ငွေကြေးစျေးကွက်နှင့် ဆီစျေးမြင့်တက်မှုတို့ကြောင့် အင်ဂျင်ပါဝါအနိမ့်ကားလေးများသာ အရောင်းအဝယ်ဖြစ်နေသည့် မန္တလေးကားစျေးကွက်

1303

ဂျပန် ညာမောင်းကားများ တင်သွင်းမှုမရသည့်အပြင် လက်ရှိဖြစ်ပေါ်နေသည့် ငွေကြေးစျေးကွက်မြင့်တက်မှုနှင့် စက်သုံးဆီစျေးမြင့်တက်မှုတို့ကြောင့် အင်ဂျင်ပါဝါသေးသည့်ကားများကို ရွေးချယ်အသုံးပြုမှုများလာ၍ ပွိုင့်သရီးကားလေးများနှင့် ၆၆ဝ စီစီ မီနီထရပ်(ခွေးဘီလူး)ကားလေးများ စျေးနှုန်းမြင့်တက်လာကြောင်း မန္တလေးကားစျေးကွက်အတွင်းရှိ ကား ဝယ်/ရောင်းများထံမှ သိရသည်။ လက်ရှိ မန္တလေးကားစျေးကွက်တွင်လည်း ပွိုင့်သရီးနှင့် ခွေးဘီလူးကားလေးများသာ ဦးဆောင်လျက်ရှိပြီး ပွိုင့်သရီး ကားတစ်စီးလျှင် ကျပ်ငါးသိန်းဝန်းကျင်၊ ခွေးဘီလူး ကားသစ်တစ်စီးလျှင် ကျပ်ငါးသိန်းမှ ၁ဝ သိန်းဝန်းကျင်နှင့် အဟောင်းတစ်စီးလျှင် ကျပ်နှစ်သိန်းမှ သုံးသိန်းဝန်းကျင် စျေးနှုန်းမြင့်တက်သွားကြောင်း သိရသည်။

”ခွေးဘီလူးလေးတွေ၊ ပွိုင့်သရီးလေးတွေ စျေးတက်ဖို့အရှိန်ယူလာကြတယ်၊ အဓိကကျတဲ့အချက်ကတော့ ဂျပန်ညာမောင်းကား သွင်းမရတာကြောင့်ပါ၊ ပြီးတော့ ငွေစျေးနည်းနည်းတက်တာလည်းပါတယ်၊ ဆီစျေးအခြေအနေကြောင့် အင်ဂျင်ပါဝါသေးတာတွေကို ရွေးချယ်လာကြတာတွေကြောင့်လည်းပါတယ်”ဟု မန္တလေးမြို့မှ ကားဝယ်/ရောင်းတစ်ဦးက လက်ရှိ ကားစျေးနှုန်းအခြေအနေကို ပြောသည်။

Consignment ကားများကို ယခင်က သက်တမ်းတိုးပေးခြင်းများပြုလုပ်ပေးသော်လည်း ယခုလမှစ၍ သက်တမ်းတိုးပေးခြင်းမရှိဘဲ စလစ်ကပ်ရောင်းချသွားမည်ဖြစ်ရာ Consignment ကားလက်ကျန်နည်းပါးခြင်းကြောင့် ကားစျေးကွက်ကိုမူ ပြောင်းလဲမှုမရှိနိုင်ကြောင်း သိရသည်။ ကားစျေးနှုန်းများမှာမူ ညာမောင်းကား ထပ်မံတင်သွင်းခွင့်မရရှိခြင်းကြောင့် ရောက်ရှိပြီး ညာမောင်းကားစျေးကွက်မှာ ထပ်မံကျနိုင်သည့်အနေအထားမရှိဘဲ တက်ရိပ်ပြနိုင်သည့်အလားအလာတွင်သာ ရှိနေကြောင်း ကား ဝယ်/ရောင်းများထံမှ သိရသည်။ လက်ရှိအသုံးပြုသူများအနေဖြင့် ဂျပန် Used ကားများကို ရင်းနှီးအသားကျနေသည့်အတွက် လာမည့် ၂ နှစ်၊ သုံးနှစ်ကာလအထိ ဂျပန် Used ညာမောင်းကားများမှာ စျေးကွက်ကို ဆက်လက်ဦးဆောင်နိုင်မည် ဖြစ်ကြောင်း သုံးသပ်ကြသည်။

‘ဝယ်မယ့်သူ ရှိတာ၊ မရှိတာက တစ်ပိုင်း တစ်က@ပေါ့၊ ဖြစ်ပေါ်လာမယ့်စျေးကွက်ကို ကြိုပြီးလှမ်းထားတာက စီးပွားရေးသမားတွေရဲ့အလုပ်ပေါ့၊ လက်ရှိမှာ အရောင်းအဝယ်က ရပ်သွားတဲ့အနေအထားလည်း မဟုတ်ဘူး၊ အကောင်းကြီးအနေအထားလည်းမဟုတ်ဘဲ မှန်မှန်လေးတော့ သွားနေတာပါပဲ၊ ပြောရမယ်ဆိုရင် အခုက ပွင့်လင်းရာသီလည်း မဟုတ်တော့ဘူး၊ မကြာခင် မိုးရာသီရောက်ရှိတော့မယ်၊ နယ်အဝယ်နည်းပေမဲ့ မြို့ပေါ်ဝယ်လက်ကတော့ သူ့ဟာနဲ့သူ ရှိပါတယ်”ဟု ဝါရင့် ကားဝယ်/ရောင်း ဦးဝင်းမြင့်ဦးက လက်ရှိ မန္တလေးကားစျေးကွက်အခြေအနေကိုပြောသည်။

ယခုရက်ပိုင်း၌ အင်ဂျင်ပါဝါကြီး ကားအမျိုးအစားများ အရောင်းအဝယ်အေးလျက်ရှိပြီး လူသုံးများသည့် Toyota Wish ၊ Kluger ၊ Alphard အစရှိသည့် ကားအမျိုးအစားအနည်းငယ်သာ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။ Toyota Wish ကားများတွင် ကျပ်သိန်း နှစ်ရာမှ ၂၅ဝ ဝန်းကျင်၊ Kluger ကားများတွင် ကျပ်သိန်းသုံးရာမှ ၃၅ဝ ဝန်းကျင်၊ Alphard ကားများတွင် ကျပ်သိန်းသုံးရာမှ လေးရာဝန်းကျင် ကားဟောင်းများ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

လက်ရှိ မန္တလေးကားစျေးကွက်အခြေအနေမှာ ဝယ်လက်လာရောက်မှု နည်းသည့်အတွက် အရောင်းအဝယ်အေးလျက်ရှိပြီး နံပါတ်ထွက်ပြီး ကားဟောင်းလေးများနှင့် ခွေးဘီလူး ကားဟောင်းလေးများသာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

”ဒီအချိန်က ခါတိုင်းဆို ကျောင်းဖွင့်ရာသီဆိုတော့ အရောင်းအဝယ်သွက်တဲ့ရာသီဖြစ်ပေမဲ့ အခုတော့ အရောင်းအဝယ်မဖြစ်ဘူးဖြစ်နေတယ်၊ သိန်းတစ်ရာ၊ ၁၅ဝ ဝန်းကျင်ကားဟောင်းလေးတွေပဲ အမေးများတယ်”ဟု လမ်း ၆ဝ ကားဝိုင်းမှ ကားဝယ်/ရောင်း ကိုနောနော်က ပြောသည်။

စျေးကွက်အတွင်း လူသုံးများသော Honda Fit ၊ AD Van ၊ Mazda Demio ၊ Suzuki Swift စသည့် ကျပ်သိန်းတစ်ရာမှ ၁၅ဝ ဝန်းကျင်ကားများနှင့် ကျပ် ၈၅ သိန်းမှ တစ်ရာဝန်းကျင် ခွေးဘီလူးကားလေးများသာ အမေးများပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။ ၆၆ဝ စီစီ မီနီထရပ်အမျိုးအစားဖြစ်သည့် Suzuki (Manual) တစ်စီးလျှင် ကျပ် ၈၅ သိန်းဝန်းကျင် ၊ Suzuki (Auto) တစ်စီးလျှင် ကျပ် ၉၅ သိန်းဝန်းကျင်၊ Hijet (Manual) တစ်စီးလျှင် မိုဒယ်အလိုက် ကျပ်သိန်းတစ်ရာမှ ၁၁ဝ ဝန်းကျင်၊ Hijet (Auto) တစ်စီးလျှင် ကျပ်သိန်း ၁၃ဝ ဝန်းကျင်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် နှစ်နှစ်ဆယ်သက်တမ်းရှိ ကားများမှာ စလစ်လိုအပ်ချက်နည်းသည့်အပြင် သက်တမ်း နှစ်နှစ်ဆယ်ပြည့်ယာဉ်ရှားပါးမှုများကြောင့် စျေးကွက်အတွင်း အရောင်းအဝယ်အေးလျက်ရှိပြီး အို/ဟောင်းယာဉ်တစ်စီးလျှင် ကျပ်သိန်းရှစ်ဆယ်ဝန်းကျင်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကာ အမည်ပေါက် စလစ်တစ်စောင်လျှင် ကျပ်သိန်းကိုးဆယ်ဝန်းကျင်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

ပြည်ဘုန်းမောင်

 

LEAVE A REPLY

Please enter your comment!
Please enter your name here