ငမိုးရိပ်ချောင်းကူးတံတား(ကမာကြည်-၂)ကို လာမည့် ၂ဝ၁၈ ခုနှစ်၊ မေလအတွင်း အပြီးသတ် တည်ဆောက်မည်

918

သဃင်္န်းကျွန်းမြို့နယ်၊ သုဝဏ္ဏကမာကြည်လမ်းနှင့် တောင်ဒဂုံစက်မှုဇုန်ကို ဆက်သွယ်မည့် ငမိုးရိပ်ချောင်းကူးတံတားကို လာမည့် ၂ဝ၁၈ ခုနှစ်၊ မေလအတွင်း အပြီးသတ် တည်ဆောက်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

 

သဃင်္န်းကျွန်းမြို့နယ်၊ သုဝဏ္ဏရှိ မြို့ဦးစေတီဘေး ကမာကြည်လမ်းနှင့် တောင်ဒဂုံစက်မှုဇုန် မိုးကုတ်လမ်းကို ဆက်သွယ်မည့် ငမိုးရိပ်ချောင်းကူးတံတားကို လာမည့် မေလအတွင်း အပြီးသတ် တည်ဆောက်မည်ဖြစ်သည်။

 

”ငမိုးရိပ် ချောင်းကူးတံတားကို စီမံကိန်းစာချုပ်အရ ခြောက်လအတွင်း အပြီးဆောက်လုပ်ရမှာပါ၊ ဆောက်လုပ်ခွင့်စာချုပ်က နိုဝင်ဘာလမှာ ချုပ်ဆိုတာဖြစ်တဲ့အတွက် လာမယ့် မေလမှာ အပြီးဆောက်လုပ်ရမှာပါ၊ တောင်ဥက္က လာ ငမိုးရိပ်ချောင်းကူးတံတားကို သစ္စာတံတားလို့ အမည်ပေးထားတယ်၊ သုဝဏ္ဏ ငမိုးရိပ်ချောင်းကူး တံတားကို ကမာကြည် ၂ တံတား လို့ အမည်ပေးထားပါတယ်”ဟု ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

ယာဉ်ကြောကျပ်တည်းမှု ဖြေလျှော့နိုင်ရေး စီမံချက်တစ်ရပ်အနေဖြင့် ချောင်းကူးတံတားများ တည်ဆောက်ခြင်းဖြစ်ရာ တောင်ဥက္ကလာပမြို့နယ်၊ သစ္စာလမ်းနှင့် ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ်၊ ငါးမာန်အောင် ဘုရားလမ်းတို့ကို ဆက်သွယ်၍ နှစ်လမ်းသွားချောင်း ကူးတံတားအဖြစ် တည်ဆောက်ခဲ့ပြီး ကမာကြည်-၂ တံတားကို  လေးလမ်းသွား ချောင်းကူးတံတားအဖြစ် တည်ဆောက်မည်ဖြစ်သည်။

 

ယင်းတံတားနှစ်စင်းကို မြတ်နိုးသူကုမ္ပဏီမှ တင်ဒါအောင်မြင်ခဲ့ခြင်းဖြစ်ပြီး ပထမတံတားမှာ ဒီဇင်ဘာ ၄ ရက်မှစ၍ ယာဉ်များ ဖြတ်သန်းသွားလာနေကာ ဒုတိယတံတားကို မေ ၁၅ ရက်တွင် အပြီးသတ် တည်ဆောက်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား)မှ သိရသည်။

 

ကြည်ပြာ

LEAVE A REPLY

Please enter your comment!
Please enter your name here