နာမည်ကြီး အမေရိကန်ဆိုင်ကယ်ကုမ္ပဏီ Harley-Davidson သည် ၎င်းတို့၏ ထုတ်ကုန်များကို အသက် ငယ်ရွယ်သော ဖောက်သည်များထံ ပိုမိုရောင်းချနိုင်ရန်အတွက် ဆိုင်ကယ်အရောင်းပြခန်းနှင့်အတူ တွဲဖက်ထားသော ဆိုင်ကယ်စီး အကယ်ဒမီ သင်တန်းများ တိုးချဲ့ဖွင့်လှစ်နေကြောင်း ibnservice သတင်းဝက်ဘ်ဆိုက်က ရေးသားဖော်ပြထားသည်။
Harley-Davidson က ၂ဝ၁၇ ခုနှစ် ပထမကိုးလတာကာလအတွင်း ဆိုင်ကယ်အစီးရေ ၁၂၄, ၇၇၇ စီး ရောင်းချခဲ့ရရာ ၂ဝ၁၆ ခုနှစ် အလားတူကာလတွင် ဆိုင်ကယ်အစီးရေ ၁၃၅,၅၈၁ စီး ရောင်းခဲ့ရသည့်အတွက် ကာလတူ နှိုင်းယှဉ်ပါက ရောင်းအားကျဆင်းမှုနှင့် ကြုံတွေ့ခဲ့ရသည်။ မော်တော်ဆိုင်ကယ် စက်မှုလုပ်ငန်း ကောင်စီ၏ ထုတ်ပြန်ချက်အရ အမေရိကန်တွင် ဆိုင်ကယ်စီးသူများ၏ အသက်အရွယ်မှာ ၁၉၉ဝ ပြည့်နှစ်နောက်ပိုင်း ၃၂ နှစ်မှ ၄၇ နှစ်သို့မြင့်တက်လာပြီး ဆိုင်ကယ်စီးသူ စုစုပေါင်း ၄၆ ရာ ခိုင်နှုန်းခန့်မှာ အသက်ငါးဆယ်ကျော်နေကာ အသက်သုံးဆယ်မှ ၃၄ နှစ် အကြား ဆိုင်ကယ်စီးသူ ၁ဝ ရာခိုင်နှုန်းသာရှိကြောင်း သိရသည်။
ရောင်းအားကျဆင်းမှုနှင့်အတူ သက်ကြီးဖောက်သည်များအပေါ် အဓိကမှီခိုနေရခြင်းကို ချေဖျက်ရန် Harley-Davidson က ဆိုင်ကယ်စီး အကယ်ဒမီသင်တန်းများ တိုးချဲ့ဖွင့်လှစ်ကာ ငယ်ရွယ်သည့် ဖောက်သည်များကို ဆွဲဆောင်နိုင်ရန် ပစ်မှတ်ထားကြိုးပမ်းနေခြင်းဖြစ်သည်။ သုံးရက်မှ လေးရက်အထိ ဆိုင်ကယ်စီးနည်း သင်ပေးသော Harley-Davidson အကယ်ဒမီ သင်တန်းကျောင်းများမှာ ၂ဝဝဝ ပြည့်နှစ်က ကျောင်းပေါင်း ငါးဆယ်ဝန်းကျင်သာရှိသော်လည်း လက်ရှိအချိန်တွင် ၂၄၅ ခုအထိရှိ နေပြီဖြစ်သည်။ စီးပွားရေးကျဆင်းမှု နှင့်အတူ ၂ဝဝဝ ပြည့်နှစ်နောက်ပိုင်းမွေးဖွားသော ငယ်ရွယ်သူများမှာ ဆိုင်ကယ်ဝယ်ယူစီးနင်းရန် စိတ်မပါတော့ကြောင်း၊ လက်ရှိ ဆိုင်ကယ်စီးသူများထဲတွင် အမျိုး သမီး ၁၄ ရာခိုင်နှုန်းသာရှိ၍ ဆိုင်ကယ် ကုမ္ပဏီများအနေဖြင့် အမျိုးသမီးများ ဆိုင်ကယ်စီးနိုင်မည့် အခွင့်အလမ်းများကို ပိုမိုဖော် ဆောင်ပေးသင့်ကြောင်း တိုက် တွန်းမှုများလည်း ရှိနေသည်။
Ref: ibnservice.com