ငမိုးရိပ်ချောင်းကူးတံတားကို ယာဉ်များ စတင်ဖြတ်သန်းခွင့်ပေး ဒီဇင်ဘာ ၄ ရက်တွင်  ဖွင့်လှစ်မည်

1081

ငမိုးရိပ်ချောင်းကူးတံတားကို ယာဉ်များ စတင်ဖြတ်သန်းခွင့်ပေးခဲ့ပြီး ဒီဇင်ဘာ ၄ ရက်တွင် ဖွင့်ပွဲပြုလုပ် မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား)မှ သိရသည်။

 

တောင်ဥက္ကလာပ မြို့နယ်၊ သစ္စာလမ်းနှင့် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ငါးမာန်အောင်ဘုရားလမ်းတို့ကို ဆက်သွယ်ထားသည့် နှစ်လမ်းသွား ငမိုးရိပ်ချောင်းကူး တံတားကို နိုဝင်ဘာ ၂၉ ရက်မှစ၍ ယာဉ်များ စမ်းသပ်ဖြတ်သန်းခွင့်ပေးခဲ့ပြီး ဖွင့်ပွဲကျင်းပပြီးပါက တရားဝင် ဖြတ်သန်းခွင့်ပေးမည် ဖြစ်ကြောင်း သိရသည်။

 

”တံတားပေါ်မှာ ကားတွေ မောင်းခိုင်းပြီး အခြေအနေကို စမ်းသပ်နေပါတယ်၊ အဆင်ပြေတယ်ဆိုရင်တော့ ဒီအတိုင်းခွင့်ပြုမယ်၊ မပြေနိုင်ဘူး အန္တရာယ်ဖြစ်နိုင်တယ်ဆိုရင် ယာဉ်ကြောပြောင်းရမယ်၊ စမ်းသပ်မှုတွေကို ဒီရက်ပိုင်းအတွင်း ပြုလုပ်နေပြီး တံတားအသုံးပြုခွင့်ကိုတော့ ဒီဇင်ဘာလဆန်းမှာ ခွင့်ပြုပေးမှာ ဖြစ်ပါတယ်”ဟု ရန် ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီအင်ဂျင်နီယာဌာန (လမ်းနှင့်တံတား)မှ တာဝန်ရှိသူတစ်ဦး က ပြောသည်။

 

ငမိုးရိပ်တံတား ဖောက်လုပ်ထားသည့် လမ်းကြောင်းမှာ ယာဉ်သွားလာမှုများဖွယ်ရှိပြီး ချောင်းကို ဖြတ်၍ ဖောက်လုပ်ထားရခြင်း ဖြစ်သည့်အတွက် ယာဉ်များဖြတ်သန်း သွားလာရာတွင် အန္တရာယ်ကင်း ရှင်းစေရန် တံတားပေါ်သို့ ကားများ ဖြတ်သန်း၍ စမ်းသပ်မှုများ ပြုလုပ်ပြီးမှသာ ပြည်သူများ အသုံးပြုခွင့်ပေးမည် ဖြစ်ကြောင်း သိရသည်။

 

ယာဉ်ကြောကျပ်တည်းမှု ဖြေလျှော့နိုင်ရေး အခြားစီမံချက်တစ်ရပ်ဖြစ်သည့် သဃင်္န်းကျွန်းမြို့နယ်၊ လေးထောင့်ကန်လမ်း (စံပြစျေးအနီး) မီးပွိုင့်နှင့် ပေနှစ်ရာအကွာတွင် လူကူးခုံးကျော်တစ်စင်းကိုလည်း ဒီဇင်ဘာလဆန်းပိုင်းတွင် ဖွင့်လှစ်မည် ဖြစ်ကြောင်းလည်း သိရသည်။

 

တံတားနှစ်စင်း တည်ဆောက်ရေးအတွက် ၂ဝ၁၆ ခုနှစ်၊ ဒီဇင်ဘာ ၂ဝ ရက်မှ ၂ဝ၁၇ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်အထိ တင်ဒါခေါ်ယူခဲ့ပြီး ငမိုးရိပ်ချောင်းကူးတံတား တည်ဆောက်ခြင်းအတွက် မြတ်နိုးသူကုမ္ပဏီနှင့် စံပြစျေး လူကူးခုံးကျော် တံတား တည်ဆောက်ခြင်းအတွက် မြသက်တင်ကုမ္ပဏီတို့မှ တင်ဒါအောင်မြင်ခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား)မှ သိရသည်။

ကြည်ပြာ

LEAVE A REPLY

Please enter your comment!
Please enter your name here