိုင်းဒေသကြီး Covid-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။

“တခြားတိုင်းနဲ့ပြည်နယ်တွေနဲ့ ထိစပ်မှုရှိတဲ့ စစ်ကိုင်းတိုင်းထဲက မြို့တွေမှာ စစ်ဆေးရေးဂိတ်စခန်းတွေ ဖွင့်လှစ်ထားတယ်၊ အဓိကကတော့ တခြားတိုင်းနဲ့ပြည်နယ်က ဝင်ရောက်လာတဲ့ ကုန်တင်ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တွေ မြို့ကနေ ထွက်ခွာမယ့် ကုန်တင်ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တွေကို Covid-19 ပိုးရှိမရှိ Test Kit နဲ့ စစ်ဆေးပေးတာပေါ့၊ အဲဒီလိုစစ်ဆေးပေးတဲ့အခါမှာ အောက်တိုဘာ ၆ ရက်ကနေ ၁၁ ရက်အထိ စစ်ကိုင်းတိုင်းတစ်တိုင်းလုံး ၁,၁၈၄ ဦး စစ်ဆေးပေးနိုင်ခဲ့တယ်၊ အဲဒီထဲမှာတော့ သုံးဦး ပိုးတွေ့ထားတယ်” ဟု အဆိုပါကော်မတီ၏ အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် ကုန်တင်ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များအား Covid-19 ပိုးရှိမရှိ Test Kit ဖြင့် စစ်ဆေးပေးမှုကို တိုင်းအားကစားကွင်းတွင် လည်းကောင်း၊ စစ်ကိုင်းမြို့တွင် နှစ် ၇၀၀ အားကစားကွင်းတွင် လည်းကောင်း၊ ရွှေဘိုမြို့တွင် မြို့အဝင်တောင်ဂိတ် (မြို့ရှောင်လမ်း)တွင် လည်းကောင်း၊ ကလေးမြို့တွင် အထက (၁)ကျောင်းဝန်းအတွင်းနှင့် စစ်ဆေးရေးဂိတ် သုံးခုတွင် လည်းကောင်း၊ ကသာမြို့တွင် အဝေးပြေးကားကွင်းတွင်လည်းကောင်း အဆိုပါ မြို့ ငါးမြို့၌ ထွေအုပ်၊ ကျန်းမာရေး၊ ပို့ဆက်၊ မစက၊ လူမှုကူညီရေးအသင်းများ စသည်တို့ပူးပေါင်း၍ နေ့စဉ်ပုံမှန်စစ်ဆေးပေးလျက်ရှိကြောင်း၊ ထိုသို့ စစ်ဆေးရာတွင် ကုန်တင်ယာဉ်မောင်း၊ ယာဉ်နောက်လိုက် ၁,၁၈၄ ဦး စစ်ဆေးခဲ့သည့်အနက် စစ်ကိုင်းမြို့တွင် တစ်ဦး၊ ရွှေဘိုမြို့တွင် တစ်ဦး၊ ကလေးမြို့တွင် တစ်ဦး စုစုပေါင်း သုံးဦး ပိုးတွေ့ထားကြောင်း အဆိုပါကော်မတီမှ ထပ်မံသိရသည်။

“ပိုးတွေ့လူနာတွေကို သက်ဆိုင်ရာဆေးရုံတွေမှာထားပြီးတော့ သက်သာပျောက်ကင်းအောင် ကုသပေးနေပါတယ်” ဟု စစ်ကိုင်းတိုင်းဒေသကြီး Covid-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ထပ်မံဆိုသည်။

စစ်ကိုင်းတိုင်းဒေသကြီးတွင် အခြားတိုင်းနှင့်ပြည်နယ်များ ဆက်စပ်မှုရှိသော မြို့များ၌ စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်ထားရှိကာ ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား အစောပိုင်းတွင် Test Kit ဖြင့် စစ်ဆေးခ ကျပ် နှစ်သောင်းကို နိုင်ငံတော်သို့ တရားဝင်ပေးသွင်းခိုင်းခဲ့သော်လည်း အောက်တိုဘာ ၁၃ ရက်မှစ၍ စစ်ဆေးခများကို ကျပ် တစ်သောင်းသို့ လျှော့ချပေးထားကြောင်း သိရသည်။

ကျော်ကျော်အောင်(ကလေးမြို့)
ကလေးမြို့အ၀င် တစ်နေရာတွင် Covid-19 ပိုးရှိမရှိ စစ်ဆေးမှုများ ပြုလုပ်ပေးနေစဉ်။

LEAVE A REPLY

Please enter your comment!
Please enter your name here