ဂျက်အင်ဂျင်သုံးလုံးတပ်ထားတဲ့ ကမ္ဘာ့အမြန်ဆုံး ထရပ်ကား SHOCKWAVE JET TRUCK

930

ကြီးမားလေးလံတဲ့ကုန်ပစ္စည်းတွေ သယ်ယူပို့ဆောင်ရာမှာ အဓိကသုံးတဲ့ ထရပ်ကားဟာ အရွယ်အစားကြီးမားသလို စွမ်းအားမြင့်အင်ဂျင်ကိုလည်း တပ်ဆင်မောင်းနှင်တာဖြစ်ပေမဲ့ ပြိုင်ကားတစ်စီးလို အရှိန်နှုန်းနဲ့ မောင်းဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ အဲဒီလိုမဖြစ်နိုင်တာကိုမှ အမှန်တကယ်လုပ်ဆောင် ပြခဲ့တာက Shockwave အမည်ရှိ ထရပ်ကားပါပဲ။ ၁၉၈၄ ခုနှစ်တုန်းက Les Shockley ဖန်တီးတည်ဆောက်ခဲ့တဲ့ Shockwave ဟာ Peterbilt semi ထရပ်ကားခေါင်းပိုင်းကို အခြေခံထားပြီး နောက်တွဲယာဉ် (Trailer) ပေါ်မှာ ဂျက်အင်ဂျင်သုံးလုံးကို သုံးမြှောင့်ပုံစံ တပ်ဆင်ထားတာပါ။ အမေရိကန်ရေတပ်မှာသုံးတဲ့ လေ့ကျင့်ရေးဂျက်လေယာဉ် T2A Buckeye ရဲ့ အင်ဂျင်တစ်လုံးစီဟာ မြင်းကောင်ရေအား ၁၂,ဝဝဝ ထုတ်ပေးတာကြောင့် အဲဒီအင်ဂျင်သုံးလုံး အသုံးပြုထားတဲ့ Shockwave ထရပ်ကားအနေနဲ့ စုစုပေါင်းမြင်းကောင်ရေအား ၃၆,ဝဝဝ နဲ့ မောင်းနိုင်စွမ်းရှိပါတယ်။ Shockwave အတွက် လောင်စာဆီအဖြစ် Raw Diesel Fuel ကို သုံးပြီး အထူးလောင်စာပိုက်လိုင်းကိုလည်း ထည့်သွင်းတည်ဆောက်ခဲ့ရပါတယ်။ ကားတာယာတွေက ပုံမှန်ထရပ်ကားတာယာတွေဖြစ်ပေမဲ့ တစ်လုံးစီကို အလေးချိန်လျော့ကျအောင် တာယာပန်း ၈၅ ပေါင်စီ လျှော့ချထားပါတယ်။Shockwave ကို မောင်းပြီးရင် ရပ်နားဖို့အတွက် Large-diameter Disc Brake တွေကို ကားဘီးခွေတိုင်းမှာ တပ်ထားတဲ့အပြင် လေယာဉ် ပျံတွေ ဆင်းသက်တဲ့အခါသုံးတဲ့ စစ်သုံးလေထီးနှစ်စင်းကိုလည်း အသုံးပြု ရပါတယ်။ လေထီးတွေသိမ်းတဲ့ Tube ကို Rear-spoiler အောက်မှာ တပ်ထားပါတယ်။ Shockwave ထရပ်ကားခေါင်းပိုင်းမှာ ဒေါင်လိုက် ခရိုမီယမ် Exhaust Stack နှစ်ချောင်းတပ်ဆင်ထားပြီး မောင်းတဲ့အခါ မီးတောက်မီးလျှံ တွေထွက်အောင် Piezoelectric Ignitor တွေထည့် သွင်းထားပါတယ်။ Exhaust Stack ကထွက်တဲ့ မီးတောက်တွေကြောင့် ကားခေါင်မိုးဆေး မလောင်ကျွမ်းအောင် သတ္တုပြားတပ်ပြီး ကာကွယ်ထား ပါတယ်။
အလေးချိန်လေးတန်ရှိတဲ့ Shockwave ထရပ်ကားကို ၂ဝ၁၂ ခု နှစ်မှာ Darnell သားအဖကဝယ်ယူပြီး စွမ်းဆောင်ရည်ပိုကောင်းအောင် ပြုပြင်မွမ်းမံပြီးနောက်မှာတော့ အမေရိကန်နဲ့ ကနေဒါတစ်ဝန်းမှာ ထူးခြား တဲ့မောင်းနှင်မှုတွေ ပြုလုပ်ပြသခဲ့ပါတယ်။ Shockwave ရဲ့ ထူးထူးခြားခြား မောင်းနှင်မှုတစ်မျိုးက တစ်နာရီ မိုင်နှစ်ရာနှုန်းနဲ့ မောင်းတဲ့လေယာဉ် ပျံနဲ့ ပြိုင်မောင်းပြခြင်းပါပဲ။ Darnell သားအဖလက်ထက်မှာ Shockwave ထရပ်ကားရဲ့ အမြင့်ဆုံးစွမ်းဆောင်ရည်က တစ်နာရီကို ၃၇၆ မိုင် နှုန်းနဲ့ မောင်းခဲ့တာဖြစ်ပြီး အဲဒီအမြန်နှုန်းဟာ ဂျပန်ကျည်ဆန်ရထား၊ Bugatti Veyron ပြိုင်ကားတို့ထက်တောင် သာလွန်ခဲ့လို့ ကမ္ဘာ့အမြန် ဆုံးထရပ်ကားအဖြစ် ဂင်းနက်စ်ကမ္ဘာ့စံချိန်မှတ်တမ်းဝင်ခဲ့ပါတယ်။ အလေးချိန်များပေမဲ့ ဂျက်အင်ဂျင်သုံးလုံး အသုံးပြုမောင်းနှင်တဲ့ Shockwave ထရပ်ကားဟာ သုညမိုင်ကနေ တစ်နာရီ မိုင်သုံးရာအရှိန်နှုန်းရဖို့ ၁၁ စက္ကန့်ခန့်သာကြာမြင့်ပါတယ်။ ဆီတိုင်ကီက ဂါလန် ၁၉ဝ ဆံ့ပြီး တစ်ကြိမ် မောင်းနှင်ပြသတိုင်း ဆီဂါလန် ၁၈ဝ သုံးစွဲရပါတယ်။ Shockwave ရဲ့ ဆီစားနှုန်းက တစ်မိုင်ကို ဂါလန်လေးရာ ဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here