စစ်ကိုင်းတက္ကသိုလ်ရှေ့ ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် လမ်းလယ်ကပ်တုံးနှင့် လမ်းလယ် LED မီးတိုင်များ တပ်ဆင်မှု ဇွန်လကုန် ပြီးစီးမည်

122

 

မန္တလေး၊ ဇွန် ၃

စစ်ကိုင်းတက္ကသိုလ်ရှေ့ မန္တလေး-မုံရွာလမ်းပိုင်းတွင် တက္ကသိုလ်တက်ရောက်နေသည့် ကျောင်းသား၊ ကျောင်းသူများ ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် လမ်းလယ်ကပ်တုံးနှင့် လမ်းလယ် LED မီးတိုင်များကို မေ ၂၈ ရက်မှ စတင်တပ်ဆင်နေပြီဖြစ်ပြီး ယခုဇွန်လကုန် ပြီးစီးမည်ဖြစ်ကြောင်း စစ်ကိုင်းမြို့နယ်စည်ပင်သာယာရေးကော်မတီမှ သိရသည်။

“စစ်ကိုင်း ဝိဇ္ဇာ၊ သိပ္ပံ တက္ကသိုလ်ရှေ့မှာ လူကူးမျဉ်းကျားပြုလုပ်ထားတယ်၊ ကျောင်းသား၊ ကျောင်းသူတွေက လူကူးမျဉ်းကျားအတိုင်း ကူးပေမဲ့ မုံရွာဘက်ကလာတဲ့ယာဉ်တွေက အရှိန်မလျှော့ဘဲ မောင်းနှင်တာကြောင့် ယာဉ်မတော်တဆဖြစ်တဲ့ဖြစ်စဉ်တွေ ရှိခဲ့ဖူးတယ်၊ တချို့ကျတော့လည်း ဆိုင်ကယ်နဲ့ လမ်း ဟိုဘက်ဒီဘက်ကူးရင်း ယာဉ်မတော်တဆဖြစ်တာတွေရှိတယ်။ ဒါကြောင့် အဲဒီနေရာမှာ ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် လမ်းလယ်ကပ်တုံးနဲ့ လမ်းလယ် LED မီးတိုင်တွေ တပ်ဆင်သင့်တယ်လို့ တိုင်းအစိုးရအဖွဲ့ကို တင်ပြတဲ့အတွက် ဇန်နဝါရီလကတည်းက စအကောင်အထည်ဖော်ဖို့ ပြင်ဆင်ကြတယ်၊ အခုခွင့်ပြုချက်ကျလို့ မေ ၂၈ ရက်က စတပ်ဖြစ်တယ်။ ဇွန်လကုန်ဆို ပြီးစီးမယ် ** ဟု အဆိုပါကော်မတီ ဥက္ကဌ ဦးဝင်းနိုင်က ပြောကြားသည်။

ယင်းသို့ တပ်ဆင်ရာတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ထောက်ပံ့ငွေဖြင့် လမ်းလယ်ကပ်တုံးများကို ရွှေတောင်ကုမ္ပဏီ၊ လမ်းမီးတိုင်များကို တိုင်းလျှပ်စစ်ဌာနမှ တိုက်ရိုက်လုပ်ဆောင်ခြင်းဖြစ်ပြီး စစ်ကိုင်းမြို့နယ်စည်ပင်သာယာရေးကော်မတီမှ လိုအပ်သည်များကို စီမံဆောင်ရွက်၍ အနီးကပ်ကြီးကြပ်ပေးရကြောင်း၊ ယခုအခါ စစ်ကိုင်းတက္ကသိုလ်ရှေ့တွင် Double Arm များဖြင့် လျှပ်စစ်မီးထွန်းညှိပေးမည့် လမ်းမီးတိုင် ခုနစ်တိုင်နှင့် လမ်းလယ်ကပ်တုံးများ လုပ်ဆောင်နေပြီး တက္ကသိုလ်ပြန်လည်ဖွင့်လှစ်ချိန်တွင် အဆင်သင့်ပြီးစီးနေမည်ဖြစ်ကြောင်း အဆိုပါကော်မတီမှ ထပ်မံသိရသည်။

“လမ်းလယ်ကပ်တုံးနဲ့ လမ်းလယ်မီးတိုင်တွေ တပ်ဆင်လိုက်မယ်ဆိုရင် စစ်ကိုင်းတက္ကသိုလ်ရှေ့ရောက်သည့်ယာဉ်တိုင်း ပိုမိုသတိထားမိလာမယ်၊ ဘေးပတ်ဝန်းကျင်ကို ပိုပြီးသတိထားမိလာမယ်ဆိုရင် အရှိန်လျှော့ပြီး မောင်းနှင်လာမယ်ပေါ့၊ အဓိကက ယာဉ်အန္တရာယ်ဖြစ်တာ လျော့ကျဖို့ ရည်ရွယ်လုပ်ဆောင်ဖြစ်တာ” ဟု စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးဝင်းနိုင်က ထပ်မံဆိုသည်။

စစ်ကိုင်းတက္ကသိုလ်အနီးတွင်နေထိုင်သူ ဒေါ်သီကလည်း “စစ်ကိုင်းတက္ကသိုလ်မရောက်ခင် အရှိန်လျှော့မောင်းကြဖို့ သတိပေးဆိုင်းဘုတ်တွေလည်းထောင်ထားတယ်၊ လူကူးမျဉ်းကျားလည်း ဆွဲထားတယ်၊ ဒါကိုကားတွေက အရှိန်မလျှော့ကြတာ၊ တကယ်ဆိုရင် ကားတွေက တက္ကသိုလ်နားရောက်တိုင်း အတတ်နိုင်ဆုံး အရှိန်လျှော့မောင်းသင့်တယ်၊ အခုဆို လမ်းလယ်ကပ်တုံးနဲ့ မီးတိုင်တွေ စတပ်နေတာ တွေ့တယ်၊ အခုလိုတပ်ပြီးရင်တော့ ယာဉ်အန္တရာယ်ဖြစ်မှုနည်းသွားရင်ကောင်းတာပေါ့” ဟု ပြောသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here