စစ်ကိုင်းတိုင်းဒေသကြီးအတွင်းသို့ ၀င်ရောက်နိုင်သည့် မြို့နယ်များ၏ ၀င်ပေါက်ထွက်ပေါက်နေရာများတွင်သာ ကျန်းမာရေးစစ်ဆေးမှုများ လုပ်ဆောင်တော့မည်

108

 

က​လေး၊ ဇွန် ၅

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း Covid-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အတိုင်းအတာတစ်ခုအထိ ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်၍ မြို့နယ်တိုင်းတွင် ကျန်းမာရေးစစ်ဆေးမှုများ မလုပ်တော့ဘဲ စစ်ကိုင်းတိုင်းအတွင်းသို့ ၀င်ရောက်နိုင်သည့် မြို့နယ်များ၏ ၀င်ပေါက်ထွက်ပေါက်နေရာများတွင်သာ ကျန်းမာရေးစစ်ဆေးမှုများ လုပ်ဆောင်တော့မည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။

“စစ်ကိုင်းတိုင်းအတွင်းက မြိ့နယ်တိုင်းမှာ တခြားတိုင်းနဲ့ပြည်နယ်တွေက ၀င်ရောက်လာသူတွေကို Covid-19 ရောဂါနဲ့ပတ်သက်လို့ ကျန်းမာရေးစစ်ဆေးမှုတွေ တောက်လျှောက်လုပ်ခဲ့တယ်ပေါ့နော်၊ အဲဒီလိုလုပ်ဆောင်တဲ့အခါမှာ ကုန်စည်ပို့ဆောင်မှုနဲ့ တခြား၀န်ဆောင်မှုလုပ်ငန်းတွေမှာ အနည်းငယ်ကြန့်ကြာတာလေးတွေရှိတယ်၊ ဒါကြောင့် သူတို့တွေ အဆင်ပြေချောမွေ့စေဖို့ မြို့၀င်မြို့ထွက်ဂိတ်တွေနဲ့ ရပ်ကွက်၊ ကျေးရွာတွေမှာ စစ်ဆေးဆောင်ရွက်ခြင်း မလုပ်တော့ဘူး၊ အဓိက တိုင်းဒေသကြီးအတွင်း ၀င်ရောက်နိုင်တဲ့ မြို့နယ်တွေရဲ့ အ၀င်အထွက်နေရာတွေမှာပဲ ကျန်းမာရေးစစ်ဆေးမှုတွေ လုပ်တော့မယ်” ဟု စစ်ကိုင်းတိုင်းဒေသကြီး Covid-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ တာ၀န်ရှိသူတစ်ဦးက ပြောကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း Covid-19 ရောဂါ ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာပေါင်း ခုနစ်ဦးရှိခဲ့ပြီး ယင်း ခုနစ်ဦးသည်လည်း ကျန်းမာရေးဌာနမှ ကုသပေးခဲ့၍ ယခုအခါ Covid-19 ရောဂါပိုးမတွေ့ရှိတော့ဘဲ ဆေးရုံမှ ဆင်းခွင့်ပြုနိုင်ခဲ့သဖြင့် အဆိုပါ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အတိုင်းအတာတစ်ခုအထိ ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ထို့ကြောင့် ယခုအခါ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းသို့ အခြားတိုင်းနှင့်ပြည်နယ်များမှ ၀င်ရောက်လာသူများအား Covid-19 ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ရာတွင် ကုန်စည်ပို့ဆောင်မှုနှင့် အများပြည်သူ၀န်ဆောင်မှုများလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် မြို့၀င်/မြို့ထွက်ဂိတ်များနှင့် ရပ်ကွက်ကျေးရွာများတွင် စစ်ဆေးဆောင်ရွက်ခြင်းများ မလုပ်ဆောင်တော့ရန် ညွှန်ကြားခြင်းဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး Covid-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။

“စစ်ကိုင်းတိုင်းအ၀င်အထွက်ရှိတဲ့ မြို့နယ်တွေမှာတော့ ကျန်းမာရေးစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်၊ ဘယ်ကလာတယ်၊ ဘယ်ကိုသွားမယ်ဆိုတာနဲ့ ဖုန်းနံပါတ်၊ နေရပ်လိပ်စာကိုတော့ အရင်လိုပဲ မှတ်တမ်းကောက်ခံမှာပေါ့နော်” ဟု အဆိုပါကော်မတီမှ တာ၀န်ရှိသူတစ်ဦးက ထပ်မံဆိုသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း Covid-19 ရောဂါပိုးတွေ့ရှိခဲ့သည့်လူနာများသည် ကလေးမြို့မှ အများဆုံးတွေ့ရှိခဲ့ပြီး ယခုအခါ အဆိုပါလူနာများအားလုံးလည်း ဆေးရုံမှဆင်းသွားပြီးဖြစ်ကာ လက်ရှိတွင် ရန်ကုန်တိုင်း မြို့နယ် ​လေးမြို့နယ်မှပြန်လာသော ခရီးသွားများကိုမူ ကလေးမြို့ရောက်သည်နှင့် Quarantine ၂၁ ရက်နှင့် နေအိမ်တွင် ခုနစ်ရက် Quarantine ၀င်ရဦးမည်ဖြစ်ကြောင်း သိရသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here