စက်တပ်သုံးဘီးယာဉ်(Auto Rickshaw)ဆိုတဲ့ အသုံးအနှုန်း ကို အိန္ဒိယနိုင်ငံက ခေါ်ဝေါ်တာ ဖြစ်ပါတယ်။ အဲဒီလို ယာဉ်အမျိုး အစားကိုပဲ ပါကစ္စတန်နိုင်ငံမှာ Rickshaw ၊ ဘဂင်္လားဒေ့ရှ်မှာ CNG ၊ အင်ဒိုနီးရှားနိုင်ငံ မြို့တော်ဂျာကာတာ မှာ Bajay ၊ ဒါမှမဟုတ် Bajaj ၊ ဘာလီ မှာတော့ Bemo ၊ ထိုင်းနိုင်ငံနဲ့ အီဂျစ်နိုင်ငံ တို့မှာတော့ Tuk-Tuk ၊ နိုက်ဂျီးရီးယားနိုင်ငံ မှာတော့ Keke ၊ Napep ၊ Maruwa ၊ ဖိလစ်ပိုင်နိုင်ငံမှာတော့ Rick ၊ Tricycle အစရှိသဖြင့် ခေါ်ဝေါ်ကြပါတယ်။ ကမ္ဘာ့အကြီးဆုံး Auto Rickshaw ထုတ်လုပ်တဲ့ ကုမ္ပဏီကြီးကတော့ Bajaj Auto ပဲ ဖြစ်ပါတယ်။ Auto Rickshaw အတော် များများက သုံးဘီးတပ်ယာဉ်တွေ ဖြစ်ပြီး ကမ္ဘာ့နိုင်ငံ အတော်များများရဲ့ မြို့ပြသယ်ယူပို့ဆောင်ရေးအတွက် အငှားယာဉ်အနေနဲ့ရော ကိုယ်ပိုင်ယာဉ်အနေနဲ့ပါ အသုံးပြုကြပါတယ်။ များသောအားဖြင့် အပူပိုင်းနဲ့ အပူ လျော့ပိုင်းရာသီဥတုရှိကြတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံ အတော်များများမှာ အသုံးပြုကြလေ့ ရှိပါတယ်။
Auto Rickshaw တွေရဲ့ သမိုင်းကြောင်းကို ခြေရာကောက် ကြည့်ရင် ၁၉၃၄ ခုနှစ်ကတည်းက ဂျပန်နိုင်ငံဟာ ထိုင်းနိုင်ငံကို သုံးဘီးတပ်ယာဉ်တွေ တင်ပို့ခဲ့ပါတယ်။ ဒါ့ပြင်ဂျပန်နိုင်ငံရဲ့ စာတိုက်နဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနက အရှေ့တောင်အာရှဒေသအတွက် တစ်ပတ်ရစ်သုံးဘီး ယာဉ်နှစ်သောင်းလောက်ကိုလည်း လှူဒါန်းခဲ့ ပါသေးတယ်။ ဂျပန်မှာတော့ သုံးဘီးယာဉ်အမျိုးအစားကို ၁၉၆ဝ ပြည့်လွန်နှစ်နှောင်းပိုင်းကာလတွေကနေစပြီး အသုံးမပြုကြ တော့ပါဘူး။ ၁၉၄၇ ခုနှစ်မှာ အီတလီကုမ္ပဏီ Piaggio ရဲ့ လေယာဉ် ဒီဇိုင်နာနဲ့ Vespa စကူတာ တီထွင်သူ Corradino D’Ascanio ဆိုသူက ပေါ့ပါးတဲ့ လုပ်ငန်းသုံး သုံးဘီးတပ်ယာဉ်တစ်မျိုးကို ဖန်တီးဖို့ အတွက် စိတ်ကူးရခဲ့ပြီး Piaggio Ape သုံးဘီးကားအမျိုးအစား ပေါ် ထွက်လာပါတယ်။
Auto Rickshaw တွေ မှာ မတူညီတဲ့ အမျိုးအစား၊ ဒီဇိုင်းနဲ့ ပုံစံကွဲတွေ အများ ကြီးရှိပါတယ်။ အသုံးများတဲ့ အမျိုးအစားကတော့ ဘီးသုံးဘီးအပေါ် သတ္တုပြားကိုယ်ထည်၊ ဒါမှမဟုတ် ဟင်းလင်းပွင့် ဖရိမ်နဲ့ ရွက်ဖျင်စကို အမိုးလုပ်ပြီး ဘေးတစ်ဖက်တစ်ချက်စီမှာလည်း လိုက်ကာတွေ ချထားလေ့ရှိပါတယ်။ မောင်းသူအတွက်ကတော့ ယာဉ်ရဲ့ရှေ့ပိုင်းမှာ အခန်းငယ်ပုံစံ ပြုလုပ်ပေးထားပြီး အနောက်ဘက်မှာတော့ ခရီးသည်တွေနဲ့ ကုန်ပစ္စည်းတွေ တင်ဆောင်နိုင်ဖို့ နေရာလွတ် ပါရှိပါတယ်။ ၁၉၉၈ ခုနှစ်၊ ဇူလိုင်လမှာ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တော် အုပ်ချုပ်ရေးအဖွဲ့က လေထုအရည်အသွေး ကောင်းမွန်စေဖို့ မြို့တော်အတွင်း အသုံးပြုနေကြတဲ့ ယာဉ်တွေအား လုံးကို CNG ၊ ဒါမှမဟုတ် LPG သဘာဝဓာတ်ငွေ့ ပြောင်းလဲအ သုံးပြုဖို့ အမိန့်ချမှတ်လိုက်ပြီးနောက်ပိုင်း ပြည်နယ်အစိုးရ တော် တော်များများကလည်း အလားတူ ကျင့်သုံးလာတဲ့အတွက် အိန္ဒိယ မြို့ကြီးအများစုက Auto Rickshaw တွေဟာ CNG အသုံးပြု လာကြပါတယ်။ ပါကစ္စတန်နိုင်ငံမှာလည်း အလားတူ တားမြစ်လာ တဲ့အတွက် ပါကစ္စတန်နိုင်ငံရဲ့ မြို့အတော်များများမှာ CNG ဓာတ်ငွေ့သုံးတဲ့ Auto Rickshaw အရေအတွက် အမြောက်အမြား တိုးပွားလာခဲ့ပါတယ်။ Auto Rickshaw တွေကို ၁၉၈၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ Octopussy အမည်ရ ကမ္ဘာကျော် ဂျိမ်းစ်ဘွန်းဇာတ်ကားရဲ့ ဇာတ်ဝင်ခန်းတွေထဲမှာ အတော်များများ ထည့်သွင်း ရိုက်ကူးထားတာကိုလည်း တွေ့ရမှာပါ။