ဂျပန်နိုင်ငံ၊ Asakuchi မြို့မှာတည်ရှိတဲ့ Okayama Sanyo အထက်တန်းကျောင်းဟာ မော်တော်ကားလောကမှာ ထူးထူးခြားခြား ကမ္ဘာ့စံချိန်တင်ခဲ့တဲ့ ကားတစ်စီးကို ၂၀၁၀ ပြည့်နှစ်၊ နို၀င်ဘာ ၁၅ ရက်တုန်းက တီထွင်မိတ်ဆက်ပြသသွားခဲ့ပါတယ်။ အနာဂတ်လို့ အဓိပ္ပာယ်ထွက်အောင် ဂျပန်ဘာသာနဲ့ Mirai လို့ အမည်ပေးထားတဲ့ကားဟာ ယခင်ကမ္ဘာ့အနိမ့်ဆုံးကားအဖြစ် စံချိန်တင်ထားတဲ့ Flatmobile ထက်နိမ့်ပြီး ၂၀၁၃ ဂင်းနက်စ် ကမ္ဘာ့စံချိန်မှတ်တမ်းစာအုပ်မှာ ဖော်ပြခံခဲ့ရတာပါ။ Okayama Sanyo အထက်တန်းကျောင်းရဲ့ The Automobile Engineering Course က ဆရာတွေနဲ့ ကျောင်းသားတွေ စုပေါင်းဖန်တီးခဲ့တဲ့ Mirai ဟာ ဘက်ထရီ ခြောက်လုံးနဲ့မောင်းရတဲ့ ကားအမျိုးအစားဖြစ်ပြီး Driving Unit (မိုတာ၊ ဘက်ထရီ အပါအ၀င် ထိန်းကျောင်းမှု အစိတ်အပိုင်းတွေ)ကို ဂျပန် CQ ကားကုမ္ပဏီကထုတ်တဲ့ Q-car ဆီက ရယူသုံးစွဲထားတာ ဖြစ်ပါတယ်။ Mirai ရဲ့ သံမဏိအောက်ခံထည်၊ ကားကိုယ်ထည်၊ ဆိုင်းထိန်းစနစ်၊ စတီယာရင်စနစ်၊ LED မီးလုံးတွေ၊ ထိုင်ခုံတွေနဲ့ တခြားအစိတ်အပိုင်းတွေကို Okayama Sanyo အထက်တန်းကျောင်းမှာပဲ ဖန်တီးထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ တစ်နှစ်ကျော်ကြာ ကြိုးပမ်းဖန်တီးခဲ့ရတဲ့ Mirai ရဲ့ မြေပြင်ကနေ အမြင့်ဆုံး အစိတ်အပိုင်းက ၄၅ ဒသမ ၂ စင်တီမီတာ (၁၇ ဒသမ ၇၉လက်မ)သာရှိလို့ ကမ္ဘာ့အနိမ့်ဆုံးကားအဖြစ် စံချိန်သစ်တင်ခဲ့တာ လက်ရှိအချိန်အထိပါပဲ။ ယခင်ကမ္ဘာ့အနိမ့်ဆုံးကားအဖြစ် စံချိန်တင်ထားတာက ၂၀၀၈ ခုနှစ်မှာထွက်ပေါ်ခဲ့တဲ့ ဂျက်အင်ဂျင်တပ်ထားပြီး ၄၈ စင်တီမီတာ(၁၉ လက်မ) မြင့်တဲ့ Flatmobile ပါ။
Mirai ကို လမ်းမကြီးတွေမှာမောင်းရင်တော့ သည်းထိတ်ရင်ဖိုစရာ ကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ တစ်နာရီ ကီလိုမီတာလေးဆယ်ကျော်အရှိန်နှုန်းနဲ့ မောင်းနှင်ချိန်မှာ မောင်းသူမျက်လုံးဆုံမှတ်ဟာ လမ်းနဲ့ တအားနီးကပ်နေသလို တခြားကားကြီးတွေက ကျော်ဖြတ် တက်နင်းသွားနိုင်တဲ့အရေး ကြောက်ရလို့ပါပဲ။ Okayama Sanyo အထက်တန်း ကျောင်းအုပ် Harada Kazunari က အသွားအလာ ရှုပ်ထွေးတဲ့လမ်းမှာ Mirai ကို မောင်းမယ်ဆိုရင် ရှေ့ကဦးဆောင်လမ်းပြတဲ့ ကားတစ်စီးအပြင် နောက်က လိုက်ပါစောင့်ရှောက်တဲ့ ကားတစ်စီးရှိရမယ်လို့ စည်းမျဉ်းဥပဒေ သတ်မှတ်ထားကြောင်း ဆိုပါတယ်။ စမ်းသပ်မောင်းနှင်မှုအရ Mirai ဟာ လမ်းပေါ်မှာ ပုံမှန်ကားတစ်စီးလိုမောင်းနိုင်တဲ့ အရည်အသွေးရှိသလို ကားပါကင်ဆင်ခြေလျှောကို အတက်အဆင်းလုပ်တဲ့အခါမှာလည်း အခက်အခဲမရှိပါဘူး။ Okayama Sanyo အထက်တန်းကျောင်းဟာ Mirai ကမ္ဘာ့အနိမ့်ဆုံးကား မဖန်တီးခင် ကုန်း၊ရေနှစ်ထွေသွား Amphibious Car နဲ့ ကြီးမားတဲ့ လေဟုန်စီးယာဉ် (Glider Plane) တို့ကို အောင်မြင်စွာ တည်ဆောက်ခဲ့ဖူးပါတယ်။