ဂျပန်နည်းပညာသုံး Real Time Traffic Light မီးပွိုင့် ငါးဆယ် တပ်ဆင်မည်

762

မန္တလေး၊ မတ်
လာမည့် ၂ဝ၁၈-၂ဝ၁၉ ဘတ်ဂျက်နှစ်၌ ဂျပန်နည်းပညာသုံး Real Time Traffic Light မီးပွိုင့်ငါးဆယ် တပ်ဆင်သွားမည်ဖြစ်ကြောင်း ‘မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ’ ကော်မတီဝင် ဦးရဲမြတ်သူထံမှ သိရသည်။

”မန္တလေးမှာက ပြီးခဲ့တဲ့ သုံးနှစ်လောက်ကတည်းက သြစတြေးလျနည်းပညာဖြစ်တဲ့ ဆင်ဆာစနစ် မီးပွိုင့်တွေကို အသုံးပြုနေပါပြီ၊ အဲဒီစနစ်က တစ်ကမ္ဘာလုံးမှာရှိတဲ့ မြို့ပေါင်းနှစ်ရာကျော်ကျော်မှာ အသုံးပြုနေပါ တယ်၊ အဲဒီစနစ်က လမ်းအသုံးပြုမှုများတဲ့ဘက်ကို မီးစိမ်းပေးတဲ့စနစ် ဖြစ်ပါတယ်”ဟု ၎င်းကပြောသည်။

ထို့ပြင် မီးပွိုင့်များတွင် ယာဉ်နံပါတ်ပါ မှတ်တမ်းတင်နိုင်သည့်စနစ်နှင့် ကားအရောင် ခွဲပေးနိုင်သည့် စနစ်များ ပါဝင်သော CCTV ကင်မရာများကိုလည်း ထပ်မံတပ်ဆင်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

”လောလောဆယ် အားနည်းချက်ကတော့ နံပါတ်မှတ်ပေမဲ့ ယာဉ်ပိုင်ရှင် မမှန်တဲ့ ကိစ္စတွေပါ၊ ပြီးတော့ ဆိုင်ကယ် နံပါတ်တွေကလည်း မြန်မာနံပါတ်တွေဖြစ်တော့ မှတ်လို့မရသေးဘူး၊ ဒါတွေကိုလည်း နောက်ပိုင်းမှာ ဆောင်ရွက်နိုင်ဖို့ စီစဉ်နေပါတယ်”ဟု မန္တလေးမြို့တော် စည်ပင်သာယာ ရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယင်းကဲ့သို့ ဆောင်ရွက်ပါက မန္တလေးမြို့၏ ယာဉ်ကြောရှုပ်ထွေးမှုများနှင့် လုံခြုံရေးကို ပိုမိုဆောင်ရွက်နိုင်သည့်အပြင် တိုးဂိတ်များတွင်လည်း ဂိတ်ကြေးပိုမိုကောက်ခံမှုများ လျော့နည်းသွားနိုင်မည်ဖြစ် ကြောင်း သိရသည်။ လက်ရှိ မန္တလေးမြို့ အဓိကလမ်းမကြီးများတွင် Real Time Traffic Light မီးပွိုင့် ၃၂ ပွိုင့် တပ်ဆင် အသုံးပြုလျက်ရှိကာ မန္တလေးမြို့၏ ယာဉ်ကြောရှုပ်ထွေးမှုများကို ဖြေရှင်းလျက်ရှိ ကြောင်း သိရသည်။
ပြည်ဘုန်းမောင်

LEAVE A REPLY

Please enter your comment!
Please enter your name here