စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရီးသည်တင် ယာဉ်လိုင်းများနှင့် ချင်းတွင်းမြစ်ကြောင်းသွား ခရီးသည်တင်ရေယာဉ်များအားလုံး စက်တင်ဘာ ၁၇ ရက်မှစ၍ ယာယီရပ်နားရမည်

96

 

မန္တ​လေး၊ စက်တင်ဘာ ၁၆

Covid-19 ကမ္ဘာ့ကပ်ရောဂါကို ထိန်းချုပ်ကာကွယ်နိုင်ရန်အတွက် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြို့နယ်ချင်းဆက် ပြေးဆွဲလျက်ရှိသော ခရီးသည်တင် ယာဉ်လိုင်းများနှင့် ချင်းတွင်းမြစ်ကြောင်းသွား ခရီးသည်တင်ရေယာဉ်များအားလုံး စက်တင်ဘာ ၁၇ ရက်မှစ၍ ယာယီရပ်နားထားရမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။

“အခု စစ်ကိုင်းတိုင်းအတွင်းမှာ Covid-19 ရောဂါပိုး Positive တွေ့ရှိထားတဲ့လူနာ အရေအတွက် တိုးလာတဲ့အတွက် ကာကွယ်မှုတွေ လုပ်ဆောင်နိုင်အောင်လို့ အခုလို ယာဉ်လိုင်းတွေနဲ့ ရေယာဉ်လိုင်းတွေ ယာယီရပ်နားကြဖို့ ဆုံးဖြတ်လိုက်တာပါ” ဟု စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။

ယခင်က စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များနှင့် အခြားတိုင်းနှင့် ပြည်နယ်များရှိ မြို့များသို့ ပြေးဆွဲသော ခရီးသည်တင် ယာဉ်လိုင်းများသာ ပိတ်ပင်ခဲ့သော်လည်း ယခုအခါ Covid-19 ရောဂါကူးစက်မှုနှုန်းမြင့်မားသည့် ဒေသများမှ တိုင်းဒေသကြီးအတွင်းသို့ ပြန်လည်၀င်ရောက်လာသူများအနက် ကိုးဦးမှာ Covid-19 ရောဂါပိုး ထပ်မံတွေ့ရှိခဲ့သဖြင့် ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရန် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြို့နယ်အသီးသီးသို့ ပြေးဆွဲလျက်ရှိသော ခရီးသည်တင်ယာဉ်လိုင်းများနှင့် ချင်းတွင်းမြစ်ကြောင်းသွား ခရီးသည်တင်ရေယာဉ်များအားလုံး စက်တင်ဘာ ၁၇ ရက်မှစ၍ ယာယီရပ်နားထားရမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က ယနေ့ ထုတ်ပြန်သည်။

“အရင်က စစ်ကိုင်းတိုင်းအတွင်းမှာ Covid-19 ပိုးတွေ့လူနာ ကိုးဦးပဲရှိတယ်၊ အခု ရောဂါကူးစက်မှုမြင့်မားတဲ့ဒေသတွေကနေ ပြန်ရောက်လာတဲ့သူတွေနဲ့ ပြည်ပကျန်တချို့ကို စစ်ဆေးကြည့်လိုက်တဲ့အခါ ပိုးတွေ့လူနာ ကိုးဦး နောက်ထပ် ထပ်တိုး တွေ့ရှိတဲ့အတွက် ကူးစက်မှုနှုန်း ထိန်းချုပ်နိုင်အောင် အခုလို ယာယီရပ်နားခိုင်းလိုက်ရတာပါ” ဟု စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာ၀န်ရှိသူတစ်ဦးက ထပ်မံဆိုသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ခရီးသည်တင်ယာဉ်လိုင်းများနှင့် ချင်းတွင်းမြစ်ကြောင်းသွား ခရီးသည်တင်ရေယာဉ်လိုင်းများအားလုံး စက်တင်ဘာ ၁၇ ရက်မှစ၍ ယာယီရပ်နားရမည်ဖြစ်သော်လည်း ကုန်စည်စီးဆင်းမှုအတွက် ကုန်တင်ကားများ၊ ကုန်တင်ယာဉ်လိုင်းများနှင့် ကုန်တင်​ရေယာဥ်များကိုမူ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ပြေးဆွဲခွင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here