ငလျင် သို့မဟုတ် လျှပ်တစ်ပြက်ရန်သူ အပိုင်း ( ၁ )

1091

သိပ္ပံစာရေးဆရာကိုကိုအောင်

ကမ္ဘာအရပ်ရပ်တွင် ဖြစ်ပွားခဲ့ဖူးသော ဘေးအန္တရာယ်များအနက် ငလျင်လှုပ်ခြင်းသည် ရှောင်လွဲ၍မရသလို ကြိုတင်၍လည်း မသိရှိနိုင်သော သဘာဝဘေးအန္တရာယ်တစ်မျိုးဖြစ်သည်။ ထို့ကြောင့်ပင် ငလျင်လှုပ်မည့်အရေးကို တွေးတောပူပန်ခြင်းဖြင့် စိတ်ဖိစီးမှုဖြစ်ရန် မလိုအပ်ပေ။ သို့ရာတွင် ငလျင်၏သဘောသဘာဝကိုမူ နားလည်သဘောပေါက်ကာ သတိရှိရန်လိုအပ်သည်။

ရှေးခေတ်အခါများက ငလျင်လှုပ်ခြင်းသည် မြေစောင့်နတ်က ဒဏ်ခတ်ခြင်းဖြစ်သည်ဟု လည်းကောင်း၊ မြေအောက် ရှိ ဧရာမသတ္တဝါကြီး အိပ်ပျော်နေရာမှ နိုးထလာခြင်းဖြစ်သည်ဟု လည်းကောင်း စွဲမှတ်ယုံကြည်ခဲ့ကြသည်။ အကယ်စစ်စစ် ငလျင်လှုပ်ခြင်းမှာ ကမ္ဘာ့ကျောက်ချပ်လွှာကြီးများ တစ်ခုနှင့်တစ်ခု တွန်းတိုက်ရွေ့ လျားလာခြင်းပင်ဖြစ်သည်။ ဤမြေကမ္ဘာကြီးသည် အက်ပြီး မကွဲသေးသော ကြက်ဥပမာပင်ဖြစ်သည်။ အက်ကြောင်းများကြောင့် ပြတ်ထွက်နေသော်လည်း အကာပိုင်းရှိ အကျွိအချွဲများနှင့် ကပ်ငြိနေသည့်အတွက် ဝေးရာသို့ ကွဲကွာသွားခြင်းမရှိသော ကြက်ဥအခွံကွဲစကလေးများနှင့် သဏ္ဌာန်တူသည့် ကျောက်ချပ်လွှာကြီးများပေါ်၌ ကမ္ဘာ့တိုက်ကြီးများက ပေါလောမျောလျက် တည်ရှိနေကြသည်။

ကမ္ဘာ့ကုန်းမြေတိုက်ကြီးများကို ကျောက်ချပ်လွှာ အစုအဖွဲ့ပေါင်း နှစ်ဆယ်ခန့်ဖြင့် ဖွဲ့စည်းထားသည်။ ယင်းကျောက်ချပ်ကြီးများသည် တစ်ခါတစ်ရံ တစ်ခုနှင့် တစ်ခု တွန်းတိုက်မိကြသလို တစ်ခါတစ်ရံ ၌မူ တစ်နေရာဆီသို့ ကွဲထွက်သွားကြလေ့ရှိ သည်။ ကျောက်ချပ်လွှာကြီးများ ရွေ့လျားကြသည့်အခါ ကမ္ဘာ့တိုက်ကြီးများကလည်း ယင်းတို့နှင့်အတူ လိုက်ပါရွေ့လျားရင်း တည်နေရာနှင့် တည်နေပုံများက အခါအားလျော်စွာ ပြောင်းလဲနေကြရသည်။

သာဓကအားဖြင့် အတ္တလန္တိတ်သမုဒ္ဒရာ ခြားနေသော တောင်အမေရိကတိုက်နှင့် အာဖရိကတိုက်တို့သည် လွန်ခဲ့သော နှစ်ပေါင်း ၁၃၅ သန်းခန့်က တစ်ဆက်တည်း တည်ရှိနေခဲ့ကြရာမှာ ကျောက်ချပ်လွှာကြီးများ၏ ရွေ့လျားမှုကြောင့် လိုက်ပါရွေ့လျားရင်း ပထဝီအနေအထားပြောင်းလဲလာခဲ့ကြခြင်းဖြစ်သည်။

ကမ္ဘာမြေ၏ နက်ရှိုင်းသော အတွင်းပိုင်းရှိ ပူလောင်နေသည့်ကျောက်ချော်ရည်များသည် မြင့်မားသောဖိအားနှင့် တွန်းကန်မှုတို့ကြောင့် ကမ္ဘာ့မျက်နှာပြင်အခွံပိုင်းသို့ တိုးထွက်ရောက်ရှိလာခြင်းဖြင့် အခွံလွှာ အသစ် ဖြစ်ပေါ်လာစေသည်။ အသစ်ဖြစ်ပေါ်လာသည့် အခွံလွှာ၏အောက်သို့ ရောက်ရှိသွားသော မူလအခွံဟောင်းမှာ အလွန်ပူလောင်နေသည့် အတွင်းပိုင်းအထိတိုင် ကျရောက်သွားပြီး အရည်ပျော်သွားကြသည်။ ဤနည်းအားဖြင့် ကမ္ဘာ့မြေမျက်နှာပြင် အခွံပိုင်းသည် အမြဲတမ်း ပြောင်းလဲလျက်ရှိနေသည်။

ရှေးခေတ် ပထဝီပညာရှင်တို့က သမုဒ္ဒရာကြမ်းပြင် ဟူသည်မှာ ကုန်းမြေတိုက်ကြီးများ၏ အနိမ့်ပိုင်းနေရာများဖြစ်သည်ဟု ယူဆထားခဲ့ကြသည်။ အကယ် စင်စစ်အားဖြင့် သမုဒ္ဒရာကြမ်းပြင်များ တည်ရှိနေသော ကျောက်ချပ်လွှာကြီးများ နှင့် ကမ္ဘာ့တိုက်ကြီးများ တည်ရှိနေသည့် ကျောက်ချပ်လွှာကြီးများမှာ တစ်ဆက်တည်းမဟုတ်သလို မြေလွှာတစ်မျိုးတည်းဖြင့် ဖွဲ့စည်းထားခြင်း မဟုတ်ပေ။

ကမ္ဘာ့ကုန်းမြေတိုက်ကြီးများကို နှမ်းဖတ်ကျောက်နှင့်တူသော ဆီလီကွန်နှင့် အလူမီနီယမ်တို့ ရောနှောနေသည့် ကျောက်သားများဖြင့် ဖွဲ့စည်းထားပြီး သမုဒ္ဒရာကြမ်းပြင်များကိုမူ ဆီလီကွန်နှင့် မဂ္ဂနီဆီယမ်တို့ ရောနှောနေသည့် Basalt ခေါ် မီးတောင်ချော်နက် ကျောက်သားများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

ကမ္ဘာ့တိုက်ကြီးများ၏ ကျောက်သားမြေလွှာများသည် ယင်းတို့ထက် ပို၍လေးလံမာကျောသော သမုဒ္ဒရာကြမ်းပြင် မီးတောင်ချော်နက် ကျောက်များပေါ်၌ တည်ရှိနေကြသည်။ ကမ္ဘာမြေ၏ နက်ရှိုင်းသော အတွင်းပိုင်း ရှိ အလွန်ပူလောင်ပြီး အရည်ပျော်နေသည့် ကျောက်ချော်ရည်များသည် ဖိအားကြောင့် သမုဒ္ဒရာကြမ်းပြင် ကွဲထွက်ရာ အက်ကြောင်းများမှတစ်ဆင့် တိုးထွက်လာရာ အပေါ်ယံသို့ရောက်ရှိသည့်အခါ အေး၍ မာကျောသွားကြပြီး သမုဒ္ဒရာကြမ်းပြင်အသစ် ဖြစ်ပေါ်လာစေသည်။

သာဓကအားဖြင့် အတ္တလန္တိတ်သမုဒ္ဒရာကြမ်းပြင်သည် အက်ကွဲကြောင်း၏ တစ်ဖက်တစ်ချက်ဆီသို့ ရွေ့လျားလျက်ရှိနေသည်။ သို့ရာတွင် ရွေ့လျားသည့်နှုန်း အလွန်နှေးကာ တစ်နှစ်တာအတွင်း စင်တီမီတာအနည်းငယ်မျှသာ ခရီးပေါက်ရောက်သည်။ ယင်းကဲ့သို့ ရွေ့လျားနေကြရင်း ကမ္ဘာ့တိုက်ကြီးများ၏အစွန်းသို့ ရောက်ရှိသည့်အခါ ပိတ်ဆို့ခံရသကဲ့သို့ ဖြစ်ပြီး တိုက်ကြီးများ၏အောက်သို့ ဝင်ရောက်ကျဆင်းသွားသည်။ နက်ရှိုင်းသည့် အတွင်းပိုင်းသို့အရောက်တွင် ပြင်းထန်လွန်းသော အပူရှိန်ကြောင့် အရည်ပျော်သွားပြန်သည်။ ဤနည်းဖြင့် သမုဒ္ဒရာကြမ်းပြင်တို့သည် အမြဲတမ်းဆိုသလို အသစ်နှင့် အဟောင်း လဲလှယ်ဖြစ်ပေါ်လျက် ရှိနေကြသည်။

ကမ္ဘာ့ကုန်းမြေ တိုက်ကြီးများသည် ကျောက်ချပ်လွှာကြီးများ၏ ရွေ့လျားမှုကြောင့်ကွဲထွက်ရာမှ အက်ကွဲကြောင်းများ ဖြစ်ပေါ်လာစေသည်။ ကမ္ဘာ့ဒေသအနှံ့ တွင် လှုပ်ခတ်ခဲ့သော ငလျင်များ၏ ၉ဝ ရာခိုင်နှုန်းခန့်သည် ပြတ်ရွေ့ကြောင်း (Fault) ဟု ခေါ်ဆိုကြသော အဆိုပါ အက်ကွဲကြောင်းများ တစ်လျှောက်နှင့် အနီးတစ်ဝိုက်၌ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

သမုဒ္ဒရာရေပြင်အောက် တောင်တန်းများအထိ ရောက်ရှိသော ယင်းအက်ကွဲကြောင်းများမှတစ်ဆင့် နက်ရှိုင်းသော အတွင်းပိုင်းရှိ အလွန်ပူလောင်သည့်ကျောက် ချော်ရည်များသည် ဖိအားကြောင့် ပြင်းထန်စွာပေါက်ကွဲပြီး အပြင်သို့တိုးထွက်လာ ကြကာ ကျောက်ချပ်လွှာများကို တွန်းတိုက် ရွေ့လျားစေခြင်းဖြင့် ပြင်းထန်သောငလျင်များ ဖြစ်ပေါ်လာစေသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here