စစ်ကိုင်းတိုင်းဒေသကြီးတွင် ယခုအစိုးရလက်ထက် လေးနှစ်တာအတွင်း ပေ ၁၈၀ အောက် တံတားပေါင်း ၃,၃၉၄ စင်း တည်ဆောက်နိုင်ခဲ့ဟုဆို

84

 

စစ်ကိုင်း၊ အောက်တိုဘာ ၁၂

အထက်မြန်မာပြည်၏ စီးပွားရေးအားကောင်းရာမြို့အများအပြား ပိုင်ဆိုင်ထားပြီး အိန္ဒိယ-မြန်မာချစ်ကြည်ရေးလမ်းမကြီး ဖြတ်သန်းရာဖြစ်သော စစ်ကိုင်းတိုင်းဒေသကြီးတွင် ယခု NLD အစိုးရလက်ထက် လေးနှစ်တာကာလအတွင်း ပေ ၁၈၀ အောက် တံတားပေါင်း ၃,၃၉၄ စင်း တည်ဆောက်နိုင်ခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။

”ကျွန်တော်တို့အစိုးရလက်ထက်အတွင်းမှာ လမ်းပန်းဆက်သွယ်ရေးကောင်းအောင် အဓိကကြိုးစားတယ်၊ လျှပ်စစ်မီးရအောင် အဓိကကြိုးစားတယ်၊ အရင်ထက် အများကြီးတိုးတက်လာတာ အားလုံးမျက်မြင်ပါပဲ”ဟု စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပေ ၁၈၀ အောက် တံတားပေါင်း ၃,၃၉၄ စင်းအပြင် ပေ ၁၈၀ အထက် တံတားပေါင်း ၇၆ စင်းပါ တည်ဆောက်နိုင်ခဲ့ကာ ကတ္တရာလမ်း ၄၈၉ မိုင်၊ ကွန်ကရစ်လမ်း မိုင် ၂၅၀၊ ကျောက်ချောလမ်း ၇၄၂ မိုင်၊ အမာခံ/ဂျင်းလမ်း ၅၅၆ မိုင်၊ မြေလမ်း ၁,၉၆၈ မိုင်တို့ကိုလည်း ယခု အစိုးရလက်ထက် လေးနှစ်ခွဲကာလအတွင်း အဆင့်မြှင့်တင်တိုးချဲ့ဖောက်လုပ်နိုင်ခဲ့ကြောင်း၊ ထို့ပြင် ၂,၈၀၅ ပေ ရှည်လျားသည့် ချင်းတွင်းမြစ်ကူးတံတား(ကလေးဝ)ကို လုပ်ငန်းတန်ဖိုး ကျပ် ၂၁,၉၂၄ သန်း အကုန်အကျခံ၍ လည်းကောင်း၊ ၂,၆၅၆ ပေရှည်လျားသည့် ချင်တွင်းမြစ်ကူးတံတား(ခန္တီး)ကို လုပ်ငန်းတန်ဖိုး ကျပ် ၂၂,၁၂၃ သန်း အကုန်အကျခံ၍ လည်းကောင်း၊ ၂,၇၆၂ ဒသမ ၆ ပေ ရှည်လျားသည့် ချင်းတွင်းမြစ်ကူးတံတား(ဟုမ္မလင်း)ကို လုပ်ငန်းတန်ဖိုး ကျပ် ၂၃,၄၁၃ သန်း အကုန်အကျခံ၍ လည်းကောင်း၊ ပေ ၇၂၀ ရှည်လျားသည့် မူးမြစ်ကူးတံတား(သမရိုး)ကို လုပ်ငန်းတန်ဖိုး ကျပ် ၂,၂၀၀ သန်း အကုန်အကျခံ၍ လည်းကောင်း စသည့် အဓိကမြစ်ကူးတံတားကြီးများကိုလည်း တည်ဆောက်ပြီးစီးဖွင့်လှစ်နိုင်ခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထပ်မံသိရသည်။

“တည်ဆောက်ဆဲ မြစ်ကူးတံတားတွေလည်း ရှိတယ်၊ အဲဒီတံတားတွေကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း အပြီးတည်ဆောက်သွားမယ်” ဟု စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ထပ်မံဆိုသည်။

လက်ရှိတွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂,၁၂၅ ပေ ရှည်လျားသည့် မူးမြစ်ကူးတံတား(ရေဦး)ကို လုပ်ငန်းတန်ဖိုး ကျပ်သန်း ၅,၈၀၀ အကုန်အကျခံ၍ လည်းကောင်း၊ ပေ တစ်ထောင် ရှည်လျားသည့် မူးမြစ်ကူးတံတား (ပင်လယ်ဘူး)ကို ကျပ်သန်း သုံးထောင် အကုန်အကျခံ၍ လည်းကောင်း၊ ပေ ၃၃၀ ရှည်လျားသည့် နန့်စလိန်တံတား (ခန္တီး-လဟယ်)ကို လုပ်ငန်းတန်ဖိုး ကျပ်သန်း ၁,၆၀၀ အကုန်အကျခံ ၍လည်းကောင်း၊ ၆၅၆ ပေ ရှည်လျားသည့် နန့်အယားတံတား (တမူး-ဟုမ္မလင်း)ကို လုပ်ငန်းတန်ဖိုး ကျပ် သန်း ၁,၇၅၅ အကုန်အကျခံ၍လည်းကောင်း တည်ဆောက်လျက်ရှိရာ လာမည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။

ကျော်ကျော်အောင်(ကလေးမြို့)
ဓာတ်ပုံ- ချင်းတွင်းမြစ်ကူးတံတား (ကလေး၀) အား တွေ့ရစဉ်။

LEAVE A REPLY

Please enter your comment!
Please enter your name here