စက်သုံးဆီစျေးနှုန်းထိန်းညှိရန် အစိုးရရောင်းချပေးနေသည့် ပြည်တွင်းထုတ် ဓာတ်ဆီဂါလန်သုံးသန်းတွင်   ဂါလန်ခြောက်သိန်း ရောင်းချထား

632

ရန်ကုန်၊ မေ

ပြည်တွင်း၌ ရောင်းချနေသည့် စက်သုံးဆီစျေးနှုန်းထိန်းညှိရန် အစိုးရရောင်းချပေးနေသည့် ပြည်တွင်းထုတ် ဓာတ်ဆီဂါလန် သုံးသန်းတွင် ဂါလန်ခြောက်သိန်း ရောင်းချထားပြီးဖြစ်ကြောင်း မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းဖြန့်ဖြူးရောင်းချရေးအသင်းမှ သိရသည်။

ရေနံဓာတုဗေဒစက်ရုံမှ ပြည်တွင်းထုတ် ဓာတ်ဆီများကို ယခင်က တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ရာမှ စက်သုံးဆီစျေးနှုန်းများ ထိန်းချုပ်နိုင်ရန် ရည်ရွယ်၍ ပြည်တွင်းထုတ်ဓာတ်ဆီများကို ရောင်းချပေးနေပြီး မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းဖြန့်ဖြူးရောင်းချရေး အသင်းမှ စက်သုံးဆီကုမ္ပဏီများနှင့် စက်သုံးဆီဆိုင်များကို ဝယ်ယူလိုသည့် ပမာဏအလိုက် စာရင်းပေးပို့ရန် ဧပြီ ၁၉ ရက်တွင် အကြောင်းကြားခဲ့သည်။ ဧပြီ ၂၃ ရက်တွင် စက်သုံးဆီကုမ္ပဏီများထံသို့ စတင်ရောင်းချပေးခဲ့ပြီး မေလ ပထမပတ် အထိ စက်သုံးဆီကုမ္ပဏီနှစ်ဆယ်ကို ဓာတ်ဆီဂါလန်ခြောက်သိန်းကျော် ရောင်းချပေးခဲ့ကြောင်း သိရသည်။

”စတင်ရောင်းချပေးတဲ့ နှစ်ပတ်အတွင်းမှာပဲ ဂါလန်ခြောက်သိန်းကျော်အထိ ရောင်းချပေးခဲ့ပါတယ်၊ ကနဦးအနေနဲ့ စက်သုံးဆီကုမ္ပဏီတွေကိုပဲ ရောင်းချပေးနေတာဖြစ်ပါတယ်၊ စက်သုံးဆီဆိုင်အလိုက် ရောင်းချပေးတာမရှိပေမဲ့ ဝယ်ချင်တဲ့ဆိုင်တွေအနေနဲ့ စက်သုံးဆီကုမ္ပဏီတွေနဲ့ ချိတ်ဆက်ပြီးဝယ်လို့ရပါတယ်၊ ပြည်ပက တင်သွင်းတဲ့ စက်သုံးဆီနဲ့ ပြည်တွင်းထုတ်စက်သုံးဆီတွေကို ရောနှောရောင်းချတာမရှိအောင် စက်သုံးဆီအသင်းအနေနဲ့ ထိန်းချုပ်မှုတွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်”ဟု ‘မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းဖြန့်ဖြူးရောင်းချသူများအသင်း’ ဥက္ကြ ဦးဝင်းမြင့်က ဆိုသည်။

မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းအနေဖြင့် ပြည်တွင်းထုတ်ဓာတ်ဆီများ ဝယ်ယူပြီး ပြန်လည်ရောင်းချမည့် စက်သုံးဆီဆိုင်များကို ပြည်ပမှ တင်သွင်းထားသော ဓာတ်ဆီများနှင့် ရောနှောရောင်းချခြင်းမရှိစေရန် ထိန်းချုပ်မှုများပြုလုပ်နိုင်ရန်အတွက် ပြည်တွင်းထုတ်ဓာတ်ဆီများ ဝယ်ယူခဲ့သည့် ကုမ္ပဏီများထံမှတစ်ဆင့် ပြန်လည်ဝယ်ယူရောင်းချနေသည့် စက်သုံးဆီဆိုင်စာရင်းများကို ကုမ္ပဏီအသီးသီးထံမှ တောင်းခံထားကြောင်း သိရသည်။

ရဲထွန်းကျော်

LEAVE A REPLY

Please enter your comment!
Please enter your name here