ခွေးအနောက် နွားအရှေ့ လူတည့်တည့်

1291

မိုးတွင်းမှာ ခရီးမထွက်ချင်ဘူး။ မိုးတွင်း ခရီးထွက်ရတာ ခြောက်သွေ့နေတဲ့ ပွင့် လင်းရာသီ ခရီးထွက်ရတာထက် နှစ်ဆ ပိုပင်ပန်းတယ်။ ခြောက်သွေ့နေတဲ့အချိန် ခရီးထွက်ရတာ လွတ်လပ်ပေါ့ပါးတယ်။ ထီး၊ မိုးကာ ဆောင်းဖို့မလိုဘူး။ ဦးထုပ် တစ်လုံးလောက်ရှိရင် လုံလောက်တယ်။ နေအရမ်းပူမှ ထီဆောင်းလို့ရတယ်။
မိုးတွင်းဆိုတာက သိတဲ့အတိုင်းပဲ။ ရာသီဥတု စိုစွတ်တယ်။ တစ်ခါတစ်ခါ ကောင်းကင်တစ်ခုလုံး မှိုင်းညို့နေတတ် တယ်။ အဝတ်အထည်ဆိုရင်လည်း လို အပ်တာထက် ပိုဆောင်ရတယ်။ ထီး၊ မိုးကာ မပါလို့မဖြစ်ဘူး။ မိုးနဲ့အတူ လေပါ လာရင် ထီးတစ်ခုတည်းနဲ့ မလုံလောက် တော့ဘူး။ မိုးကာဝတ်မှ အဆင်ပြေနိုင်တာ။ ဒါတောင် လေအရမ်းကြမ်းလာရင် ထင်တိုင်း ခရီးမပေါက်ဘူး။ မိုးကွယ်၊ လေ ကွယ်မှာ တစ်ထောက်နားခိုမှဖြစ်တာ။

မိုးတွင်း ကားစီးတယ်ဆိုတာကလည်း ရင်တထိတ်ထိတ် စီးရတာ။ လမ်းတွေက မိုးရေတွေ ရွဲရွဲစိုနေတော့ ကားတွေစလစ် ဖြစ်ပြီး တိမ်းမှောက်တာ၊ လမ်းချော်တာ တွေ ဖြစ်တတ်တယ်။ တချို့နေရာတွေမှာ မိုးအရွာများလို့ လမ်းတွေ ပျက်နေတတ် သေးတယ်။ လမ်းပျက်တွေ၊ ချိုင့်ခွက်တွေ နင်းမိလို့ ကားတွေအက်စီးဒင့်ဖြစ်သွားတာ လည်း ရှိသေးတယ်။

ကားထက်စာရင် ရထားနဲ့ခရီးသွားရ တာ လုံခြုံစိတ်ချရမှုကို ပိုခံစားရတယ်။ ရထားက သူသတ်မှတ်ထားတဲ့ သံလမ်း ပေါ်မှာ သတ်မှတ်ထားတဲ့ မိုင်နှုန်းနဲ့ပဲမောင်း တာ။ မိုးတွင်းမို့ ရထားလမ်း ရေကျော်ရင် တော့လည်း တစ်ခါတစ်ခါ လမ်းချော်တာ တွေ ဖြစ်တတ်တယ်။ ဒါပေမဲ့ ဖြစ်ခဲပါတယ်။

ရထားနဲ့ ခရီးသွားတာ အချိ်န်တော့ ပိုပေးရတယ်။ ရန်ကုန်-မန္တလေးကို ကား နဲ့ ရှစ်နာရီအရောက် သွားနိုင်ပေမဲ့ ရထား ကတော့ ၁၂ နာရီကြာမှ ရောက်တယ်။ ရန်ကုန်-နေပြည်တော်ဆိုရင် ကားနဲ့ ငါး နာရီ အချိန်ပေးရင်ရတယ်။ ရထားနဲ့ဆိုရင် ရှစ်နာရီကျော်ကျော် အချိန်ပေးရတယ်။ ရထားက ကားထက် ပိုကြာတယ်။
ကြာတာမှ ကြာရော။ ရထားနဲ့သွားရ တာ လုံခြုံစိတ်ချမှုရှိတယ်။ သက်သောင့် သက်သာ စီးလို့ရတယ်။ ဒီတော့ မိုးတွင်းခရီး သွားဆိုရင် ရထားနဲ့သွားရတာ ပိုနှစ်သက် တယ်။

အခုလည်း လယ်ဝေးက သိန်းဇော် ထွန်းက ဖိတ်လို့ ရထားနဲ့ခရီးစခဲ့တယ်။ ရ ထားက လယ်ဝေးကိုမရောက်ဘူး။ ပျဉ်းမ နားပဲရောက်တယ်။ ပျဉ်းမနားမှာတည်းပြီး လယ်ဝေးကိုတစ်ဆင့်သွားရမှာ။ ပျဉ်းမနား၊ နေပြည်တော်ကိုလည်း မရောက်ဖြစ်တာ သုံး၊ လေးလရှိသွားပြီ။ ပျဉ်းမနားနဲ့ နေပြည် တော်က မိတ်ဆွေတွေ၊ တပည့်တွေလည်း တွေ့ချင်သေးတယ်။
အဲဒီလို တွေ့နိုင်ဖို့က ပျဉ်းမနားမှာ တည်းမှ အဆင်ပြေတာ။ အခု ခရီးစဉ်မှာ ချွန်ရှုပ်က မအားလို့ ပါမလာဘူး။ ဒေါ်ယဉ် မေဦးနဲ့ ရဲမာန်သီဟတို့ နှစ်ယောက်ပဲ ပါ တယ်။ ကျွန်တော်နဲ့ဆို သုံးယောက်။

သုံးယောက်အတူတူ ပျဉ်းမနား၊ မြပ ဝါတည်းခိုခန်းမှာ တည်းတယ်။ မြပဝါက ကျွန်တော် ပျဉ်းမနားရောက်တိုင်း တည်း နေကျမို့ အဆင်ပြေတယ်။ ပျဉ်းမနား၊ နေ ပြည်တော်၊ လယ်ဝေးက မိတ်ဆွေတွေနဲ့ ဆုံဖို့ကလည်း ဒီနေရာက အချက်အချာကျ နေတော့ အဆင်ပြေတယ်။
ပျဉ်းမနား၊ နေပြည်တော်၊ လယ်ဝေး ကို ကျွန်တော်အရောက်လာမယ့်အကြောင်း Facebok မှာ ကြိုတင်ထားလို့ မိတ်ဆွေ အားလုံးသိနေကြပြီ။ ဖုန်းဆက်မေးတဲ့သူ တွေကိုလည်း ရောက်မယ့်နေ့ရက်၊ အချိန် ကြိုချိန်းထားခဲ့တယ်။
ချိန်းထားတဲ့အတိုင်းပါပဲ။ မိုးလင်းတာ နဲ့ မိတ်ဆွေ ရေးဖော်ရေးဖက် စာရေးဆရာ၊ ကဗျာဆရာ၊ သတင်းထောက်တွေ တစ် ယောက်ပြီးတစ်ယောက် ရောက်လာတယ်။ ပထမဆုံး စတင်ရောက်ရှိသူက စာရေး ဆရာ မောင်ညိုစန်း(ပျဉ်းမနား)။ သူက နေပြည်တော်(ပျဉ်းမနား) မြန်မာစာပေချစ် သူများအသင်း ဥက္ကဋ။ အရပ်ရှည်ရှည် ထောင် ထောင်မောင်းမောင်း၊ အသားညိုညို၊ အ ညာသားစစ်စစ်။ အသံသြဇာကလည်း ကောင်းပါဘိ။

အသံသြဇာ ကောင်းသလို စာရေး လည်း ကောင်းတယ်။ ဗဟုသုတလည်း စုံ တယ်။ လူချစ်လူခင်များတယ်။ ပရဟိတ စိတ်ဓာတ် အပြည့်အဝရှိတဲ့သူ။ ဆရာ မောင်ညိုစန်းက စောစောစီးစီးရောက်လာ ပြီး ကျွန်တော်တို့ကို နှုတ်ဆက်တယ်။ ပြီး တော့ ရှမ်းကန်နဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ စံတော်မီလက်ဖက်ရည်ဆိုင်မှာ မနက်စာနဲ့ ဧည့်ခံတယ်။
စံတော်မီမှာ မနက်စာစားသောက်ပြီး တည်းခိုခန်းပြန်ရုံရှိသေး၊ ဆရာ ဦးဝင်း အောင် (မင်းမဂ္ဂ)၊ ဆရာဦးကျော်ဌေး (ဆ ရာဌေး-နက္ခတ္တဗေဒ)နဲ့ တိမ်တိုက်ပန်းချီတို့ ရောက်လာတယ်။ ဆရာမင်းမဂ္ဂ၊ ဆရာဌေး တို့နဲ့အတူ ဖိတ်စာတစ်စောင်ပါလာတယ်။ ဖိတ်စာက စာပေရေချမ်းစင်(၂) ဖွင့်ပွဲဖိတ် ကြားစာ။ နေရာက ယုဇနလမ်းနဲ့ စစ် တောင်းလမ်းထောင့်၊ အမေ့သားလက်ဖက် ရည်ဆိုင်၊ ကျင်းပမှာက ဒီကနေ့ နေ့လယ်တစ်နာရီ။ အစီအစဉ်က နေ့လယ် လယ် ဝေးသွားဖို့ ပြင်ထားပေမဲ့ ကြားဖြတ်ပွဲက ဝင်လာတယ်။ မင်းမဂ္ဂနှင့် ဆရာဌေးက လည်း ဖွင့်ပွဲတက်ရောက်ဖို့ အာသီသရှိနေ တယ်။
ဖိတ်စာတွင် ‘ကျွန်မ၏ ကိုယ်ပိုင်လမ်း စာပေရေချမ်းစင်(၂)အား စာပေပညာရှင် များ၊ စာချစ်သူများ၏ ဝိုင်းဝန်းကူညီမှုဖြင့် (၁၉.၇.၂ဝ၁၈)နေ့တွင် ဖွင့်လှစ်မည်ဖြစ်ပါ သဖြင့် လူကြီးမင်းအား လေးစားစွာဖိတ် ကြားအပ်ပါသည်’လို့ ရေးထားတာဖတ်လိုက် ရတယ်။

ဖိတ်စာအရဆိုရင် ဒီပွဲက စာရေးဆရာ၊ စာပေချစ်သူများ ဆုံဆည်းကြမယ့် စာပေပွဲ ဖြစ်နေပြန်တယ်။ ဆိုင်းသံကြားရင် မကရ မနေနိုင်တဲ့ ဇာတ်သမားလိုပဲ စာပေချစ်တဲ့ ကျွန်တော်သည်လည်း စာပေသံ ကြားရုံနဲ့ ခေါင်းညိတ်မိလျက်သား ဖြစ်သွားတယ်။
ခေါင်းညိတ်မိတာနဲ့ ဆရာမင်းမဂ္ဂ၊ ဆရာဌေးတို့ ဆိုင်ကယ်နဲ့ပြန်သွားပြီး ဖွင့်ပွဲ က ကြိုစောင့်ကြတယ်။ ဆရာမောင်ညိုစန်း ကလည်း ပရဟိတသမားစစ်စစ်။ မအား လပ်တဲ့ကြားက ကျွန်တော်တို့ကို သူ့ကားနဲ့ တင်ဆောင်ပြီး ရေချမ်းစင်ဖွင့်ပွဲရှိရာ လိုက် ပို့တယ်။
ဖွင့်ပွဲကျင်းပမယ့် လမ်းထိပ်မှာ ဆရာ ဌေးနဲ့ ဆရာမင်းမဂ္ဂ စောင့်နေတယ်။ ကျွန် တော်တို့ကိုတွေ့တော့ နှုတ်ဆက်တယ်။ သူတို့ဘေးမှာ ကတုံးဆံပင်နဲ့ အမျိုးသမီး တစ်ယောက်မတ်တတ်ရပ်နေတယ်။ ဆရာ ဌေးက ကျွန်တော်တို့နဲ့ အဲဒီအမျိုးသမီးကို မိတ်ဆက်ပေးတယ်။
‘‘ဆရာချစ် အဲဒါ အခု စာပေရေချမ်း စင် ဖွင့်လှစ်လှူဒါန်းမယ့်သူေလ၊ နာမည်က ချိုချိုသန်းထိုက်’’
‘‘တွေ့ရတာ ဝမ်းသာပါတယ်’’
‘‘ဆရာတို့ အခုလို ကြွရောက်ချီးမြှင့် တဲ့အတွက် ကျေးဇူးတင်ပါတယ်’’
‘‘ဝမ်းသာပါတယ်၊ အခုလို စာပေအ လုပ်ကို ကိုယ်စွမ်းနိုင်သလောက် တစ်ပိုင် တစ်နိုင်လုပ်လို့လည်း ဂုဏ်ယူပါတယ်’’
ကျွန်တော်တို့ စကားစပြောရုံရှိသေး၊ တခြားဧည့်သည်တွေလည်း ဆိုင်ကယ်တွေ နဲ့တစ်မျိုး ကားတွေနဲ့တစ်ဖုံ ရောက်လာကြ တယ်။
‘‘ဖွင့်ပွဲမစမီ၊ ဆရာတို့၊ ဆရာမတို့ ရော၊ ဧည့်သည်တွေအားလုံးကိုပါ ထမင်း နဲ့ ဧည့်ခံပါမယ်’’
‘‘အစီအစဉ် တစ်ဆိုပါတော့’’
ချိုချိုသန်းထိုက်က ဦးဆောင် ပြီး ကျွန်တော်တို့ကိုရော တခြား ဧည့်သည်တွေကိုပါ မလှမ်းမကမ်း မှာရှိတဲ့ စိတ်ကြိုက်ထမင်းဆိုင်ထဲ ခေါ်သွားတယ်။
‘‘ဧည့်သည်တွေအားလုံး ကြိုက်နှစ်သက်သလို မှာစားကြပါ’’
စေတနာထက်သန်လွန်းလှပေစွ။ ဧည့်သည်အားလုံး စိတ်ကြိုက်မှာစား ကြတယ်။ ချိုချိုသန်းထိုက် ကိုယ်တိုင် ကလည်း ဧည့်သည်အားလုံးကို လှည့် လည် စကားပြောရင်း ဧည့်ခံတယ်။

စားသောက်ပြီးတာနဲ့ စာပေရေချမ်း စင်ဖွင့်ပွဲပြုလုပ်မယ့် နေရာမှာ အားလုံးပြန် ဆုံကြတယ်။ ဖွင့်ပွဲကို အမေ့သား လက် ဖက်ရည်ဆိုင်မှာ လုပ်တာ။ အမေ့သား လက်ဖက်ရည်ဆိုင်က ထည်ထည်ဝါဝါ၊ ခမ်းခမ်းနားနားတော့ မဟုတ်ဘူး။ သာမန် အိမ်ဆိုင်အဆင့်ပဲရှိတယ်။
အိမ်ဆိုင်အဆင့် ဆိုပေမဲ့ ကျယ်ဝန်း တယ်၊ သန့်ရှင်းတယ်။ ရပ်ကွက်နဲ့ဝေးလို့ ဆူညံမှု မရှိဘူး။ စာဖတ်ရင်း အေးအေး ဆေးဆေး အနားယူလို့ကောင်းတဲ့နေရာ။ ဆိုင်ရှင်ကလည်း သဘောကောင်းတယ်။ ဧည့်သည်တွေအလိုကျ လိုအပ်မယ့် အစား အသောက် အပူအအေးတွေ လိုလေသေး မရှိ ပြုလုပ်ပေးတယ်။
စာပေရေချမ်းစင် ဖွင့်ပွဲကလည်း ကြီး ကြီးကျယ်ကျယ်၊ ခမ်းခမ်းနားနား လုပ်တာ မဟုတ်ဘူး။ ချိုချိုသန်းထိုက်က တစ်ပိုင် တစ်နိုင် အဆင်ပြေအောင် လုပ်ထားတာ။ ကဗျာဆရာတွေ ရေးသားပေးပို့ထားတဲ့ ကဗျာတွေကို ဗီနိုင်းပုံတွေနဲ့အတူ ချိတ်ထား တယ်။

တိုက်တိုက်ဆိုင်ဆိုင် ဖွင့်ပွဲနေ့က အာဇာနည်နေ့ဖြစ်နေတာမို့ ဗိုလ်ချုပ်အောင် ဆန်းရဲ့ ဓာတ်ပုံတွေကိုပါ ချိတ်ဆွဲထား တယ်။ ဧည့်သည်အားလုံး လက်ဖက်ရည် ဆိုင်ခုံ ပုလေးတွေမှာ တန်းစီထိုင်ပြီး တစ်ဦး ချင်း မိတ်ဆက်ကြတယ်။
မြို့နယ်စာရေးဆရာအသင်း ဥက္ကဋ မောင်လတ်(ကမ်းရိုးတန်း)၊ စိန်ဝင်းနွယ်၊ ရဲမွန်ကျော်၊ ကာတွန်းအိမောင်၊ ကာတွန်း အောင်ကျော်ပေါ်အူး၊ မင်းမဂ္ဂ၊ ဆရာဌေး (နက္ခတ္တ ဟိန္ဒူဒသန)၊ တိမ်တိုက်ပန်းချီ၊ ဆရာညီငယ်၊ ယဉ်မေဦး(သန်လျင်)၊ မောင် ညိုစန်း(ပျဉ်းမနား)၊ ဥတ္တရမြို့နယ် သြသု ဃူကဘ ဥက္ကဋ ဒေါ်နန်းဝင်းဝင်းစိန်၊ ဒေါ်နှင်း နှင်းဝင်(လိုင်ဟူးနား)၊ ချစ်နွေမိုး၊ ရဲမာန်သီဟ(မန္တလေး) တို့ အစဉ်လိုက် မိတ်ဆက် စကားပြောတာတွေ၊ မုဒိတာ စကားပြော တာတွေ လုပ်ကြတယ်။

ပြီးတော့ ချိုချိုသန်းထိုက်က အခု ဖွင့်လှစ်တဲ့ စာပေရေချမ်းစင်ကို ကိုယ်ပိုင် လမ်း စာပေရေချမ်းစင်လို့ နာမည်ပေးထား ကြောင်း၊ ကိုယ်ပိုင်လမ်းအမည်ကို ဖခင်ဖစ်သူ ဆုံးမစကားဖြစ်တဲ့ ‘ကိုယ်ပိုင်လမ်း ကိုယ်တိုင်ဖောက်ရမယ်’ဆိုတဲ့ စကားကို သဘောကျ၍ ယူထားခြင်းဖြစ်ကြောင်း၊ ကိုယ်ပိုင်လမ်းရေချမ်းစင် အမှတ်(၁)ကို ပုဗ္ဗသီရိ၊ တပင်ရွေထီးရပ်ကွက်၊ အငြိမ်း စားဆေးရုံအနီးတွင် ဖွင့်လှစ်ထားရှိပြီး ဖြစ် ကြောင်း၊ အခုဖွင့်တာက အမှတ်(၂)ဖြစ်ပြီး စာပေရေချမ်းစင် ခုနစ်ခုအထိ ဖွင့်လှစ်ဖို့ ရည်ရွယ်ထားကြောင်း ရှင်းလင်းပြောကြား တယ်။

မိတ်ဆက်စကားတွေ၊ သြဝါဒစကား တွေ၊ မုဒိတာစကားတွေပြောကြားလို့အပြီး မှာ စာပေလောကအကြောင်း၊ စာပေအ ကြောင်း ကိုယ့်အမြင် သူ့အမြင် ဖလှယ်ကြ ပြောကြဆိုကြတယ်။ အဲဒီနောက် စုပေါင်း ဓာတ်ပုံရိုက်ကြပြီး စာပေရေချမ်းစင်ဖွင့်ပွဲ လေး ပြီးဆုံးသွားတယ်။
‘‘ကျွန်တော်တို့ လယ်ဝေးကို ခရီး ဆက်မယ်’’
နာရီကြည့်လိုက်တော့ သုံးနာရီကျော် နေပြီ။ လယ်ဝေးကို ကျွန်တော်တို့ လာမယ့် အကြောင်း ဖုန်းဆက်ထားတယ်။
အခု ခရီးစဉ်ရဲ့ အဓိကက လယ်ဝေး ကိစ္စ။ လယ်ဝေးက သိန်းဇော်ထွန်းတို့အဖွဲ့ က ကျွန်တော်တို့ကို ဖိတ်ထားတာ။
ပြောရရင် မနက်ကတည်းက ကျွန် တော်တို့ လယ်ဝေးကိုသွားရမှာ။ အိပ်ရာက နိုးပြီး မနက်စာစားပြီးရုံ ရှိသေးတယ်၊ မင်း မဂ္ဂ၊ ဆရာဌေး၊ ဦးစန်းမောင်၊ တိမ်တိုက် ပန်းချီတို့ အသီးသီးရောက်လာကြပြီး တွေ့ဆုံစကားပြောရင်းက ပုဗ္ဗသီရိက ကိုယ်ပိုင်လမ်း စာပေရေချမ်းစင် ဖွင့်ပွဲကို ပါသွားခဲ့တာ။

အရင်က ပျဉ်းမနားရောက်ရင် ဦး စန်းမောင်၊ ဦးညီငယ်၊ ဇော်ဇော်သိုက်နဲ့ အောင်ဆန်းမင်းတို့ရဲ့ ကားတွေ ရေလဲသုံး ပြီး သွားလာနေခဲ့တယ်။ အခု ကားတွေက မအားကြဘူး။ ဦးညီငယ်ကလည်း အာဇာ နည်နေ့ အခမ်းအနားနဲ့ အစည်းအဝေးတွေ လှည့်ပတ်ပြေးလွား လုပ်ကိုင်နေရတာ။
မအားတဲ့ကြားက ကျွန်တော်တို့အ တွက် အချိန်လုပြီး ကားရော၊ လူရော အသုံးပြုပေးနေတယ်။
‘‘လယ်ဝေးကို ကျွန်တော်လိုက်ပို့လို့ မီပါ့မလား မသိဘူး၊ သုံးနာရီခွဲမှာ ကျွန် တော် အစည်းအဝေးရှိနေတယ်’’
ဦးညီငယ် စကားကြောင့် ကျွန်တော် တို့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်မိတယ်။
ဦးညီငယ်က တမင်ရှောင်တိမ်းပြော တာမဟုတ်မှန်း ကျွန်တော်တို့အားလုံး သိ နေတယ်။ ဦးညီငယ်က စိတ်ဓာတ်ကောင်း တယ်၊ စိတ်ထားဖြူတယ်၊ ကျွန်တော်တို့ ကိုလည်း ခင်တယ်။

‘‘ဦးညီငယ် မအားရင် ကျွန်တော်တို့ လယ်ဝေးကို ဘယ်လိုသွားကြမလဲ’’
‘‘ခရီးက နည်းနည်းဝေးတယ်၊ ဆိုင် ကယ်ကယ်ရီတွေ ငှားသွားရင်လည်း အ နည်းဆုံး သုံးစီးလောက် ငှားရမယ်’’
ဦးစန်းမောင်၊ ဒေါ်ယဉ်မေဦး၊ ရဲမာန် သီဟ၊ တိမ်တိုက်ပန်းချီနဲ့ ကျွန်တော်တို့ ခေါင်းချင်းဆိုင် တိုင်ပင်တယ်။
ဦးစန်းမောင်မျက်နှာမှာ အားနာရိပ်၊ စိုးရိမ်စိတ်တွေပေါ်နေတယ်။ လယ်ဝေးကို လည်း ကျွန်တော်တို့ လာမယ့်အကြောင်း ဖုန်းဆက်အကြောင်းကြားထားပြီးပြီ။
လယ်ဝေးသွားဖို့အတွက် အဓိက လို အပ်နေတာက ကား …။ လယ်ဝေးကို သွားဖို့ ကား …။

ဆက်လက်ဖော်ြပပါမည်

ချစ်နွေမိုး

 

LEAVE A REPLY

Please enter your comment!
Please enter your name here