ဂျာမန်ကားလောက  ယုံကြည်မှု ပြန်လည်တည်ဆောက်ရန်  ဝန်ကြီးချုပ်  တိုက်တွန်း

494

လောင်စာဆီသုံး မော်တော်ကားများ၏ မရေရာသည့် အနာဂတ်ကို ထောက်ပြပြီး ဂျာမန်ကားထုတ်လုပ် ရေးလုပ်ငန်းများအနေဖြင့် ပျက်ယွင်းသွားသည့်ဂုဏ်သိက္ခာကို ပြန်ဆယ်ရန် အစွမ်းရှိသမျှ ကြိုးစားလုပ်ဆောင်သင့်ကြောင်း Frankfurt မော်တော်ကားပြပွဲဖွင့်ပွဲအခမ်းအနား၌ ဂျာမန်ဝန်ကြီးချုပ် Angela Merkel က ပြောဆိုခဲ့သည်ဟု Reuters သတင်းဌာန၏ သတင်းတစ်ပုဒ်ကို မော်တော်ကားသတင်းဝက်ဘ် ဆိုက်တစ်ခုဖြစ်သော Auto News က ဖော်ပြခဲ့သည်။

 

အမေရိကန် ပြည်ထောင်စုတွင် ဒီဇယ်အင်ဂျင်တပ်ကားများ၏ ညစ်ညမ်းဓာတ်ငွေ့ထုတ်လွှတ်မှု စမ်းသပ်ခြင်းနှင့် ပတ်သက်ပြီး လိမ်လည်လှည့်ဖြားခဲ့ကြောင်း Volkswagen ကုမ္ပဏီက ဝန်ခံခဲ့သည့် လွန်ခဲ့သော ၂ နှစ်တာ အချိန် ကာလမှစတင်၍ ဂျာမနီနိုင်ငံ၏ အကြီးမားဆုံး ပြည်ပပို့ကုန်လုပ်ငန်းဖြစ်သော မော်တော်ကားထုတ်လုပ်မှု အကျပ်အတည်းနှင့် ရင်ဆိုင်ခဲ့ရသည်။

 

”ယုံကြည်မှုတွေ အများကြီးပျက်စီးသွားပြီ၊ဒါကြောင့် ကားထုတ်လုပ်တဲ့ လုပ်ငန်းရှင်တွေအနေနဲ့ ကိုယ်ကျိုးစီးပွားအတွက်ရော ဝန်ထမ်းတွေနဲ့ ဂျာမန်ကားလောကအတွက်ပါ ယုံကြည်မှု ပြန်တည်ဆောက်နိုင်မယ့် အရာအားလုံးကို ဆောင်ရွက်ရမှာ ဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ်က ပြောသည်။ လောင်စာဆီသုံး အင်ဂျင်များကို နောက်ပိုင်းတွင် တရုတ်နိုင်ငံက ပိတ်ပင်လာဖွယ်ရာ ရှိနိုင်ကြောင်း ထောက်ပြခြင်းအပါအဝင် ဂျာမန် မော်တော်ကားလောကအတွက် စိန်ခေါ်မှုများစွာ ရှိနေကြောင်း ၎င်းက ပြောသည်။ Merkel သည် ကားထုတ်လုပ်ရေးလုပ်ငန်းရှင်ကြီးများနှင့် ရင်းရင်းနှီးနှီး ဆက်ဆံခြင်း၊ မော်တော်ကားများကြောင့် ဖြစ်ပေါ်လာသည့် လေထုညစ်ညမ်းမှုကိစ္စကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်ရန်နှင့် လျှပ်စစ် ကားထုတ်လုပ်ရေးကို ပိုမိုတွန်းအားပေးဆောင်ရွက်ရန် ပျက်ကွက်ခြင်းတို့ကြောင့် စက်တင်ဘာ ၂၄ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲ မတိုင်မီ ဝေဖန်ခံနေရသည်။

 

မကြာသေးမီက ဝန်ကြီးချုပ်သည် မော်တော်ကားထုတ်လုပ်မှုနှင့်ပတ်သက်၍ ၎င်း၏ တင်းကြပ်သော ရပ်တည်ချက်ကို ထုတ်ဖော်ပြသခဲ့ပြီး သန့်စင်သည့် မြို့ပြသယ်ယူပို့ဆောင်မှုဖြစ်စေရန် ရန်ပုံငွေ ယူရိုတစ်ဘီလျံကို ယခုလအတွင်း မတည်ခဲ့ပြီးနောက် မြို့ပြလေ ထုညစ်ညမ်းမှုများကို တိုက်ဖျက်ရန် ကိုင်တွယ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ပြည်ပကားထုတ်လုပ်ရေး လုပ်ငန်းများကိုလည်း လေထုညစ်ညမ်းမှု လျှော့ချရန်အတွက် ဒီဇယ်ကားများ၏ အင်ဂျင်ဆော့ဖ်ဝဲစနစ်ကို ပြန်လည်မွမ်းမံရာတွင်  ဂျာမန်ကားထုတ်လုပ်ရေး လုပ်ငန်းများနှင့် ပူးပေါင်းဆောင်ရွက်သွားရန် ၎င်းက တိုက်တွန်းခဲ့ သည်။

Ref: Reuters, Auto News

LEAVE A REPLY

Please enter your comment!
Please enter your name here