ဂိတ်ဆုံးပြီ အိပ်တုန်းပဲလား

59

 

လူသားတစ်ယောက်၊ သို့မဟုတ် လူသားအားလုံး၏ မွေးဖွားသည်မှ သေသည်အထိ ကာလဖြစ်သည့်အချိန်ကို ဘဝလို့ခေါ်သည်ဆိုပါက တိရစ္ဆာန် တစ်ကောင်၏ဘဝသည်လည်း အဲဒီတိရစ္ဆာန် ပေါက်ဖွားသည့်အချိန်မှ သေဆုံးသည့်အချိန်အထိသည် အဲဒီတိရစ္ဆာန်၏ဘဝပင် ဖြစ်သည်။ လူသား အပါအဝင် သက်ရှိသတ္တဝါတို့၏ဘဝသည် မွေးဖွားချိန်မှ သေသည်အထိ ကာလအချိန်တစ်ခုမျှသာ ဖြစ်သည်။ သတ္တဝါတစ်ယောက်၊ တစ်ကောင် ရှင်သန်နေသည့်ကာလသည်သာ ဘဝဖြစ်သည်။ အမိဝမ်းက ထွက်သည့်အချိန်မှာ အသက်မပါဘဲ အသေလေးမွေးသည့်ကလေးမှာ ရှင်သန်ပြီး နေလိုက်ရသည့် အချိန်ကာလမရှိသည့်အတွက် ဘဝမရှိသည့်လူ ဖြစ်တော့သည်။

သက်ရှိသတ္တဝါများသာမက သက်မဲ့ရုပ်ဝတ­္ထုပစ္စည်းများဖြစ်သည့် သစ်ပင်၊ အဆောက်အအုံ၊ မော်တော်ယာဉ် စသည်တို့မှာလည်း ဘဝ ရှိသည်။ သစ်ပင်တစ်ပင်ဖြစ်ဖို့အတွက် အစေ့မှ အပင်ပေါက်လာသည့် အချိန်မှ အဲဒီအပင်အိုရင့်၊ ပြိုလဲ၊ ဆွေးမြည့်၊ ပျောက်ကွယ်သွားသည့်အထိ ကြာသည့်အချိန်သည် အဲဒီသစ်ပင်၏ဘဝ ဖြစ်သည်။ အဆောက်အအုံ တစ်ခု ပန္နက်ရိုက်သည့်အချိန်မှ အဲဒီအဆောက်အအုံ အိုဟောင်း၊ ပြိုပျက်၊ ပျောက်ကွယ်သွားသည့်အချိန်အထိ ကြာသည့်ကာလသည် အဲဒီအဆောက်အအုံ၏ ဘဝပင်ဖြစ်သည်။ မော်တော်ကားတစ်စီးကို တည်ဆောက်ရန် သံထည်တွေကို စတင်ဆက်စပ်သည့်အချိန်မှ အဲဒီမော်တော်ကား အိုဟောင်းသွားလို့ သံရည်ကျိုသည့်အချိန်အထိကာလသည် အဲဒီမော်တော်ကား၏ ဘဝပင်ဖြစ်သည်။

သူသည် လူပျိုကြီးဘဝဖြင့်၊ အပျိုကြီးဘဝဖြင့် အသက်လေးဆယ် အထိနေခဲ့ပြီးမှ အိမ်ထောင်ကျ သည်ဟူ၍ လည်းကောင်း၊ သူသည် ရဟန်းဘဝဖြင့်၊ သီလရှင်ဘဝဖြင့် ဝါတော် နှစ်ဆယ်ရပြီးမှ လူထွက်ပြီး အိမ်ထောင်ပြုသည် ဟူ၍ လည်းကောင်း၊ သူသည် အကျဉ်းသားဘဝဖြင့် နှစ်ပေါင်းနှစ်ဆယ် နေခဲ့ရသည်ဟူ၍ လည်း ကောင်း ကြာခဲ့သည့်အချိန်ကာလတွေကို ဘဝဟု ပြောကြသည်။ ဒါကြောင့် ဘဝဆိုတာ ဖြစ်ခြင်း နှင့် ပျက်ခြင်း၊ ပုံသဏ္ဌာန် ဖြစ်ပေါ်လာခြင်းနှင့် ပျက်စီး ပျောက်ကွယ်သွားခြင်းတို့၏ ကြားကာလအချိန်တစ်ခုသာ ဖြစ်သည်။
ဘဝသည် အနိမ့်၊ အမြင့်၊ အတက်၊ အဆင်း၊ အပြောင်းအလဲတွေ ဖြစ်နိုင်သည့်အတွက် လူပျိုကြီး၊ အပျိုကြီးသည်လည်း အိမ်ထောင်ရှင် ဖြစ်နိုင်သည်။ ရဟန်း၊ သီလရှင်သည်လည်း လူဝတ်ကြောင်ပြန်ဖြစ်နိုင်သည်။ နိုင်ငံရေးအကျဉ်း ားသည်လည်း ထောင်ကလွတ်ပြီး လွှတ်တော်အမတ်ဖြစ်သွားနိုင်သည်။ သစ်ပင်ဘဝမှ နန်းတော်တိုင်ဖြစ်နိုင်သည်။ ရာဇပလ္လင်ဖြစ်နိုင်သည်။ ထင်းဖြစ်သွားနိုင်သည်။ တိုက်အိမ်အဖြစ်မှ သစ်သားအိမ်၊ တဲကုပ်ဖြစ်သွားနိုင်သည်။ ဇိမ်ခံမော်တော်ယာဉ်အဖြစ်မှ အငှားယာဉ်တက္ကစီ ဖြစ်သွားနိုင်သည်။ နောက်ဆုံး ကားသင်္ချိုင်းကို ရောက်သွားနိုင်သည်။ သတ္တဝါနှင့် ရုပ်ဝတ္ထုပစ္စည်းတို့၏ ဘဝအနိမ့်အမြင့်၊ အတက်အကျ၊ အပြောင်းအလဲတွေဖြစ်သည်။

လောကသုံးပါးမှာ လူနှင့် တိရစ္ဆာန်အားလုံးပါဝင်သည့် သတ္တလောက။ ဖြစ်ခြင်း၊ ပြုပြင်ပြောင်းလဲခြင်း၊ ပျက်စီးသွားခြင်းဆိုသည့် သင်္ခါရလောက။ ကြယ်လ၊ နက္ခတ်တာရာ၊ တော၊ တောင်၊ သမုဒ္ဒရာ၊ မြစ်၊ ချောင်း စသည့် သြကာသလောကဆိုပြီး လောကသုံးပါးသာရှိကြောင်း မြတ်စွာဘုရား ဟောတော်မူသည်။ မြတ်စွာဘုရားဟောကြားတော်မူသည့် တရားတော်တွေနှင့် ပြောကြားတော်မူသည့် စကားတော်တွေသည် အပိုအလို မရှိ၊ ဖြုတ်ပယ်စရာမလို၊ ဖြည့်စွက်စရာမရှိသည့် အြွကင်းမဲ့မှန်ကန်သော တရားတွေ၊ စကားတွေဖြစ်သည်။ လောကသုံးပါးမှ သတ္တလောက အကြောင်းကိုပဲပြောမည်။ သတ္တလောကမှာပင် လူအကြောင်းကိုပဲ ပြောမည်။
လူသည် ဘဝအဆက်ဆက်က ဖြည့်ဆည်းခဲ့သည့် ပါရမီနှင့် ပုဂ္ဂိုလ် ၏ စရိုက်အားလျော်စွာ နေထိုင်ပြုမူ၊ ကျင့်ကြံသည်။ အရိယာမဟုတ်သည့် ပုထုဇဉ်မှာပင် ကလျာဏပုထုဇဉ်ဆိုသည့် သူတော်ကောင်းနှင့် အန္တပုထုဇဉ်ဆိုသည့် အကြမ်းစားဟု နှစ်မျိုးရှိသည်။ အနုနှင့် အကြမ်း သို့မဟုတ် လိမ္မာသူနှင့် မလိမ္မာသူဟူ၍ ခွဲလို့ရပါသည်။ လိမ္မာသည့်အနုသမားသည် အဆိုးအကောင်း၊ အကျိုးအကြောင်းကို စဉ်းစားသည်။ မိမိ အကျိုး၊ သူတစ်ပါးအကျိုးကို ဆောင်ရွက်သည်။ မမှန်တာမလုပ်၊ မဟုတ် တာမပြောသည့် ကိုယ်ကျင့်တရား စောင့်ထိန်းသူဖြစ်သည်။ အကြမ်းစား ပုထုဇဉ်ကတော့ လုပ်ချင်တာစွတ်လုပ်သည်။ သင့်မသင့်၊ တော်မတော် မစဉ်းစား လုပ်ချင်တာလုပ်သူ ဖြစ်သည်။ အရိယာသူတော်ကောင်းမဟုတ် သူများအားလုံး မိမိသည် အနုလား၊ အကြမ်းလား၊ ကလျာဏပုထုဇဉ် လား၊ အန္တပုထုဇဉ်လားဆိုတာ မိမိကိုယ်မိမိ သုံးသပ်ပြီး ဆုံးဖြတ်ကြရန် ဖြစ်သည်။ ကျွန်တော် ဝန်ခံစရာရှိသည်။ ကလေးဘဝမှ အသက်ငါးဆယ် ကျော်အထိ အကြမ်းစားပုထုဇဉ်ဖြစ်ခဲ့ပါသည်။ စစ်သားလူထွက်မှ သင်္ဘောသားဖြစ်ပြီး အသက်ခြောက်ဆယ်နီးတော့မှ အကြမ်းစားဘဝမှ နည်းနည်း နုသွားခဲ့သူဖြစ်သည်။

လူသည် ဘဝဆိုသည့် ကာလတစ်ခုကို ဖြတ်သန်းနေတာဖြစ်သည်။ ဘဝကို ခရီးတစ်ခုလို့ သဘောထားပါက မိမိသွားနေသည့် ခရီးသည် တစ်နေ့၊ တစ်ချိန်၊ တစ်နေရာတွင် အဆုံးသတ်မည်ဖြစ်သည်။ တစ်နည်း ပြောရလျှင် ဂိတ်ဆုံးမည်ဖြစ်သည်။ ဘဝခရီးကို ဆိုပါက သေလျှင် ဂိတ် ဆုံးတာ ဖြစ်သည်။ သံသရာခရီးကိုကြည့်ပါက၊ ဆိုလိုပါက သံသရာမလည် တော့ဘဲ နိဗ္ဗာန်ကို မျက်မှောက်ပြုသွားနိုင်တာဟာ ဂိတ်ဆုံးတာဖြစ်သည်။ ကျွန်တော် အပါအဝင် လူတွေအားလုံးသည် ဘဝခရီးကို၊ သို့မဟုတ် သံသရာခရီးကို သွားနေကြတာဖြစ်သည်။ အသက်ရှင်နေသည့်ကာလမှ သေမည့်အချိန်ဆီကို သွားနေကြသည်။ မွေး၊ အို၊ နာ၊ သေကြရသည့် ဇာတိ၊ ဇရာ၊ ဗျာဓိ၊ မရဏ ဒုက္ခတွေ ချုပ်ငြိမ်းမည့် နိဗ္ဗာန်ဆိုသည့် အခြေအနေ တစ်ရပ်ဆီကို သွားနေကြသည်။
လူသားအားလုံးသည် ဘဝခရီးသွားများ၊ သို့မဟုတ် သံသရာခရီး သွားများ ဖြစ်သည်။ ခရီးသွားသူများမှာ ရိက္ခာပါကြရသည်။ ပြည်တွင်း၊ ပြည်ပကို ယာဉ်ရထားအမျိုးမျိုး စီးသွားပါကလည်း ရိက္ခာ ပါကြရသည်။ သောက်ရေ၊ စားစရာနှင့် ဆေးဝါးဆိုတာမျိုး ဖြစ်သည်။ ဘဝခရီးသွားများသည်လည်း လူ့ဘဝမှာ လူတန်းစေ့နေနိုင် ရန်အတွက် ကာယ၊ ဥာဏ၊ ဝီရိယတို့ ပါရသည်။ သံသရာအဆက်ဆက် က ပြုလုပ်ခဲ့သည့် ကုသိုလ်၊ အကုသိုလ်ဆိုသည့် ကံဆိုတာက မိမိလုပ် ယူလို့မရတော့သည့် ကိစ္စဖြစ်သည်။ ကံမရှိလျှင် Óာဏ်နှင့် ဝီရိယရှိသော်လည်းမအောင်မြင် အဆင်မပြေဖြစ်တတ်သည်။ ကံမရှိ ဥာဏ်ရှိတိုင်းမွဲဟု ဆိုရိုး စကားရှိသည်။ သံသရာမှာ ကံကောင်းဖို့အတွက် ဘဝအဆက် ဆက်မှာ ကုသိုလ်ကောင်းမှုပြုလုပ်ကြရမည်ဖြစ်သည်။ ရိက္ခာပါကြရမည် ဖြစ်သည်။ သံသရာခရီးသွားများ အတွက်ကတော့ ဒါန၊ သီလ၊ ဘာဝနာ ဆိုသည့် ရိက္ခာတွေပါကြရမည် ဖြစ်သည်။ ပေးကမ်းစွန့်ကြဲရမည်။ ကိုယ်ကျင့်တရားကောင်းမွန်ရမည်။ ရုပ်နာမ်တို့ရဲ့ စက္ကန့်မလပ်ဖြစ်နေတာ၊ ပျက် နေတာကိုမြင်ပြီး မမြဲသော အနတ္တလက္ခဏာကိုမြင်ပြီး လောဘ၊ ဒေါသ၊ မောဟ၊ မာနနည်းအောင် ကျင့်ကြရမည် ဖြစ်သည်။

ကျွန်တော်အပါအဝင် ဘဝခရီး၊ သံသရာခရီး သွားနေကြသူအချို့ အသက်ကြီးကြပြီ ဖြစ်သည်။ ဘဝခရီး ပြီးဆုံးကြတော့မည် ဖြစ်သည်။ ဂိတ်ဆုံးကို ရောက်ကြတော့မည်ဖြစ်သည်။ ရှင်းအောင်ပြောရလျှင် မကြာမီ သေရတော့မည် ဖြစ်သည်။ ဘဝခရီးကိုသွားနေကြသည့် ကျွန်တော်တို့ သည် ရှေ့ဆက်ရမည့် သံသရာခရီးအတွက် ရိက္ခာတွေ စုဆောင်းကြပြီလား။ ဒါန၊ သီလ၊ ဘာဝနာ ရှိကြရဲ့လား။ ကျွန်တော်အပါအဝင် အများ စုက သတိ မေ့လျော့နေကြဆဲဖြစ်သည်။ ချမ်းသာလိုမှု၊ အနိုင်ရလိုမှု၊ ကာမဂုဏ် ခံစားလိုမှုဆိုတဲ့ လောဘ၊ ဒေါသ၊ မောဟတွေဖြင့် မိန်းမောနေဆဲဖြစ်သည်။ အိပ်ပျော်နေတုန်းပဲ ရှိသေးသည်။

ကျွန်တော်သည် ရေတပ်ကထွက်ပြီး သင်္ဘောမလိုက်ရသေးမီကာလမှာ ကမ်းလွန်ရေနံ ရှာဖွေရေးဌာနမှာ ယာယီဝင်လုပ်ခဲ့ရသေးသည်။ လေ ဟာပြင်ဈေးနားက စိန်ဂျွန်းလမ်းရှိ ရုံးချုပ်မှာ အလုပ်ဆင်းရသည်။ ညနေ ရုံးဆင်းချိန်မှာ လမ်းမတော်က အရက်ဖြူဆိုင်မှာ ထိုင်သည်။ ညနေ ၆ နာရီမှ ည ၉ နာရီအထိ ထိုင်ကြသည်။ လုပ်ဖော်ကိုင်ဖက်သူငယ်ချင်းသုံး ယောက်အတူ အရက်သောက်ကြသည်။ ည ၉ နာရီပြန်ကြတော့မည့် အချိန်မှာ တစ်ယောက်က ကမာရွတ်၊ တစ်ယောက်က အင်းစိန်ဖြစ်လို့ နံပါတ် ၈ ဟီးနိုးကားကြီးစီးပြီး ပြန်ရသည်။ ကျွန်တော်က သာကေတကို ပြန်ရမည်ဖြစ်လို့ နံပါတ် ၃/၄ ကို ဆူးလေမှ သာကေတကို တစ်ကျပ် ပေးရသည့် ကြားကားဖြင့် ပြန်ရမည်ဖြစ်သည်။ လမ်းမတော်မှ သာကေ တကို ပြားလေးဆယ်သာ ပေးရသည့်ခေတ်ဖြစ်သည်။ ဆူးလေက ရှာမီး မုန့်တိုက်ရှေ့ကထွက်သည်။ ကြားကားက သာကေတကို တစ်ကျပ်ယူသည်။ ကြားကားတွေ တန်းစီရပ်ထားပြီး အလှည့်ကျထွက်ကြသဖြင့် ထိုင်စရာနေရာ ရသည်။

ဘုန်းကြီးလမ်းမှ ဆူးလေအထိ ယိုင်ထိုးယိုင်တိုင်ဖြင့် လျှောက်သည်။ ဒီဇူဇာတိုက်ရှေ့မှာ ရပ်ထားသည့် ခါလီ ဗိုက်ပူကားပေါ် တက်ထိုင်နေ လိုက်သည်။ နံပါတ် ၈ ဟီးနိုးကားကြီးဖြင့် ပြန်ကြသည့် သူငယ်ချင်းနှစ်ယောက်ကတော့ အိမ်ပြန်ရောက်လောက်ကြပြီ။ ကျွန်တော်သာ ခရီးဆက်ရဦးမည်ဖြစ်သည်။ ည ၉ နာရီကျော်နေပြီ ဖြစ်သည်။ မနက် ၆ နာရီကတည်းက အိမ်ကထွက်လာတာ ဖြစ်သည်။ ဇနီးနှင့် သမီးလေးတွေ မျှော်လှရော့မည်။ ညနေ ၄ နာရီကပင် အိမ်ကိုပြန်ရမည့်ကျွန်တော်သည် သူငယ်ချင်းတွေနှင့်အတူ အရက်သောက်ရန်အတွက် ဘုန်းကြီးလမ်းက ကုန်သွယ်ရေး-၄ အရက်ဖြူဆိုင်မှာ ထိုင်သောက်နေခဲ့တာဖြစ်သည်။
ကြားကားတွေအားလုံးသည် ည ၉ နာရီခွဲပွဲ ရုပ်ရှင်လွှတ်သည့် ခရီးသည်အုပ်ကြီးကို စောင့်နေကြတာဖြစ်သည်။ ရုပ်ရှင်ရုံတွေအားလုံးက ထွက်လာကြသည့် လူအုပ်ကြီးသည် ရပ်ထားသည့်ကြားကားတွေပေါ် ပြေးတက်လာကြသည်။ ခရီးသည် ပြည့်သွားသည့်ကားတွေ တစ်စီးပြီးတစ်စီး ထွက်ကြသည်။ ကျွန်တော် တက်ထိုင်နေသည့်ကားလည်း ထွက်သည်။ ကျွန်တော်သည် နေရာကောင်းရထားသူဖြစ်လို့ ပြတင်းပေါင်ကို မှေးပြီး လိုက်လာပါသည်။ ဆူးလေကိုပတ်ကွေ့တော့ တရားရုံးချုပ်နားက နာရီကြီးကို ကြည့်လိုက်သည်။ ည ၁၀ နာရီ ထိုးနေပြီဖြစ်သည်။ ဒီအချိန်ဟာ သူတော်ကောင်း အိမ်ပြန်ချိန်မဟုတ်ဘူးဆိုတာ သိလိုက်သည်။ ကားစပယ်ယာ ပိုက်ဆံ လာတောင်းတော့ လက်ကျန်ငွေတစ်ကျပ်ကိုပေးပြီး ပြောထားလိုက်သည်။

“မြေနီလမ်းရောက်ရင် ပြောပါနော်”
စပယ်ယာက ဝတ်ကျေတန်းကျေ ခေါင်းညိတ်ပြသည်။ ခရီးသည်တွေ ဆီက ကားခပိုက်ဆံသိမ်းဖို့ကိုသာ ဇောကပ်နေသည်။ သူ့အလုပ်သူလုပ် နေစဉ် ကိုယ်ကလည်း ကိုယ့်အလုပ်ဖြစ်သည့် အိပ်မည့်အလုပ်ကို လုပ် သည်။ ဂန္ဒီဆေးရုံမှ ပုဇွန်တောင်ဘက်ကိုကွေ့တာ သိလိုက်သည်။ ပုဇွန် တောင်ပန်းခြံမှတ်တိုင်မှ ခရီးသည်တွေ တိုးတက်ကြတာအထိ သိလိုက် သေးသည်။ ဗိုက်ပူဘတ်စ်ကားကိုစီးပြီး ခရီးသွားနေတာဟာ ဘဝခရီးကို သွားနေသည်လို့ ခံစားမိသည်။ ဂျပန်ခေတ်မှာ လူ့ပြည်ကိုရောက်လာခဲ့ သည်။ ဗိုလ်ချုပ်တို့ကျဆုံးတာကို သိလိုက်သည်။ လွတ်လပ်ရေးရတာကို သိသည်။ ဘုန်းကြီးကျောင်းသားလေး၊ ကိုရင်လေး၊ ကိုရင်ကြီး၊ ပြည် တော်သာခေတ်မှာ ကိုရင်ဝတ်ဖြင့် ရန်ကုန်မြို့ကိုရောက်၊ အလွတ်ပညာ သင်ကျောင်းတက်၊ ကိုရင်ဝတ်ကထွက်၊ ရေတပ်ဝင်၊ ရေတပ်ကထွက်၊ သင်္ဘောသားဖြစ်ဖို့ ကြိုးစားနေသည့်အခြေအနေမှာ အကြမ်းစားပုထုဇဉ် သဘာဝအတိုင်း မယားမေ့၊ သားမေ့ဖြစ်နေသည်။

“ဗျို့ဆရာကြီး ဂိတ်ဆုံးပြီ၊ အိပ်တုန်းပဲလား”
စပယ်ယာက လှုပ်နှိုးလို့ နိုးသွားသည်။ ကားပေါ်မှာ ခရီးသည်တစ်ယောက်မျှ မရှိတော့ပါ။ ဘယ်အချိန်က ဂိတ်ကိုရောက်လို့ ဆင်းသွားကြသည်ကိုပင် မသိလိုက်ပါ။ မြေနီလမ်းကိုရောက်လျှင် ပြောပါလို့ ပြောထားပါလျက်နဲ့ မပြောသည့်အတွက် ဆင်းရမည့်မှတ်တိုင်မှ နှစ်တိုင်ကျော်လာပြီး ဂိတ်ဆုံးကိုရောက်နေတာဖြစ်သည်။ နောက်ပြန်လျှောက်ပြီး အိမ်ကိုပြန်ရတော့မည် ဖြစ်သည်။ လက်က နာရီကိုကြည့်လိုက်သည်။ ညသန်းခေါင် ၁၂ နာရီ ထိုးခါနီးနေပြီဖြစ်သည်။

လက်ပတ်နာရီသည် ကြိုးချိတ်ပြုတ်ပြီး တွဲလောင်းဖြစ်နေသည်။ အိတ်မှာထိုးထားသည့် ဖောင်တိန်နှင့် ဘောလ်ပင်သည် အင်္ကျီအိတ်မှာ ရှိနေသော်လည်း ပြောင်းပြန်ဖြစ်နေသည်။ ခါးပိုက်နှိုက်သည် နှိုက်ပြီးမှ မကြိုက်လို့ ပြန်ထိုးထည့်ခဲ့ပုံ ဖြစ်နေသည်။ လက်က နာရီကိုဖြုတ်တာ ဖြုတ်မရလို့ လက်လျှော့သွားတာ ဖြစ်မည်။ အနည်းငယ် အမူးပြေသွားပြီ ဖြစ်လို့ ပုံမှန်လမ်းလျှောက်ပြီး အိမ်ကိုပြန်ခဲ့ပါသည်။ ဒီညလည်း မဖြူတုတ် ခူးခပ်ပေးသည့် ထမင်းနှင့် ဟင်းကို စားရမည်မဟုတ်။ အမေ ခူးခပ်ပေးတာကိုပဲ စားရဦးမည်ဖြစ်သည်။ ဒီအချိန်မှ မူးပြီး ပြန်လာသည့်လင်သားကို ဘယ်မယားက ကြည်ဖြူနိုင်ပါမည်နည်း။ ဘဝခရီးသွား အကြမ်းစားပုထုဇဉ် စရိုက်ဖြင့် အချိန်အတော်ကြာခဲ့ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here