ဂျပန်နှင့် တရုတ်အပါအဝင် အာရှနိုင်ငံများရှိ ကားကုမ္ပဏီများက ပြည်တွင်း၌ ကားစက်ရုံများ တည်ထောင်ရန် MIC ထံ စုံစမ်းမေးမြန်းမှုများ ပြုလုပ်

731

ဂျပန်၊ ထိုင်း၊ ကိုရီးယား၊ တရုတ် နှင့် အိန္ဒိယအပါအဝင် အာရှနိုင်ငံ များရှိ ကားကုမ္ပဏီများက ပြည်တွင်း၌ ကားစက်ရုံများတည်ထောင်ရန်အတွက် မြန်မာနိုင်ငံရင်းနှီးမြုပ် နှံမှုကော်မရှင်ထံ စုံစမ်းမေးမြန်းမှုများ ပြုလုပ်ထားကြောင်း သိရသည်။

 

ကားထုတ်လုပ်မှု အများဆုံးနိုင်ငံအဖြစ် ရပ်တည်နေသည့် တရုတ်နိုင်ငံအပါအဝင် ဂျပန်၊ ထိုင်း၊ ကိုရီးယားနှင့် အိန္ဒိယနိုင်ငံရှိကား ထုတ်လုပ်သည့် ကုမ္ပဏီများနှင့် ၎င်းတို့နှင့် ချိတ်ဆက်လုပ်ကိုင်လိုသည့် ပြည်တွင်းလုပ်ငန်းရှင်များက ပြည်တွင်း၌ SKD ၊ CKD စနစ်ဖြင့် ကားများ တပ်ဆင်ထုတ်လုပ်ရန် မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုကော်မရှင်တွင် စုံစမ်းမေးမြန်းထားပြီး ယခုနှစ်အတွင်း ကားကုမ္ပဏီအသစ် သုံးခုလာရောက် ရင်းနှီးမြုပ်နှံရန်စီစဉ်နေကြောင်း သိရသည်။

 

”မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ဥပဒေသစ် ထုတ်ပြန်ပြီးတဲ့နောက်မှာ ပြည်ပကားကုမ္ပဏီတွေက ဒီမှာ လာရောက်ရင်းနှီးမြုပ်နှံပြီး ကားတွေ တပ်ဆင်ထုတ်လုပ်ဖို့အတွက် လာရောက် စုံစမ်းမေးမြန်းတာတွေ ရှိပါတယ်၊ ဂျပန်၊ ထိုင်း၊ တရုတ်၊ ကို ရီးယား၊ အိန္ဒိယက ကားကုမ္ပဏီတွေလည်း ရင်းနှီးမြ§ုပ်နှံမှု ပြုလုပ်ဖို့အတွက် စုံစမ်းမေးမြန်းထားတာ ရှိပါတယ်၊ နိုင်ငံခြားသား ရင်းနှီးမြုပ် နှံမှု ၁ဝဝ ရာခိုင်နှုန်းနဲ့ ဆောင်ရွက်ဖို့အတွက် လာပြီး မေးမြန်းတာ ရှိသလို နိုင်ငံသားနဲ့ ဖက်စပ်လုပ်ကိုင်ဖို့အတွက်လည်း စုံစမ်းမေးမြန်းတာ ရှိပါတယ်၊ ဒီနှစ်ထဲမှာလည်း ကားကုမ္ပဏီသုံးခု လာရောက်ရင်းနှီးမြုပ်နှံဖို့ ရှိပါတယ်”ဟု မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

 

လက်ရှိတွင် SKD ၊ CKD စနစ်ဖြင့် ကားတပ်ဆင် ထုတ်လုပ်သည့် ကုမ္ပဏီများကို ရင်းနှီးမြုပ်နှံ သည့်နေရာဒေသအပေါ် မူတည်၍ သုံးနှစ်မှ ခုနစ်နှစ်အတွင်း  ဝင်ငွေခွန် ကင်းလွတ်ခွင့်ပြုမည်ဖြစ်ပြီး ကုန်ကြမ်းပစ္စည်းအပေါ် Custom Duty ကောက်ခံမည် ဖြစ်သည်။ သို့သော် ပြည်တွင်း၌ တပ်ဆင်ထုတ်လုပ်ပြီး ပြည်ပသို့ တင်ပို့ရောင်းချမည့် ကားများကိုမူ ပေးဆောင်ခဲ့သည့်အခွန်များ ပြန်လည် ထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။

ဆန်းသစ်အောင်

LEAVE A REPLY

Please enter your comment!
Please enter your name here