ငလျင်၊ သို့မဟုတ် လျှပ်တစ်ပြက်ရန်သူ အပိုင်း (၂)

562

ကမ္ဘာပေါ်ရှိ ပြတ်ရွေ့ကြောင်းကြီးများ အနက် San Andreas Fault သည် အလွန်ထင်ရှားသော ကမ္ဘာသိ ပြတ်ရွေ့ကြောင်းကြီးဖြစ်သည်။ ယင်းပြတ်ရွေ့ကြောင်းသည် အမေရိကန်ပြည်ထောင်စု အနောက်ဘက်ကမ်းခြေရှိ ကယ်လီဖိုးနီးယားပြည်နယ်အတွင်း တည်ရှိသည်။ ကယ်လီဖိုးနီးယားပြည် နယ်ကြီးသည် ကျောက်ချပ်လွှာကြီး နှစ်ခုပေါ်၌ ခွလျက်တည်ရှိနေသည်။ ပစိဖိတ် ကျောက်ချပ်လွှာပေါ်၌ တစ်စိတ်တစ်ပိုင်း တည်ရှိနေပြီး မြောက်အမေရိက ကျောက်ချပ်လွှာပေါ်၌ ကျန်အစိတ်အပိုင်းက တည်ရှိနေသည်။ ကယ်လီဖိုးနီးယားပြည်နယ်ကို ဆန်အန်ဒရီးစ် ပြတ်ရွေ့ကြောင်းကြီးက ပိုင်းခြားထားလျက်ရှိသည်။

ကယ်လီဖိုးနီးယားပြည်နယ်၏ တစ်စိတ်တစ်ပိုင်းတည်ရှိရာနေရာဖြစ်သော ပစိဖိတ်ကျောက်ချပ်လွှာသည် အနောက်မြောက်ဘက်သို့ ရွေ့လျားနေစဉ် ကျန်တစ်စိတ်တစ်ပိုင်း တည်ရှိနေသော မြောက်အမေရိက ကျောက်ချပ်လွှာကြီးက ဆန့်ကျင်ဘက်အရပ်ဖြစ်သော အရှေ့တောင်ဘက် သို့ ရွေ့လျားလျက်ရှိနေသည်။ ထို့ကြောင့်ပင်လျှင် ကျောက်ချပ်လွှာကြီးနှစ်ခု ဆုံရာ ဖြစ်သော ဆန်အန်ဒရီးစ် ပြတ်ရွေ့ကြောင်းကြီး တစ်လျှောက်နှင့် အနီးတစ်ဝိုက်တွင်  ငလျင်ကြီးများ ဖြစ်ပေါ်လေ့ရှိသည်။

သာဓကအားဖြင့် ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်းရှိ လော့စ်အိန်ဂျလိစ်မြို့တွင် ၁၉၉၄ ခုနှစ်က အင်အားအလွန်ပြင်းထန်သော ငလျင်ကြီးလှုပ်ခဲ့ပြီးဖြစ်သည်။ လော့အိန်ဂျလိစ်မြို့သည် ဆန်အန်ဒရီးဒ် ပြတ်ရွေ့ကြောင်းကြီးမှ ကီလိုမီတာငါးဆယ်ခန့်သာ ကွာဝေးသလို မြို့ပတ်ဝန်းကျင်၌လည်း သေးငယ်သော ပြတ်ရွေ့ကြောင်းများ အများအပြားတည်ရှိနေသည်။ ၁၉၉၄ ခုနှစ် ငလျင်ကြီးသည် ယင်းပြတ်ရွေ့ကြောင်းငယ်ကလေးများထဲမှ ပြတ်ရွေ့ကြောင်းတစ်ခုကို ဗဟိုပြုခဲ့ခြင်းဖြစ်သည်။

အလားတူပင် ၁၉၂၃ ခုနှစ်က ဂျပန်နိုင်ငံ၌လှုပ်ခဲ့သော အင်အားပြင်းငလျင်ကြီးသည်လည်း ပြတ်ရွေ့ကြောင်းများနှင့် နီးကပ်သော နေရာဒေသတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အဆိုပါငလျင်ကြီးသည် မြို့တော်တိုကျိုနှင့် ယိုကိုဟားမားဆိပ်ကမ်းမြို့များကို ဆိုးဆိုးရွားရွား ပျက်စီးစေခဲ့သည်။

ထို့အတူ သမ္မတနန်းတော် အဆောက်အအုံကြီးပါ ပြိုကျခဲ့သည့်အတွက် အုပ်ချုပ်ရေးယန္တရားကိုပါ တုံ့ဆိုင်းသွားစေခဲ့သော ဟေတီငလျင်သည်လည်းကောင်း၊ ပျက်စီးဆုံးရှုံးမှု ကြီးမားလွန်းသောကြောင့် လမ်းပန်းဆက်သွယ်ရေးကိုပါ ပြတ်တောက်သွားစေခဲ့သော ချီလီငလျင်သည်လည်းကောင်း၊ လူအသေအပျောက်အလွန်များခဲ့သည့် တရုတ်နိုင်ငံ စီချွမ်ငလျင်သည်လည်းကောင်း၊ မြို့တစ်မြို့လုံးနီးပါးကို အသစ်ပြန်လည်တည်ဆောက်ခဲ့ရသည့် ဂျပန်နိုင်ငံ ကိုဘေးငလျင်သည်လည်းကောင်း၊ မကြာသေးမီက မှ ဖြစ်ပွားခဲ့သော နီပေါငလျင်နှင့် အီကွေဒေါငလျင်တို့သည်လည်းကောင်း အရွယ်အစား အမျိုးမျိုးရှိကြသည့် ပြတ်ရွေ့ကြောင်း ကြီးငယ် အသွယ်သွယ်တို့ကို ဗဟိုပြုလျက်၊ သို့တည်းမဟုတ် ပြတ်ရွေ့ကြောင်းများ၏ အနီးပတ်ဝန်းကျင်ကို ဗဟိုပြုလျက်ဖြစ်ပွားခဲ့ကြခြင်းပင် ဖြစ်သည်။

ယနေ့ခေတ် သိပ္ပံနည်းပညာများ အလွန့်အလွန် တိုးတက်နေသည့်တိုင် ငလျင်လှုပ်မည့်အရေးကို ကြိုကြိုတင်တင် ခန့်မှန်းနိုင်ခြင်း မရှိကြသေးပေ။ ကမ္ဘာ့ငလျင်လှုပ်ခတ်မှု အများဆုံးနိုင်ငံဖြစ်သည့် ဂျပန်နိုင်ငံသည် စက်မှုဖွံ့ဖြိုးပြီးဖြစ်သော ထိပ်တန်းနိုင်ငံတစ်ခုဖြစ်သည်နှင့်အညီ ငလျင်လှုပ်ခတ်မှု အဦးအစဖြစ်သည့် မြေအောက်လှုပ်ရှားမှုများကို အချိန်ရနိုင်သလောက် ကြိုတင်ထောက်လှမ်းသိရှိနိုင်သော တိုင်းတာရေးစခန်းကွန်ရက်ကြီးကို ဒေါ်လာသန်းငါးရာ အကုန်အကျခံ၍ တည်ဆောက်ခဲ့သည်။

ငလျင်အစ မြေအောက်လှုပ်ရှားမှုကို တိုင်းတာသည့် စခန်းပေါင်းတစ်ထောင်ကျော်ကို စီရင်စုတစ်ခုချင်းစီအလိုက် တစ်နိုင်ငံလုံး၌ ကွန်ရက်အဖြစ် ဖြန့်ကြက်ကာ ငလျင်ကြိုတင်သတိပေးဌာနနှင့် ချိတ်ဆက်ထားခဲ့သော ဂျပန်နိုင်ငံသည် ၂ဝ၁၁ ခုနှစ် က ဖြစ်ပွားခဲ့သည့် ငလျင်လှုပ်မည့်အရေးကို စက္ကန့်ပိုင်းမျှသာ ကြိုတင်သိရှိနိုင်ခဲ့သည်။

၂ဝ၁၁ ခုနှစ်၊ မတ် ၁၁ ရက် မွန်းလွဲ  ၂ နာရီ ၄၆ မိနစ်က ဂျပန်နိုင်ငံ၊ ဟွန်ရှူးကျွန်းပေါ်ရှိ ဆန်ဒိုင်းဒေသ အရှေ့ဘက် မိုင်ရှစ်ဆယ်ခန့်အကွာနေရာ၏ မြေအောက် အနက် ၂၅ ဒသမ ၂ မိုင်ကို ဗဟိုပြု၍ ၉ ဒသမ ဝ မဂ္ဂနီကျူရှိ အင်အား အလွန်ပြင်းထန်သော ငလျင်ကြီး လှုပ်ခတ်ခဲ့သည်။

ဆက်သွယ်ရေးစနစ် အလွန်ကောင်းမွန်ပြီး တုံ့ပြန်ဆောင်ရွက်မှု အလွန်မြန်ဆန်သည့် ဂျပန်နိုင်ငံသည် စက္ကန့်ပိုင်းမျှသာကြိုသိရသော ငလျင်လှုပ်မည့်အရေးကို နိုင်ငံတစ်ဝန်း အချိန်ရနိုင်သလောက် ကြိုတင်ထုတ်ပြန်ခဲ့သည့်အတွက် ပျက်စီးဆုံးရှုံးမှု ကြီးမားကျယ်ပြန့်ခဲ့သည့်တိုင် ဆိုးဆိုးရွားရွား ဖြစ်ပွားခဲ့သည့် အဆိုပါ ပျက်စီးဆုံးရှုံးမှုနှင့် နှိုင်းစာလျှင် လူအသေအပျောက် အလွန်နည်းပါးခဲ့သည်။ ထိုအင်အားပြင်းငလျင်ကြီးကြောင့် ဂျပန်ပင်လယ်ကြမ်းပြင်သည် တစ်ဖက်တစ်ချက်သို့ ၇၉ ပေခန့် ရွေ့သွားခဲ့သည့်အပြင် အပေါ်ဘက်သို့ လည်း ၁ဝ ပေခန့် မြင့်တက်လာခဲ့သည်။

 

သိပ္ပံစာရေးဆရာကိုကိုအောင်

ရန်ကုန်မြို့။

LEAVE A REPLY

Please enter your comment!
Please enter your name here