စက်သုံးဆီစျေးများ ထပ်မံကျဆင်းမှသာ CNG စျေးချပေးရန် စဉ်းစားမည်

350

 

ရန်ကုန်၊ ဧပြီ ၂၈

စက်သုံးဆီစျေးများ ထပ်မံကျဆင်းမှသာ CNGစျေးချ​ပေးရန် စဉ်းစားမည် ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့် သဘာဝဓါတ်​ငွေ့လုပ်ငန်းမှ သိရသည်။

Covid-19 ကူးစက်​​ရောဂါ​ကြောင့်ကမ္ဘာ့စီးပွား​ရေး ကျဆင်းခြင်းနှင့်အတူ ကမ္ဘာ့​​ရေနံ​​စျေး ကျဆင်းလာ၍ ပြည်တွင်း၌ စက်သုံးဆီ စျေးများလည်း ကျဆင်းလျက်ရှိသည်။သို့သော် လက်ရှိတွင် စက်သုံးဆီတစ်ဂါလန်နှင့်ညီမျှ​သော CNG ပမာဏကို ယခု ဆီတစ်ဂါလန်၏တန်ဖိုး ​အောက်စျေးဖြင့် အရှုံးခံ၍ ရောင်းချပေးထားခြင်း ဖြစ်​​သောကြောင့် ပြည်တွင်း စက်သုံးဆီစျေးများ ယခုပေါက်စျေးထက် ပို၍ကျဆင်းမှသာ CNG စျေးများ လျှော့ချပေးရန် စဉ်းစားမည် ဖြစ်​ကြောင်း သိရသည်။

“စက်သုံးဆီစျေးချလို့ CNG စျေး ဘာလို့မချရလဲဆိုရင် CNG က ပြည်တွင်းမှာ လွန်ခဲ့တဲ့ နှစ် သုံးဆယ်ကျော် ကတည်းက အသုံးပြုခဲ့တာဖြစ်ပါတယ်၊ ဒီကာလအတွင်းမှာ ၁၉၉၅ ခုနှစ်မှာ တစ်ကြိမ်၊ ၂၀၀၇ ခုနှစ်မှာ တစ်ကြိမ် နှုန်းထား တိုးခဲ့ပါတယ်၊ အခုအချိန်မှာ စက်သုံးဆီစျေးတွေ သိသိသာသာကျတယ်ဆို​ပေမဲ့ အခုပေါက်တဲ့စျေးနဲ့တွက်မယ်ဆိုရင် CNG စျေးက သက်သာ​နေပါ​သေးတယ်၊ လက်ရှိမှာ ဓါတ်ဆီတစ်ဂါလန်နဲ့ညီမျှတဲ့ CNG ကို ကျပ်တစ်ထောင်နဲ့ အရင်ကတည်းက နိုင်ငံတော်က အရှုံးခံပြီး ရောင်းပေးထားပြီးဖြစ်လို့ ဆီစျေး ဒီထက်ကျ ဆင်းမှ CNG စျေးချပေးဖို့ စဉ်းစားနိုင်မယ် ထင်ပါတယ် “ဟု မြန်မာ့ရေနံနှင့် သဘာဝဓါတ်​ငွေ့လုပ်ငန်းမှ အထွေထွေမန်နေဂျာ ဦးလှဝင်း​ဌေးက​ ရှင်းပြသည်။

လက်ရှိတွင် ရန်ကုန်တိုင်း​ဒေသကြီးအတွင်း CNG သဘာဝဓါတ်​ငွေ့ အသုံးပြုသည့်ယာဉ်များတွင် ခရီးသည်တင်ယာဉ် ၄,၅၀၀ ဝန်းကျင်နှင့် တက္ကစီယာဉ် ၁၇,၀၀၀ ကျော်ရှိကြောင်း သိရသည်။

ဆန်းသစ်အောင်၊ရဲထွန်း​ကျော်

LEAVE A REPLY

Please enter your comment!
Please enter your name here