ခြေကျင်ဇုန်(Pedestrian Zone) သို့မဟုတ် ကားကင်းမဲ့ဇုန်(Car-Free Zone) တစေ့တစောင်းအကြောင်း

1254

Pedestrian Zone ၊ ဒါမှမဟုတ် Car-Free Zone လို့လည်း ခေါ်ကြတဲ့ မော်တော်ယာဉ်ကင်းမဲ့ဇုန်တွေဟာ မော်တော်ယာဉ်ဖြတ်သန်းသွားလာခွင့်မရှိဘဲ ခြေကျင်သွားဖို့အတွက်ပဲ ကန့်သတ်ထားတဲ့ မြို့တွင်းဧရိယာတွေ ဖြစ်ပါတယ်။ လမ်းတစ်လမ်း၊ ဒါမှမဟုတ် ဧရိယာတစ်ခုကို ခြေကျင်သာ သွားနိုင်တဲ့နေရာအဖြစ် ပြောင်းလဲကန့်သတ်လိုက်တာကို Pedestrainisation လို့လည်း ခေါ်ဝေါ်ပါတယ်။ အဲဒီလို ကန့်သတ်ဧရိယာတွေဟာ လေထုညစ်ညမ်းမှု၊ ဆူညံသံနဲ့ ခြေကျင်သွားသူတွေကို ကားတိုက်မှုတို့လို အဖြစ်မျိုးတွေကင်းစင်တဲ့နေရာဖြစ်လို့ ခြေကျင်သွားသူတွေအနေနဲ့ မြန်မြန်ဆန်ဆန် အန္တရာယ်ကင်းကင်း သွားလာနိုင်ဖို့ ရည်ရွယ်ပါတယ်။ ကားကင်းမဲ့ဇုန်တွေမှာ အများအားဖြင့် စက်ဘီး၊ စကိတ်နဲ့ လက်ကိုင်ပါတဲ့ စကိတ်စကူတာ (Kick Scooter) တို့လို လူ့စွမ်းအားသုံး မောင်းနှင်ရတဲ့ ယာဉ်ငယ်တွေကိုလည်း အသုံးပြုလေ့ ရှိပါတယ်။ ဒါပေမဲ့ တချို့ ယာဉ်ကင်းမဲ့ဇုန်တွေမှာတော့ ဘယ်လိုဘီးတပ်ယာဉ်ကိုမျှ ခွင့်မပြုသလို တချို့ကလည်း အမျိုးအစားအလိုက် ကန့်သတ်ထားတာမျိုး ရှိပါတယ်။

ဘီးတပ်ယာဉ်တွေမသွားလာရတဲ့ ခြေကျင်ဧရိယာတွေ ကန့်သတ်ထားရှိတာဟာ ဥရောပသမိုင်းကြောင်းအရ မှာဆိုရင် ၁၄ ရာစုနဲ့ ၁၇ ရာစုနှစ်ကြား Renaissance ခေတ်ကာလကတည်းက ဖြစ်ပါတယ်။ ဒါပေမဲ့ မြို့တွင်းမှာ ခေတ်သစ်အသွင်နဲ့ အစောဆုံး အကောင်အထည်ဖော်ဖြစ်ခဲ့တာကတော့ ပြင်သစ်နိုင်ငံ၊ ပါရီမြို့တော်မှာ ပထမဆုံးအကြိမ်အဖြစ် စျေးတန်းကြီး ဖွင့်လှစ်ခဲ့တဲ့ ၁၈ဝဝ ပြည့်လွန်နှစ်ဝန်းကျင်က ပါပဲ။ ၁၉ ရာစုနှစ်မှာတော့ ဥရောပနိုင်ငံအနှံ့အပြား မှာ ခေတ်သစ်စျေးဝယ်စင်တာတွေရဲ့ ရှေ့ပြေးလို့ဆိုရမယ့် စျေးတန်းကြီးတွေတည်ဆောက်ခဲ့ကြပြီး ၁၉ ရာစုနဲ့ ၂ဝ ရာစု အစောပိုင်းကတည်းက မြို့တည်စီမံကိန်းရေးဆွဲသူတွေနဲ့ ဗိသုကာပညာရှင်တွေဟာ မြို့သစ်တွေတည်ဆောက်ရာမှာ ယာဉ်ကြောကင်းစင်တဲ့ ခြေကျင်ဇုန်တွေကို ထည့်သွင်းခဲ့ကြပါတယ်။ ၁၉၂၉ ခုနှစ်ဝန်းကျင်မှာတော့ ဂျာမနီနိုင်ငံ၊ Essen မြို့က လမ်းတစ်လမ်းမှာ ပထမဆုံးခြေကျင်ဇုန်ကို ဖန်တီးခဲ့ပြီး ၁၉၉၅ ခုနှစ်အထိ ဂျာမနီနိုင်ငံက မြို့ပေါင်း ၂၁ မြို့မှာ အနည်းဆုံး ခြေကျင်ဇုန်အဖြစ် သတ်မှတ်ထားတဲ့ လမ်းတစ်လမ်းစီ ရှိလာပါတယ်။ အမေရိကန်ပြည်ထောင်စုမှာလည်း ၁၉၅ဝ နဲ့ ၁၉၆ဝ ပြည့်လွန်နှစ်တွေမှာ ခြေကျင်ဇုန်တွေ ပိုများလာပါတယ်။ ဒါပေမဲ့ အဲဒီလိုကန့်သတ်ဇုန်တွေဟာ သက်တမ်းမရှည်လှဘဲ ၉ဝ ရာခိုင်နှုန်းလောက်ဟာ ကားမောင်းနှင်သွားလာတဲ့ ဧရိယာတွေအနေနဲ့ ပြန်လည်ပြောင်းလဲသွားကြပါတယ်။

ဥရောပမှာ ပထမဆုံးအနေနဲ့ ဖန်တီးခဲ့တဲ့ ခြေကျင်သွားလမ်းကတော့ နယ်သာလန်နိုင်ငံ၊ Rotterdam မြို့က Lijinbann လမ်းဖြစ်ပြီး ၁၉၅၃ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ယူကေမှာ ပထမဆုံး ခြေကျင်သွားဇုန်အဖြစ် သတ်မှတ်ခဲ့တဲ့ စျေးဝယ်စင်တာကတော့ Stevenage မှာ တည်ရှိပြီး ၁၉၅၉ ခုနှစ်က စတင်သတ်မှတ်ခဲ့တာပါ။ ၁၉၆ဝ ပြည့်နှစ် အစောပိုင်းကတည်းက ဥရောပတိုက်က မြို့အတော်များများမှာ ကားကင်းမဲ့ဇုန်တွေ ရှိပါတယ်။ အမေရိကန်ပြည်ထောင်စုမှာတော့ ခြေကျင်သာသွားရောက်နိုင်တဲ့ စျေးဝယ်စင်တာတွေနဲ့ ခြေကျင်ဇုန်တွေ သတ်မှတ်ပေးထားပေမဲ့ အတော်လေး နည်းပါးပါသေးတယ်။ ချီလီနိုင်ငံမှာတော့ ခြေကျင်သွားလမ်းတွေ အတော်လေးများပြားပါတယ်။ ဟောင်ကောင်၊ တရုတ်၊ ဂျပန်နဲ့ တောင်ကိုရီးယားမှာလည်း အဲဒီလို ခြေကျင်ဇုန်တွေရှိပြီး ထိုင်းနိုင်ငံမှာလည်း ယာဉ်မဝင်ရောက်နိုင်အောင် တမင်ဖန်တီးထားတဲ့ လမ်းငယ်တွေနဲ့ စျေးဝယ်စင်တာတွေ ရှိပါတယ်။ သြစတြေးလျနိုင်ငံကတော့ အဓိကမြို့ကြီးအားလုံးနီးပါးမှာ ကားကင်းမဲ့ဇုန်လို့ ခေါ်ရမယ့် ခြေကျင်သွားလမ်း အနည်းဆုံးတစ်လမ်းစီတော့ ရှိပါတယ်။

ကားအသုံးပြုမှုနည်းပါးရေးအတွက် လှုပ်ရှားဆောင်ရွက်မှုတွေရဲ့ သွင်ပြင်လက္ခဏာတွေကတော့ ကားအသုံးပြုမှုနည်းပါးပြီး သက်ဆိုင်ရာလမ်းတွေမှာ ယာဉ်ကြောကျပ်တည်းမှုနည်းလာခြင်း၊ လမ်းလျှောက်သွားလာနှုန်းနဲ့ စက်ဘီးအသုံးပြုမှု မြင့်မားလာခြင်း၊ ကလေးသူငယ်တွေ ပိုပြီး လွတ်လွတ် လပ်လပ် ပြေးလွှားကစားနိုင်လာခြင်း၊ ကားပါကင်တွေ နေရာယူမှု နည်းပါးလာခြင်းကြောင့် သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှု နည်းပါးတဲ့ ဧရိယာပိုများလာခြင်းတို့ပါပဲ။ အဲဒီလို ကားကင်းမဲ့ဇုန်တွေထားရှိတဲ့အတွက် ရရှိနိုင်မယ့် အဓိကအကျိုးကျေးဇူးတွေကတော့ လေထုထဲမှာ ညစ်ညမ်းဓာတ်ငွေ့ထုတ်လွှတ်မှုနည်းပါးလာခြင်း၊ လမ်းပေါ်မှာ ယာဉ်မတော်တဆမှုတွေ လျော့နည်းလာခြင်းနဲ့ ပိုကောင်းမွန်တဲ့ လူမှုဝန်းကျင်ကို တည်ဆောက်နိုင်ခြင်းတို့ပဲ ဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here