စစ်ကိုင်း၊ အောက်တိုဘာ ၁၃
စစ်ကိုင်းတိုင်းဒေသကြီးတွင် လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်ပြီး ကုန်စည်စီးဆင်းမှုနှင့် ခရီးသွားလာမှုများ ပိုမိုမြန်ဆန်စေရန်အတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း မြစ်ကူးတံတား နှစ်စင်းနှင့် အဓိကတံတားကြီး နှစ်စင်းတို့ကို အသစ်တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။
” ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်ထဲမှာပဲစတင်သွားမယ်၊ တိုင်းဒေသကြီးအစိုးရဘတ်ဂျက်ငွေနဲ့ အသစ်တည်ဆောက်ပေးသွားမှာပါ” ဟု စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ၀န်ကြီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။
၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ၂,၆၂၅ ပေ အရှည်ရှိသော ချင်းတွင်းမြစ်ကူးတံတား (ထမံသီ)ကို လုပ်ငန်းတန်ဖိုး ကျပ်သန်း ၃၃,၀၀၀ အကုန်အကျခံ၍ လည်းကောင်း၊ အရှည် ၈၈၅ ပေ ရှည်လျားသော မြစ်သာမြစ်ကူးတံတား (ကလေး) ကို လုပ်ငန်းတန်ဖိုး ကျပ် ၅,၁၅၉ သန်းအကုန်အကျခံ၍ လည်းကောင်း၊ အရှည် ၅၄၀ ပေရှိသည့် ဥတုချောင်းတံတား (ဟုမ္မလင်း) ကြိုးတံတားအဆင့်မြှင့်တင်ခြင်းအတွက် လုပ်ငန်းတန်ဖိုး ကျပ်သန်း ၁,၅၀၀ အကုန်အကျခံ၍ လည်းကောင်း၊ အရှည် ၇၉၀ ပေရှည်လျားသည့် မြောက်ယမားချောင်းတံတား (ပုလဲ)ကို လုပ်ငန်းတန်ဖိုး ကျပ်သန်း ၂,၈၀၀ အကုန်အကျခံ၍ လည်းကောင်း အသစ်တည်ဆောက်သွားမည်ဟု စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး၀န်ကြီးဌာနမှ သိရသည်။
“၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်ထဲမှာ မြစ်ကူးတံတားတွေနဲ့ အဓိကတံတားကြီးတွေအပြင် ပေ ၁၈၀ အထက်ရှိတဲ့ တံတား ၁၇ စင်းကိုလည်း တည်ဆောက်ပေးသွားမယ်၊ ပြီးတော့ ရေကျော်တံတားတွေ အပါအ၀င် ပေ ၁၈၀ အောက် တံတားပေါင်း ၅၅၆ စင်းကိုလည်း တည်ဆောက်ပေးသွားမယ်”ဟု အဆိုပါ၀န်ကြီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ထပ်မံဆိုသည်။
အဆိုပါတံတားကြီးများအပြင် လမ်းများကိုလည်း အဆင့်မြှင့်တင်သွားမည်ဖြစ်ကာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ကတ္တရာလမ်း ၅၃ မိုင်၊ ကွန်ကရစ်လမ်း မိုင် ၁၀၀၊ ကျောက်ချောလမ်း ၁၅၁ မိုင်၊ အမာခံ/ ဂျင်းလမ်း ၁၈၉ မိုင်၊ မြေသားလမ်း ၄၀၅ မိုင် တို့ကိုလည်း အဆင့်မြှင့်တင် တိုးချဲ့ဖောက်လုပ်ပေးသွားမည်ဖြစ်ကြောင်း အဆိုပါ၀န်ကြီးဌာနမှ ထပ်မံသိရသည်။
ကျော်ကျော်အောင်(ကလေးမြို့)
ကလေးမြို့အနီးရှိ မြစ်သာမြစ်ဆိပ်ကမ်းတစ်နေရာအား တွေ့ရစဉ်။