ငလျင် သို့မဟုတ် လျှပ်တပြက်ရန်သူ အပိုင်း(၃)

786

ငလျင်လှုပ်မည့်အရေးကို လူတို့က ကြိုတင်မသိရှိနိုင်၊ မခန့်မှန်းနိုင်ကြသေးသော်လည်း တိရစ္ဆာန်မျိုးစိတ်အချို့က အာရုံခံစား၍ ကြိုတင်သိရှိနိုင်သည်ဆိုသော ယူဆချက်များလည်း ထွက်ပေါ်လာခဲ့သည်။  သာဓကအားဖြင့် အီတလီနိုင်ငံ၊ အယ်လ်အကွီလာမြို့၌ ငလျင်မလှုပ်မီ ထောင်နှင့်ချီသောဖားများ လမ်းပေါ်သို့တက်ရောက်လာခဲ့ကြသလို တရုတ်နိုင်ငံ၊ စီချွမ်ပြည်နယ်၌လည်း ငလျင်မလှုပ်မီ ရာပေါင်းများစွာသော မြွေများ မြေပြင်ပေါ်သို့ တက်ရောက်လာခဲ့ကြခြင်းများ ကြုံတွေ့ခဲ့ကြရသည်။

ငလျင်လှုပ်ခါနီးဆဲဆဲတွင် ဘူမိဆိုင်ရာ လှုပ်ရှားမှုများကြောင့် မြေအောက်ရေအပါအဝင် ဒြပ်စင်များ အပြောင်းအလဲဖြစ်သည့်အပေါ် တိရစ္ဆာန်အချို့က အာရုံခံသိရှိနိုင်ကြသည်ဟု သုတေသီအချို့က ယုံကြည်ခဲ့ကြသည်။ ငလျင်လှုပ်ရန် နာရီပိုင်းအလို၌ နွားများ ဂနာမငြိမ်ဖြစ်လာခြင်း၊ ခွေးများ အုပ်စုလိုက်အူခြင်း၊ ငှက်များ အသိုက်ပြောင်းရွှေ့ခြင်းများ၊ စင်ရော်များ ရေပြင်ပေါ်၌ ပျံ သန်းနေရာမှ ကုန်းပေါ်သို့ အုပ်စုလိုက် ဦးတည်ပျံသန်းခြင်း၊ မိကျောင်းများ ခေါင်းထောင်လာခြင်း၊ ဝက်များ ဆောက်တည်ရာမရဘဲ အော်မြည်ပြေးလွှားခြင်း စသော ထူးခြားသည့် အပြုအမူများသည် အချို့သော ငလျင်များနှင့် တိုက်ဆိုင်ခဲ့သည်ကို သုတေသီအချို့က သတိပြုမိခဲ့ကြသည်။

သို့ရာတွင် တိရစ္ဆာန်အချို့၏ထူးခြားသော အပြုအမူများသည် ငလျင်လှုပ်တော့မည့် ရှေ့ပြေးနိမိတ်များ ဖြစ်သည်ဆိုသော ခိုင်လုံတိကျသည့် တုံ့ပြန်ချက်မျိုးကိုမူ လုပ်ဆောင်နိုင်ခြင်း မရှိကြသေးပေ။ အဘယ်ကြောင့်ဆိုသော် သုတေသနပြု စမ်းသပ်ချက် အကြိမ်ပေါင်းများစွာတွင် အနည်းစုကသာ တိုက်ဆိုင်မှန်ကန်ပြီး အများစုကမူ ငလျင်လှုပ်ခြင်းနှင့် တိုက်ဆိုင်မှုမရှိကြသောကြောင့် ဖြစ်သည်။ အိန္ဒိယနိုင်ငံတွင် နွားများနှင့် စမ်းသပ်သည့် သုတေသနကဲ့သို့ သော စမ်းသပ်ချက်အများအပြားက ထိုယူဆချက်များ မှန်ကန်ခြင်းမရှိကြောင်း ထောက်ပြခဲ့ပြီး ဖြစ်သည်။

ငလျင်လှုပ်မည့်အရေးကို တိကျစွာ ကြိုတင်ခန့်မှန်းခြင်း မပြုနိုင်သည့်အတွက် ငလျင်ကြောပေါ်၌ ကျရောက်နေသည့်မြို့ရွာများနှင့် အနီးပတ်ဝန်းကျင်ဒေသများတွင် ငလျင်ကြောင့် ဖြစ်ပွားလာနိုင်ဖွယ်ရှိသော ပျက်စီးဆုံးရှုံးမှုများကို လျော့ပါးသက်သာအောင် ကြိုတင်တင်စီမံဆောင်ရွက်သွားကြရမည် ဖြစ်သည်။

ငလျင်ဘေးအန္တရာယ်ကို ကြိုတင်တွေးဆပြီး ပူပင်သောကပွားနေကြရန် မလိုအပ်သော်လည်း လျှပ်တစ်ပြက်ရန်သူနှင့် တူသော ငလျင်ဘေးကိုမူ မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆမနေသင့်ကြပေ။ အထူးသဖြင့် ငလျင်လှုပ်ခဲ့ဖူးသောမြို့ရွာဒေသများ၊ ငလျင်လှုပ်ခဲ့ဖူးခြင်းမရှိသည့်တိုင် ငလျင်ကြောအတွင်း ကျရောက်နေသည့် မြို့ရွာဒေသများသည် ငလျင်အန္တရာယ်ကို ကြုံတွေ့ရနိုင်သော နေရာများပင် ဖြစ်ကြသည်။

ခိုင်လုံသော အထောက်အထားများအရ မြန်မာနိုင်ငံ၏သမိုင်းတွင် အများဆုံး ကြုံတွေ့ခဲ့ရသည့် သဘာဝဘေးအန္တရာယ်မှာ ငလျင်ဖြစ်သည်ကို သိရှိထားကြရန်လို အပ်သည်။ မြန်မာနိုင်ငံ၏ သဘာဝအတားအဆီးများသည် အခြားသော သဘာဝအန္တ ရာယ်များကို ကြံ့ကြံ့ခံနိုင်ခဲ့သည့်တိုင် ငလျင် ၏ ထိုးနှက်မှုများကိုမူ ခါးစည်းခံခဲ့ကြရကြောင်း အတိတ်ဖြစ်ရပ်များစွာတို့က သက်သေပြလျက်ရှိသည်။ မြန်မာနိုင်ငံတစ်ဝန်းလုံး၌ လုပ်ခဲ့ဖူးသော မြေငလျင်ပေါင်းများစွာတို့ သည် အနာဂတ်ကာလတွင် မြန်မာနိုင်ငံသားအားလုံးတို့ကို မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆ မနေကြရန် သတိပေးထောက်ပြလျက်ရှိနေကြသည်။

မြန်မာနိုင်ငံတွင် လှုပ်ခဲ့သော ငလျင်အကြိမ်ရေများစွာအနက် ထူးထူးခြားခြားပျက်စီးဆုံးရှုံးမှုများပြားခဲ့သည့် ငလျင်အချို့ ကို လေ့လာသုံးသပ်ကြည့်ရန် လိုအပ်မည်ဖြစ်သည်။ ၁၇၆၂ ခုနှစ်၊ ဧပြီ ၂ ရက်က ရခိုင်ပြည်နယ်တွင် လှုပ်ခဲ့သော မာကယ်လီ စကေးအဆင့်(၉) ရှိသည့် ငလျင်ကြီးသည် ရခိုင်ကမ်းခြေ ကုန်းမြေအစိတ်အပိုင်းအချို့ကို ပင်လယ်ရေအောက် ရောက်ရှိသွားစေခဲ့သည်။

၁၈၃၉ ခုနှစ်၊ မတ် ၂၃ ရက်က အင်းဝ၌လှုပ်ခဲ့သော မာကယ်လီစကေး အဆင့်(၉) ရှိ ငလျင်ကြီးသည် လူပေါင်း သုံးရာကျော်ကို အသက်ဆုံးရှုံးစေခဲ့သည်။ အမရပူရတစ်မြို့လုံးကို ပျက်သုဉ်းစေခဲ့ပြီး ဧရာဝတီမြစ်ရေကိုပင် တစ်ခဏမျှ ပြောင်းပြန်စီးဆင်းစေခဲ့သည်။

၁၈၅၈ ခုနှစ်၊ သြဂုတ် ၂၄ ရက်က ပြည်မြို့၌ လှုပ်ခဲ့သည့် မာကယ်လီစကေး အဆင့်(၈) ရှိ သည့် ငလျင်ကြီးသည် အဆောက်အအုံများစွာကို ပျက်စီးခဲ့ပြီး စေတီတော်အချို့ကို မြေခစေခဲ့သည်။ ဧရာဝတီမြစ်ရေကို တစ်ခဏမျှ ပြောင်းပြန်စီးဆင်းစေခဲ့ပြီး မြေအောက်ကြမ်းပြင်များကိုလည်း အပေါ်သို့ ကြွတက်လာစေခဲ့သည်။

၁၉၃ဝ ပြည့်နှစ်၊ မေ ၅ ရက်က ပဲခူးမြို့၌ လှုပ်ခဲ့သော မာကယ်လီစကေး အဆင့် (၁ဝ)ရှိသည့် ငလျင်ကြီးသည် ပဲခူးတစ်မြို့လုံးကို သုဿန်တစ်စပြင်ကဲ့သို့ ဖြစ်သွားစေခဲ့သည်။ အဆောက်အအုံအားလုံးနီးပါး ပြိုကျစေခဲ့ပြီး လူပေါင်းငါးရာကျော် အသက်ဆုံးရှုံးစေခဲ့သည်။ ကမ္ဘာ့အမြင့်ဆုံး စေတီတော်မြတ်ဖြစ်သည့် ရွှေမော်ဓောစေတီတော်ကို ပြိုကျစေခဲ့ပြီး စိန်ဖူးတော်ကိုလည်း မြေခစေခဲ့သည်။

သိပ္ဗံစာရေးဆရာကိုကိုအောင်

 

LEAVE A REPLY

Please enter your comment!
Please enter your name here