ဂျပန်နိုင်ငံမှာ မြန်မာစာရေးထားဖို့လိုသည့်ခေတ်

986
Page(Test)

ကျွန်တော်တို့ မြန်မာလူမျိုးတွေသည် ခေတ်တွေကို ဖြတ်သန်းခဲ့ကြရသည်။ တစ် နည်းဆိုရသော် လူ့သမိုင်းတွေကို ဖြတ်ကျော် ခဲ့ကြရသည်။ လက်လှမ်းမီသလောက်ကစပြီး ပြောမည်ဆိုလျှင် လွတ်လပ်ရေးကြိုးပမ်းမှု ကာလဖြစ်သည့် ဗြိတိသျှ ကိုလိုနီခေတ်၊ လွတ်လပ်ရေးရပြီးကာလ ဖဆပလခေတ်၊ စီးပွားရေး အရှိန်အဟုန်ရလာသည့် ပြည် တော်သာခေတ်၊ စစ်တပ် အာဏာသိမ်းပြီး အုပ်ချုပ်သည့် တော်လှန်ရေးကောင်စီ ခေတ်၊ မှောင်ခိုကုန်သွယ်ရေးခေတ်လို့ခေါ် ကြသည့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ခေတ်၊ စစ်ဗိုလ်၊ စစ်သားတွေအုပ်ချုပ်သည့် နဝတ၊ နအဖခေတ်ဆိုတာတွေ ဖြတ်သန်း ခဲ့ကြရတာကို အမှတ်ရနေကြဦးမည် ထင် သည်။ အဲဒီခေတ်တွေထဲမှာ ခေတ်တစ် ခေတ်ကတော့ ပြည်သူတွေဆင်းရဲ၊ ကျပ် တည်းရှားပါးလွန်းလို့ ဂျပန်နိုင်ငံမှာ မြန်မာ စာရေးထားဖို့လိုသည့်ခေတ် တစ်ခေတ်ရှိခဲ့ သည်။ အဲဒီခေတ်သည် မြန်မာနိုင်ငံမှာ အ စစ အရာရာ ရှာမရ၊ ရှားပါးလွန်းသည့်အတွက် မြန်မာလူမျိုးတွေ မှောင်ခိုကုန်ကူးကြရသည်၊ အလစ်သုတ်သည်၊ လုယက်သည်၊ အခြေ အနေပေးလျှင် ဓားပြတိုက်သည်၊ အစိုးရ ဝန်ထမ်းတွေ အကျင့်ပျက် ခြစားကြသည်။ တစ်နိုင်ငံလုံး၊ တစ်မျိုးသားလုံး စာရိတ္တချွတ် ခြုံကျသည့် ကာလဖြစ်သည်။ အဲဒီကာလ သည် ကုန်သွယ်ရေးခေတ်၊ မှောင်ခိုခေတ် လို့ခေါ်ကြသည့် မြန်မာ့ဆိုရှယ်လစ်လမ်း စဉ်ပါတီခေတ် ဖြစ်သည်။

အဲဒီခေတ်မှာ ကျွန်တော်သငေ်္ဘာသား ဖြစ်ပြီး နိုင်ငံခြားတိုင်းပြည်တွေကို လျှောက် သွားနေခဲ့ရသည်။ သငေ်္ဘာသားဘဝဖြင့် စင်ကာပူ၊ ဟောင်ကောင်၊ တောင်ကိုရီးယား၊ ထိုင်ဝမ်၊ ဂျပန် စသည့်နိုင်ငံတွေကိုရောက် တော့ အဲဒီနိုင်ငံတွေမှာ စွန့်ပစ်ထားသည့် ပုလင်းခွံ၊ ဘူးခွံလေးတွေကအစ လိုက် ကောက်ပြီး မြန်မာနိုင်ငံကိုယူသွားချင်စိတ် ဖြစ်မိပါသည်။ မြန်မာနိုင်ငံမှာ အစစရှားပါး နေသည့်အတွက် ဘာမဆို ပြန်ရောင်းလို့ ရသည့်ခေတ်ဖြစ်သည်။ သငေ်္ဘာက အလ ကားပေးသည့် ခေါက်ဆွဲခြောက်အထုပ် တွေနှင့် ကိုယ်တိုက်ဆပ်ပြာခဲတွေကို မသုံး ဘဲ စုထားမိသည်။ သငေ်္ဘာကဆင်းပြီး မြန်မာပြည်ကိုပြန်လျှင် ယူသွားဖို့ရည်ရွယ် ခဲ့သည်အထိ ဆင်းရဲလွန်းလို့ စိတ်ဓာတ် အောက်တန်းကျခဲ့ကြသည်။ မိမိက သငေ်္ဘာ မှာ အလျှံပယ်၊ အဝအပြဲ စားနေရပေမဲ့ မြန် မာပြည်မှာ ငတ်လို့ ဆာလောင်နေကြမည့် ဇနီးနှင့် သားသမီးလေးတွေကို သတိရပြီး စိတ်မကောင်းဖြစ်ခဲ့ရသည့်ခေတ် ဖြစ်သည်။

အဲဒီခေတ်မှာ ဂျပန်နိုင်ငံကို ရောက် သွားခဲ့သည့် ကျွန်တော်သည် မြန်မာ သငေ်္ဘာသားတို့၏ ဖြစ်ကြောင်းကုန်စင်ကို မြင်တွေ့ရပါတော့သည်။ မြန်မာသငေ်္ဘာ သား မိကောင်းဖခင်သားတို့သည် ချမ်းသာ ပြီး ပစ္စည်းပေါလွန်းသည့် ဂျပန်နိုင်ငံမှာ ပြ သနာမျိုးစုံနှင့် ကြုံကြရလေတော့သည်။ မြန်မာသငေ်္ဘာသား တစ်ယောက်သည် ကုန်တိုက်ကြီးတစ်ခုမှာ ပစ္စည်းမျိုးစံုဝင်ဝယ် သည်။ ရောင်းသူမရှိသည့် ကုန်တိုက်ကြီးက ပစ္စည်းတွေကို တွန်းလှည်းလေးပေါ်တင်ပြီး တွန်းယူလာသည်။ ငွေရှင်းကောင်တာမှာ ငွေရှင်းသည်။ ဝယ်ယူပြီး ပစ္စည်းတွေကို ငွေရှင်းပြီးဖြစ်လို့ လှည်းကလေးကို ကုန် တိုက်ကြီး၏ အပြင်ကို တွန်းထွက်လိုက် သည်။ ထွက်လိုက်တာနှင့် သူထွက်သည့်အ ပေါက်က အချက်ပေးခေါင်းလောင်းသံ အ ဆက်မပြတ် ထွက်ပေါ်လာတော့သည်။ အ စောင့်ရဲက ပြေးလာပြီး သငေ်္ဘာသားကိုဖမ်း လိုက်တော့သည်။ သငေ်္ဘာသားက သူသည် ဝယ်ယူလာသည့် ပစ္စည်းအားလုံးအတွက် ငွေရှင်းပြီးဖြစ်ကြောင်း ပြေစာစာရွက်ကလေး ကိုပြသည်။ ရဲကသူ့ကို စမ်းသပ်ရှာဖွေသည့် အခါ သူ့လွယ်အိတ်ထဲမှာ ငွေမရှင်းဘဲဝှက် ယူလာသည့် လက်ပတ်နာရီတစ်လုံးကို ရှာ ဖွေ တွေ့ရှိလိုက်သည်။ ကာယကံရှင် သငေ်္ဘာသားကတော့ ငွေရှင်းဖို့ မေ့သွား တာဟု ပြောသည်။ ဝယ်ယူသည့်ပစ္စည်းတွေ ကို အခြားပစ္စည်းတွေနှင့်အတူ လှည်းက လေးဖြင့် တင်ယူလာတာမဟုတ်ဘဲ လွယ် အိတ်ထဲမှာ ဝှက်ယူလာသည့်အတွက် ခိုး တယ်ဆိုတာ သေချာသွားသည်။ ဂျပန်နိုင်ငံ မှာ ဒါမျိုးဖြစ်လာလျှင် ထောင်ကျသည်။ မြန်မာလူမျိုး၊ သငေ်္ဘာသား၊ လူငယ်ဖြစ်နေ သည့်အတွက် တောင်းပန်လို့ ခွင့်လွတ် လိုက်သည်။ ကံကောင်းလို့ ထောင်မကျဖြစ် ခဲ့သည်။

ကျွန်တော်တို့သငေ်္ဘာမှာ ဂျပန်နိုင်ငံ လုပ် ဘိုင်စကယ် သုံးစီးရှိသည်။ အများပိုင် ဘိုင်စကယ်တွေ ဖြစ်သည်။ သငေ်္ဘာက မည်သူမဆို ယူစီးလို့ရသည်။ ဂျပန် ဘိုင်စ ကယ်ကလည်း ကောင်းသည်။ တက်ခွ လိုက်တာနှင့် နင်းစရာမလိုဘဲ လိမ့်သည့် ဘိုင်စကယ်တွေဖြစ်သည်။ အဲဒီဘိုင်စကယ် တွေဟာ ဝယ်ယူထားတာတွေ မဟုတ်။ ဂျပန်နိုင်ငံရှိ တောရွာလေးတွေက ကျောင်း သူလေးတွေရဲ့ ဘိုင်စကယ်တွေကို ခိုးယူ ထားတာတွေ ဖြစ်သည်။ ဂျပန်နိုင်ငံက တောရွာလေးတွေက ကျောင်းသားလေးတွေ၊ ကျောင်းသူလေးတွေသည် သူတို့ရွာကနေ ဘိုင်စကယ်တွေဖြင့် ထွက်လာသည်။ ကား လမ်းမကြီးကိုရောက်လျှင် ဘိုင်စကယ်ထား သည့် စင်ကလေးတွေမှာ ထောင်ပြီး သော့ မခတ်ဘဲထားခဲ့သည်။ ကျောင်းကြိုကားကြီး လာလျှင် တက်စီးပြီး အနီးဆုံးမြို့ကြီးကို ကျောင်းသွားတက်ကြသည်။ ညနေ ကျောင်းကပြန်လာလျှင် ကားပေါ်ကဆင်း ပြီး ဘိုင်စကယ်လေး စီးနင်းကာ သူ့ရွာကို ပြန်မည်ဖြစ်သည်။ အဲဒီဘိုင်စကယ်တွေထဲ က သစ်သစ်လွင်လွင်တွေကို ကျွန်တော့် သငေ်္ဘာက အကောင်တွေက သွားယူထား တာဖြစ်သည်။

ကျွန်တော့်သငေ်္ဘာသည် အမေရိကန် က ထင်းရှူးသစ်လုံးတွေကိုတင်ယူပြီး ဂျပန် နိုင်ငံက တောရွာတွေမှာရှိသည့် သစ်စက် တွေမှာ ချနေစဉ်က ဖြစ်ပျက်ခဲ့တာတွေဖြစ် သည်။ ဂျပန်နိုင်ငံက ဒီရွာ၊ ဒီနေရာကို ပုံ မှန်ရောက်နေသည့်အခါ ဒီရွာလေးက ဘယ်နေရာမှာ ဘာရှိတယ်ဆိုတာ သိနေ ကြသည်။ သငေ်္ဘာသားတစ်ယောက်သည် အိမ်တစ်အိမ်ရှေ့မှာ ချထားသည့် တီဗီနှင့် ဗီဒီယိုတစ်စုံကို ညဘက်မှာဝင်ခိုးပြီး ထမ်း ယူလာသည်။ ဆိပ်ကမ်းနား ရောက်ခါနီးမှ ကင်းလှည့်သည့်ရဲကားနှင့်တွေ့ပြီး အဖမ်းခံ လိုက်ရသည်။ ရဲကလည်း အင်္ဂလိပ်စကား မပြောတတ်တော့ အတော်အလုပ်ရှုပ်သွား သည်။ သငေ်္ဘာကုမ္ပဏီ၏ ဒေသကိုယ်စား လှယ်ကို ဖုန်းဆက်ခေါ်ပြီး အမှုစစ်ရတော့ သည်။ ခိုးယူလာသည့် ပစ္စည်းတွေ၏ ပိုင် ရှင်ကို နှိုးရသည်။ ညကြီးသန်းခေါင် ရဲက တံခါးလာခေါက်လို့ အိမ်ရှင်တွေ လန့်ကြောက် သွားကြသည်။ ဒီအိမ်က ပစ္စည်းတွေကို ခိုးသူ အား ဖမ်းလာကြောင်းပြောတော့မှ အိမ်ရှင် က ဝမ်းသာအားရ ပြန်ပြောနေတာမြင်ရသည်။ အဲဒီတော့မှ ရဲက သငေ်္ဘာသားကို မေးသည်။

‘‘အဲဒီပစ္စည်းတွေမှာ စာရေးပြီး ကပ်ထားတဲ့စာရွက် တွေ့ပါသလား၊ အဲဒီစာရွက် ဘယ်မှာလဲ’’

သငေ်္ဘာသားက ဂျပန်လိုရေးထားသည့် စာရွက်ကို တွေ့ပါသည်။ ဆွဲဖြုတ်၊ စုတ်ဖြဲ ပြီး လမ်းဘေးကို ပစ်ချထားခဲ့သည်ဟု ဖြေ သည်။ ဒေသကိုယ်စားလှယ်က ရဲကိုပြန် ပြောပြသည်။ ရဲက တစ်စုံတစ်ခုပြန်ပြော သည်။ ဒေသကိုယ်စားလှယ်က ရယ်ရယ် မောမော ပြန်ပြောပြသည်။

‘‘အဲဒီစာရွက်ဟာ ဘာရေးထားလဲသိ လား၊ ဒီအိမ်မှာ အသုံးမပြုတော့တဲ့ ပစ္စည်း တွေဖြစ်လို့ လိုချင်ရင် ယူသွားပါလို့ ရေး ထားတာ၊ လိုချင်ရင် ယူသွားလို့ရပြီ’’

သငေ်္ဘာသားကရှက်ပြီး မယူတော့ပါ ဟု ပြောသည်။ ရယ်ရယ်မောမောဖြင့် အမှု ပြီးသွားသည်။ သငေ်္ဘာသားကလည်း ဂျပန် စာ မဖတ်တတ်တော့ ပြသနာတက်သွား တာ ဖြစ်သည်။ အကယ်၍သာ မြန်မာလို ရေးထားလျှင် နေ့လယ်နေ့ခင်းမှာ အေး အေးဆေးဆေး သွားယူလို့ရသည်။ အခု တော့ ညကြီးသန်းခေါင် သွားခိုးယူတော့ အဖမ်းခံလိုက်ရတာ ဖြစ်သည်။

ဂျပန်နိုင်ငံမှာ မော်တော်ကားသချိုင်း တွေ နေရာတကာမှာရှိသည်။ ဖျက်ဆီးပစ် မည့်ကားတွေကို ထားသည့်နေရာဖြစ်သည်။ မြို့ပြင်က မြေကျယ်ကျယ်နေရာမှာ သံဆူး ကြိုးတွေ ကာရန်ပြီးထားသည့် နေရာဖြစ် သည်။ ဂျပန်နိုင်ငံမှာ မော်တော်ကားဟောင်း တစ်စီးကို ပြန်ရောင်းလို့မရ။ ဝယ်မည့်သူမရှိ သည့်ကားဆိုလျှင် ဖျက်ဆီးပစ်ရန်အတွက် အဲဒီလိုနေရာမျိုးကို သွားပို့ရသည်။ ထိန်း သိမ်းထားခ၊ ဖျက်ဆီးပေးခ အလွန်စျေးကြီး သည်။ အဲဒီကားဝင်းကြီးထဲမှာ တာယာတွေ ဖြုတ်ပြီး စုပုံထားသည့် ကားဟောင်းတွေ ထောင်နဲ့ချီပြီးရှိနေသည်။ တစ်စီးအပေါ်တစ် စီး စုပုံထားတာဖြစ်သည်။ မော်တော်ကား အဟောင်းကို ဖျက်ဆီးပစ်သည့်စက်ကြီးက လည်း အဲဒီအနားမှာပင်ရှိသည်။ တာယာ တွေဖြုတ်ထားပြီးဖြစ်သည့် ကားဟောင်းတစ် စီးကို စက်ကြီးထဲ ထည့်လိုက်ပါက စက္ကန့် သုံးဆယ်အတွင်းမှာ လေးပေပတ်လည်မျှ သာရှိသည့် သံတုံးကြီးဖြစ်သွားသည်။ အဲဒီ သံတုံးတွေကို ရထားတွဲပေါ်တင်လိုက်တော့ သည်။ အဆက်မပြတ်လာနေသည့် ရထား တွဲတွေက သံရည်ကျိုစက်ရှိရာကို သယ်ယူ သွားတော့သည်။

မော်တော်ကားဟောင်းတွေ ထပ်ဆင့် စုပုံထားသည့်ဝင်းကြီး၏ သံဆူးကြိုးပတ်ချာ လည်မှာ ‘ခြံထဲမဝင်ရ၊ အန္တရာယ်ရှိသည်’ ဆိုသည့်စာတွေကို ရုရှား၊ ဗီယက်နမ်ဘာသာ စာတွေဖြင့် ရေးပြီးချိတ်ဆွဲထားသည်။ မြန် မာသငေ်္ဘာသား တစ်စုသည် ညအချိန်မှာ အဲဒီဝင်းထဲဝင်ပြီး ကားဟောင်းတွေဆီက နောက်ကြည့်မှန်၊ ဘေးကြည့်မှန်နှင့် ရေဒီယို၊ ကက်ဆက်တွေ ဝင်ဖြုတ်နေတာကို ခြံဝင်း စောင့်ကတွေ့ရှိပြီး ဖမ်းမိသွားသည်။ ပြသ နာ ဖြစ်ပြန်တော့သည်။ ရဲရောက်လာတော့ စကားပြန်လုပ်ရန် သငေ်္ဘာကုမ္ပဏီ၏ ဒေသ ကိုယ်စားလှယ် ခေါ်ရပြန်သည်။ သူတို့ချင်း ပြောကြဆိုကြပြီးတော့မှ အဖြေကိုသိရသည်။ မြန်မာလူမျိုးတွေဖြစ်လို့ ခွင့်လွတ်လိုက် သည်။ ညဘက်မှာ ဝင်ခိုးစရာမလို၊ နေ့ ဘက်မှာလာပြီးတောင်းလျှင် နောက်ကြည့် မှန်၊ ဘေးကြည့်မှန်ကိုသာမက တစ်စီးလုံး လိုချင်သည်ဆိုလျှင်လည်း အလကားပေးပါ သည်ဆိုသည့် အဖြေဖြစ်သည်။

‘‘ရုရှားနဲ့ ဗီယက်နမ်သငေ်္ဘာသားတွေ ဝင်ပြီးဖြုတ်လို့ သူတို့ဘာသာစာနဲ့ရေးပြီး အန္တရာယ်ရှိတဲ့အကြောင်း သတိပေးထား တယ်၊ ကားတွေပြိုကျပြီး သေနိုင်တယ်’’

‘‘ကျေးဇူးပြုပြီး မြန်မာစာနဲ့ပါ ရေး ထားပေးပါဗျာ’’

မြန်မာနိုင်ငံကို အုပ်ချုပ်သွားခဲ့ကြသူ တွေ ညံ့ဖျင်း၊ စီမံခန့်ခွဲမှုမတတ်လို့ တစ်နိုင် ငံလုံး ဆင်းရဲဒုက္ခရောက်၊ ပစ္စည်းရှားပါး သည့်အတွက် မြန်မာသငေ်္ဘာသားတွေ စာရိတ္တပျက်ခဲ့ရသည့် ခေတ်တစ်ခေတ် မြန်မာနိုင်ငံမှာ ရှိခဲ့ဖူးပါသည်။

အဏ္ဏဝါစိုးမိုး

LEAVE A REPLY

Please enter your comment!
Please enter your name here