ငြီးငွေ့စရာ သမားရိုးကျ ဆီဒန်ပုံစံကနေ ခွဲထွက်လိုက်တဲ့ 2018 Peugeot 508 GT Sedan

1154

ပြင်သစ်ကားကုမ္ပဏီတစ်ခုဖြစ်တဲ့ Peugeot ဟာ ၂ဝ၁၁ ခုနှစ်ကတည်းက ထုတ်လုပ်စျေးကွက်တင်ခဲ့တဲ့ အကြီးစားမိသားစုစီးကားမိုဒယ် ၅ဝ၈ ရဲ့ ဒုတိယမျိုးဆက်ကို ၂ဝ၁၈ ခုနှစ် ဂျီနီဗာကားပြပွဲကြီးမှာ တရားဝင်ပွဲထုတ်ပြသခဲ့ပါတယ်။ ၂ဝ၁၇ ခုနှစ်က ပွဲထုတ်ခဲ့ဖူးတဲ့ Shooting Brake Concept မိုဒယ်ကို မှီငြမ်းဖန်တီးထားတဲ့ ၅ဝ၈ မိုဒယ်သစ်ကို ငြီးငွေ့စရာ သမားရိုးကျဆီဒန်ပုံစံကနေ ခွဲထွက်ပြီး Coupe ကားကိုယ်ထည်ဆန်ဆန် တံခါးလေးပေါက်ဆီဒန်ကားအဖြစ် အဆင့်မြင့်လှပအောင် အသစ်မွမ်းမံဖန်တီးထားပါတယ်။ ကိုယ်ထည်ပုံစံပိုလှပပေမဲ့ စွမ်းဆောင်ရည်ကိုလည်း မလျော့ကျစေဘဲ လုံခြုံရေးအစီအမံတွေ ထပ်တိုးတပ်ဆင်ပေးထားတဲ့ 2018 Peugeot 508  မိုဒယ်သစ်ကို Trim Level အမျိုးမျိုးနဲ့ရရှိနိုင်ပြီး အဆင့်အမြင့်ဆုံးကတော့ 508 GT ဖြစ်ပါတယ်။

စက်စွမ်းရည်

Peugeot 508 ဆီဒန်ကားသစ်ကို ဓာတ်ဆီအင်ဂျင်နှစ်မျိုးနဲ့ ဒီဇယ် အင်ဂျင်လေးမျိုး စုစုပေါင်းအင်ဂျင်ခြောက်မျိုး ရွေးချယ်ရရှိနိုင်ပြီး အင်ဂျင် အပေါ်မူတည်လို့ မြင်းကောင်ရေ ၁၃ဝ အားကနေ ၂၂၅ ကောင်အားအထိ ထုတ်လုပ်ပေးနိုင်ပါတယ်။ အခြေခံ 508 မိုဒယ်မှာ မြင်းကောင်ရေ ၁၈ဝ အား 1.6 Liter ဓာတ်ဆီအင်ဂျင် တပ်ဆင်ထားပြီး အဆင့်အမြင့်ဆုံးနဲ့ စွမ်းဆောင်ရည်အကောင်းဆုံးလို့ ဆိုရမယ့် 508 GT ရဲ့ အင်ဂျင်ကတော့ မြင်းကောင်ရေ ၂၂၅ ကောင်အားအထိ ထုတ်လုပ်ပေးနိုင်မှာပါ။ အင်ဂျင် အားလုံးကို Auto ဂီယာရှစ်ချက်နဲ့ တွဲဖက်တပ်ဆင်ထားပါတယ်။ မောင်းနှင်မှုအပိုင်းကို ပြောရမယ်ဆိုရင် 508 မိုဒယ်သစ်ဟာ ဒီနေ့ခေတ်ရဲ့ အကောင်းဆုံးပလက်ဖောင်းတွေထဲက တစ်ခုလို့ဆိုရမယ့် EMP2  ပလက်ဖောင်းလိုမျိုး Peugeot PSA လုပ်ငန်းစုက ထုတ်ဖော်ဖန်တီးထားတဲ့ နည်းပညာနဲ့ ကျွမ်းကျင်မှုတွေကို လက်ခံရရှိထားတာကြောင့် စွမ်းအား ပြည့်ဝသွက်လက်မှုရှိပြီး အလေးချိန်လည်းလျော့နည်းရုံမကဘဲ ဆီစားနှုန်း ပိုနည်းသလို လုံခြုံရေးနဲ့ စွမ်းဆောင်ရည်တို့လည်း ပိုကောင်းမွန်ပါတယ်။ ကိုယ်ထည်ဂဟေဆက်တဲ့ နည်းပညာသစ်ကို မိတ်ဆက်အသုံးပြုထားပြီး ကားကို ပိုကျစ်လျစ်ကြံ့ခိုင်စေပါတယ်။

တည်ဆောက်ပုံ

အရင်မိုဒယ်နဲ့မတူဘဲ ပိုထူးခြားဆန်းသစ်တဲ့ 508 ဆီဒန်ကားသစ်ဟာ အရင် Concept ကားရဲ့ အလန်းစားဒီဇိုင်းတွေကို ပေါင်းစပ်ပြီး ကိုယ်ထည်အရွယ်အစားပိုသေးတဲ့ ဒီဇိုင်းအသွင်သစ်ကို ပိုင်ဆိုင်ထားပါတယ်။ ကိုယ်ထည်ပိုသေးငယ်ပြီး ပိုလည်းနိမ့်တဲ့ ၅ဝ၈ မိုဒယ်သစ်ရဲ့ ကိုယ်ထည်ဟာ မြင်မြင်ချင်းမှာတင် ထင်သာမြင်သာရှိပြီး စွမ်းအားပြည့်ဝဟန်လည်း ပေါက်ပါတယ်။ ကားကိုယ်ထည်ရဲ့ အလျားရော အနံရောဟာ အရင်မိုဒယ်ထက် ပိုတိုပြီး ကိုယ်ထည်ကလည်း အရင်ထက်ပိုနိမ့်တဲ့ ခပ်ဝပ်ဝပ် အနေအထားမျိုးရှိပါတယ်။ ကားရှေ့မျက်နှာစာမှာ ဗြက်ကျယ်တဲ့ အလန်းစားရှဲလ်(Grille)ဒီဇိုင်း၊ ရှည်လျားကျယ်ပြန့်တဲ့ လေစုပ်ပေါက်တို့နဲ့အတူ ဆွဲဆောင်အားကောင်းတဲ့ အရှေ့အလယ်ပိုင်းဒီဇိုင်းကို တွေ့မြင်ရမှာပါ။ သွယ်လျလှပတဲ့ ကားရှေ့မီးတွေကိုလည်း ရှဲလ်နဲ့ တစ်ဆက်တည်းလို ဖန်တီးထည့်သွင်းထားပါတယ်။ ကားအရှေ့ဘက် ထောင့်စွန်းနေရာတွေမှာ လေစုပ်ပေါက်ပုံစံအတုအစား ခပ်ခွက်ခွက်မျက်နှာပြင်ပုံစံမျိုးကို ထည့်သွင်းထားတာကြောင့် ကိုယ်ထည်ကောက်ကြောင်းတွေကို ပိုထင်ရှားသိသာစေပြီး ကားရှေ့မီးအုံတစ်ခုစီကနေ လေစုပ်ပေါက်ဆီအထိ အောက်ဘက်ကို ဒေါင်လိုက်ဖြာကျနေတဲ့ LED ကားမီးတွေကလည်း ကားရဲ့ အသွင်ကို ပိုပြီး ဆန်းပြားသစ်လွင်စေပါတယ်။ ထင်ရှားပေါ်လွင်တဲ့ ကားဘေးဘက်က အလယ်ကောက်ကြောင်းလိုင်းဟာ ကားမီးအုံဆီအထိ မရောက်ပေမဲ့ ကားတံခါးလက်ကိုင်ဝန်းကျင်က ကောက်ကြောင်းဒီဇိုင်းဟာ ကားရဲ့အသွင်ကို အဆင့်မြင့်မြင့် ပေါ်လွင်လှပစေပါတယ်။ ခပ်ခွက်ခွက်မျက်နှာပြင်နေရာကတော့ ကားအနောက်ဘက်ပိုင်းကို ရှိရင်းစွဲထက်ပိုပြီး တောင့်တင်းကြံ့ခိုင်ဟန်ပေါက်စေပါတယ်။ အဆင့်မြင့်စတိုင်လ်ကျတဲ့ ကားအနောက်ဘက်မှာလည်း သုံးခုတွဲကားနောက်မီးတွေဟာ ကားရဲ့ ဇိမ်ခံကားအသွင်ကို ပေါ်လွင်စေပြီး Rear Diffuser ဒီဇိုင်းကတော့ ပြိုင်ကားတစ်စီးရဲ့ အသွင် ကို ခပ်ပါးပါးရယူထားပါတယ်။ ကားနောက်ဖုံးစွန်းက လေပင့်အားထိန်းတောင်ပံငယ်ဟာ သမားရိုးကျဆီဒန်ကားတွေထက် ပိုသိသာထင်ရှားပြီး တောက်ပတဲ့ ခရိုမီယမ်ရောင်အိပ်ဇောပိုက်တွေဟာလည်း ပြိုင်ကားဆန်တဲ့ အသွင်ကို ပိုပြီးပြည့်စုံသွားစေပါတယ်။ ကားရှေ့မျက်နှာစာက ရှဲလ်ကွက်တွေပေါ်မှာရော ကားနောက်မီးတွေကြားက အနက်ရောင်ဧရိယာပေါ်မှာပါ Peugeot အမှတ်တံဆိပ်လိုဂိုရုပ်ကို တပ်ဆင်ပေးထားပြီး ထူးခြားချက်ကတော့ ရှေ့မျက်နှာစာရှဲလ်ရဲ့အထက်နားမှာ 508 ဆိုတဲ့ မိုဒယ်လိုဂိုကို ခရိုမီယမ်ရောင်စာလုံးကြီးတွေနဲ့ တပ်ဆင်ထားတာပါပဲ။ အဲဒီလို မိုဒယ်လိုဂို ရေးထိုးတပ်ဆင်ထားတာဟာ Peugeot 504 နဲ့ 504 Coupe တို့ကို အလေးအမြတ်ပြုကာ မှီငြမ်းဖန်တီးထားတာ ဖြစ်ပါတယ်။

အတွင်းခန်း

508 ဆီဒန်ကားသစ်ရဲ့ ဇိမ်ကျလွန်းတဲ့ အတွင်းခန်းမှာ Nappa Leather နဲ့ Alcantara တို့လို အဆင့်မြင့်အသုံးအဆောင်တွေ အသုံးပြုထားပြီး GT Trim မှာဆိုရင် မီးခိုရောင်ဝက်သစ်ချသား အပြင်အဆင်ကိုပါ ရွေးချယ်ရရှိနိုင်ပါတယ်။ ကားအတွင်းခေါင်မိုးမှာလည်း မြင်ကွင်းကျယ်ဝန်းတဲ့ Panoramic Sunroof နဲ့ အရည်အသွေးမြင့် FOCAL အသံစနစ်တို့ ပါဝင်ပါတယ်။ အထူးခြားဆုံးကတော့ 508 ဆီဒန်ကားသစ်ရဲ့ စတီယာရင်ဟာ လက်ရှိစျေးကွက်ထဲက အပေါ့ပါးအသွက်လက်ဆုံး စတီယာရင်တွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပြီး စတီယာရင်ရဲ့ ထိပ်ကိုရော အောက်ခြေကိုပါ ခပ်ပြားပြား Flat ပုံစံ ဖန်တီးထားပါတယ်။

လုံခြုံရေး

508 မိုဒယ်သစ်မှာ အသစ်ထပ်တိုးထားတဲ့ လုံခြုံရေးအစီအမံတွေပါဝင်ပြီး သူ့လိုအတန်းအစား ကားမျိုးတွေထဲမှာ ပထမဆုံးအဖြစ် Night Vision System ကိုလည်း ထည့်သွင်းပေးထားပါတယ်။ ဒါ့ပြင် Stop & Go Function ပါဝင်တဲ့ Adaptive Cruise Control ၊ Peugeot ကားမိုဒယ်တွေထဲမှာ ပထမဆုံး App လို့ဆိုရမယ့် Lane Positioning Assist ၊ နောက်ဆုံးပေါ် Active Safety Brake နဲ့ Distance Alert ၊ Driver Attention Alert ၊ Speed Limit Recognition နဲ့ Active Blind Spot Monitoring System တို့လို ခေတ်မီအဆင့်မြင့်တဲ့ လုံခြုံရေး နည်းပညာအစုံအလင်ကိုလည်း တပ်ဆင်ပေးထားပါတယ်။

စျေးနှုန်းနှင့် ပြိုင်ဘက်

၂ဝ၁၈ မိုဒယ် Peugeot 508 ဆီဒန်ကားသစ်ရဲ့ စျေးကို Trim Level အလိုက် အမေရိကန်ဒေါ်လာ ၃၃,၇၁၃ နဲ့အထက် သတ်မှတ်ထားရာမှာ အဆင့်အမြင့်ဆုံး 508 GT ရဲ့ စျေးကတော့ ဒေါ်လာ ၄၆,၅၁၆ နဲ့အထက် ဖြစ်ပါတယ်။ ဇိမ်ခံဆီဒန်ကားစျေးကွက်မှာ 2018 Peugeot 508 နဲ့ အဓိကပြိုင်ဘက်တွေ ဖြစ်လာမှာကတော့ Skoda Superb နဲ့ Honda Accord တို့ပါပဲ။

LEAVE A REPLY

Please enter your comment!
Please enter your name here