ဂျစ်စပိဘုတ် (သို့မဟုတ်) ကုန်းရေ နှစ်သွယ်သွားယာဉ် WATER CAR PANTHER

768
Page(Test)

၁၉၆ဝ ပြည့်လွန်နှစ်တွေအတွင်းထွက်ပေါ်လာတဲ့ ကုန်း/ရေ နှစ်ထွေသွား ယာဉ်(Amphicar)လိုမျိုး ကားတစ်စီး ဖန်တီးဖို့ Dave March ကြိုးစားခဲ့ရာကနေ Water Car ကုမ္ပဏီဟာ ၁၉၉၉ ခုနှစ်မှာ စတင်ပေါ်ပေါက် လာခဲ့ပါတယ်။ Water Car ရဲ့ ပထမဆုံးရှေ့ပြေးနမူနာယာဉ်က Python အမည်ရှိပြီး မြင်းကောင်ရေ ၄၅ဝ အားရှိတဲ့ Chevrolet Corvette အင်ဂျင်တပ်ဆင်ထားတာကြောင့် ကုန်းပေါ်မှာ တစ်နာရီ ၁၂၇ မိုင်နှုန်းနဲ့ ရေထဲမှာ တစ်နာရီ မိုင်ခြောက်ဆယ်နှုန်း မောင်းနိုင်လို့ ကုန်း/ရေနှစ်ထွေ သွားယာဉ်တွေထဲမှာ အမြန်ဆုံးအဖြစ် ၂ဝ၁ဝ ဂင်းနက်စ်ကမ္ဘာ့စံချိန်မှာ ဖော်ပြခံခဲ့ရပါတယ်။ ဒါပေမဲ့ Python တစ်စီးအတွက် တည်ဆောက်စရိတ် ကများလွန်းလို့ ရှေ့ပြေးနမူနာ အဆင့်နဲ့ပဲ ရပ်တန့်ခဲ့ပြီး စီးပွားဖြစ်ထုတ် လုပ်ရောင်းချနိုင်ခြင်း မရှိခဲ့ပါဘူး။

Dave March ဟာ Python နဲ့ တခြားရှေ့ပြေးနမူနာယာဉ်တွေရဲ့ နည်းပညာတွေကိုပေါင်းစပ်ပြီး ၂ဝ၁၁ ခုနှစ်မှာ ပိုပြီးကောင်းမွန်တဲ့ ကုန်းရေနှစ်သွယ်သွားယာဉ်ကို ထပ်မံဖန်တီးခဲ့လို့ ၂ဝ၁၃ ခုနှစ်၊ ဇွန်လမှာ Panther ကို စတင်မိတ်ဆက်ပြသနိုင်ခဲ့ပါတယ်။ ဂျစ်ကားတစ်စီးပုံစံရှိတဲ့ Panther ဟာ ကုန်း/ရေနှစ်ထွေသွားနိုင်ဖို့ အဓိကအချက်ဖြစ်တဲ့ ရေပေါ် ပေါ်နိုင်စွမ်းရှိဖို့ အလေးချိန်ပေါ့ပါးတဲ့ Chromoly စတီး (Chromium နဲ့ Molybdenum သတ္တုစပ်)နဲ့ တည်ဆောက်ထားပြီး ဝမ်းဗိုက်မှာ ဖိုင် ဘာဂလပ်စ်သငေ်္ဘာကိုယ်ထည်(Hull)ကို တပ်ထားပါတယ်။ သငေ်္ဘာကိုယ် ထည်ထဲမှာ Closed-cell Styrofoam တွေအပြည့်ဖြည့်ထားလို့ Panther အနေနဲ့ ရေထဲမှာ နစ်မြုပ်နိုင်ခြေ မရှိသလောက်ပါပဲ။ မြေပြင်ပေါ် မောင်းနှင်ဖို့အတွက် Acura 3.7L VTEC V6 အင်ဂျင်တပ်ထားသလို ရေထဲမောင်းဖို့ Panther-Jet Boat Drive အင်ဂျင်ကိုလည်း သုံးစွဲထား ပါတယ်။ Panther မှာ ဟိုက်ဒြောလစ် Off-road ဆိုင်းထိန်းစနစ်ပါလို့ ကားဘီးတွေကို ရှစ်စက္ကန့်တောင်မကြာဘဲ ခေါက်သိမ်းနိုင်ပြီး ကုန်းပေါ်က နေ ရေထဲဆင်း မောင်းနှင်ဖို့ ၁၅ စက္ကန့်ပဲ ကြာပါတယ်။ ရေထဲရောက်သွား ရင် မောင်းနှင်မှုစနစ်က Jet Drive ကိုပြောင်းသွားပြီး မော်တော်ဘုတ်တစ် စင်းလို အသုံးပြုနိုင်ပါတယ်။ Panther မောင်းနိုင်တဲ့ အမြန်ဆံုးနှုန်းက ကုန်းပေါ်မှာ တစ်နာရီ ၈၅ မိုင်နဲ့ ရေထဲမှာ တစ်နာရီ ၄၅ မိုင်နှုန်းဖြစ်ပါတယ်။

၂ဝ၁၄ ခုနှစ်၊ ဇန်နဝါရီလမှာ Newpor ဆိပ်ကမ်းကနေ Catalina ကျွန်းအထိ မိုင်သုံးဆယ်ကျော်ရှိတဲ့ခရီးစဉ်မှာ Panther ကို တီထွင်သူ Dave March ကိုယ်တိုင် မောင်းပြခဲ့ပြီး အဲဒီရေလမ်းခရီးအတွက် မောင်း နှင်ချိန် မိနစ်ခုနစ်ဆယ် ကြာမြင့်သလို ဓာတ်ဆီ ၁၃ ဂါလန်လောက် အသုံးပြုခဲ့ရပါတယ်။ Water Sports အားကစားနည်းတွေ မှာသုံးနိုင်သလို ကုန်းပေါ်မှာ လမ်းကြမ်းမောင်း Off-road အရည်အသွေး လည်းရှိတဲ့ Panther ကို လူကြိုက်များရေပန်းစားနေသလို The Bachelor ၊ Royal Pains ၊ Just Add Water of Jay Lenos Garage ရုပ်သံအစီအစဉ် တွေမှာလည်း ထည့်သွင်းရိုက်ကူး ဖော်ပြခံခဲ့ရပါတယ်။ အရှည် ၁၅ ပေ ရှိပြီး ပေါင်သုံးထောင်လောက် အလေးချိန်ရှိတဲ့ Panther ကုန်း/ရေ နှစ်သွယ်သွားယာဉ်ရဲ့ တန်ဖိုးက အမေရိကန်ဒေါ်လာ ၁၃၅,ဝဝဝ လောက် ရှိပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here