ချောက်မြို့နယ်အတွင်း သံဃာတော်များနှင့် အသင်းအဖွဲ့များ စီးနင်းမောင်းနှင်သည့် လိုင်စင်မဲ့ကားများပါ အရေးယူမည်

587

ချောက်၊ ဇွန်

မကွေးတိုင်း၊ ချောက်မြို့နယ်အတွင်း ပြည်သူများ စီးနင်းသော လိုင်စင်မဲ့ကားများအပြင် သံဃာတော်များနှင့်အသင်းအဖွဲ့များ စီးနင်းမောင်းနှင်သော လိုင်စင်မဲ့ကားများပါ အရေးယူသွားမည်ဖြစ်ကြောင်း ချောက်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

”မကွေးတိုင်း အစိုးရအဖွဲ့က လိုင်စင်မဲ့ကားများ ပပျောက်ရေး စီမံချက်နဲ့ အရေးယူဖို့ ညွှန်ကြားထားပါတယ်၊ အဲဒီညွှန်ကြားချက်မှာ ပြည်သူတွေ စီးနင်းတာရှိရင်လည်းအရေးယူဖို့ သံဃာတော်တွေ၊ အသင်းအဖွဲ့တွေမှာ ရှိရင်လည်း အရေးယူဖို့ ညွှန်ကြားပါတယ်၊ ဒါကြောင့်အခု မြို့နယ် သာသနာရေးမှူးဆီလည်း အကြောင်းကြားထားသလို ပညာပေးတွေလည်း လုပ်နေတယ်”ဟု ချောက်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ တာ၀န်ရှိသူတစ်ဦးက ပြောသည်။

ချောက်မြို့နယ်တစ်ခုတည်း သာမက မကွေးတိုင်း တစ်တိုင်းလုံးရှိ မြို့နယ်၊ တိုင်းများအား ညွှန်ကြားခြင်းဖြစ်ပြီး လက်ရှိ ချောက်မြို့နယ်၌ လိုင်စင်မဲ့ကားများ အသုံးမပြုရေး ပညာပေးကာလ တစ်လသတ်မှတ်လုပ်ဆောင်နေကာ လာမည့်ဇူလိုင်လမှစ၍ စီမံချက်ဖြင့် အရေးယူသွားမည် ဖြစ်ကြောင်း၊ ထိုသို့ အရေးမယူမီကာလအတွင်း လမ်းမကြီးများတွင် ပညာပေးမှုအပြင် ချောက်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် အသင်းအဖွဲ့များ အားလုံးပါ ကြိုတင်အကြောင်းကြားထားကြောင်း ချောက်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

”လောလောဆယ် ရဲအပါအ၀င် ဌာနပေါင်းစုံပူးပေါင်းပြီး စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းထားတယ်၊ ပညာပေးကာလပြီးတာနဲ့ ရှောင်တခင် စစ်ဆေးအရေးယူသွားမယ်၊ လိုင်စင်မဲ့ကားတွေမိရင်တော့ မော်တော်ယာဉ်ဥပဒေအရ အရေးယူမှာပေါ့၊ လက်ရှိမှာ ပညာပေးမှုကို မြို့ပေါ်အပြင် ကျေးရွာတွေအထိပါ လုပ်ဆောင်နေပါတယ်”ဟု အဆိုပါ ရုံးမှ တာ၀န်ရှိသူတစ်ဦးက ထပ်မံဆိုသည်။

၂၀၁၅ မော်တော်ယာဉ်ဥပဒေအရ လိုင်စင်မှတ်ပုံတင် မရှိပါက အနည်းဆုံး ထောင်ဒဏ် တစ်လ၊ သို့မဟုတ် ဒဏ်ငွေ ငါးသောင်းဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ရမည်ဟု ပြဌာန်းထားကြောင်း သိရသည်။

”လိုင်စင်မဲ့ကားတွေကို အရေးယူမယ်ဆိုရင် မြို့နယ်အလိုက် အရေးယူနေတာထက် တင်သွင်းတဲ့ နယ်စပ်လမ်းကြောင်းတွေမှာကတည်းက ထိထိရောက်ရောက် အရေးယူသင့်တယ်၊ အခုဟာက သွင်းတဲ့လမ်းကြောင်းမှာကျအရေးမယူဘဲ မြို့နယ်တွေရောက်မှ အရေးယူမယ်ဆိုတာ အဲဒီ လိုင်စင်မဲ့ကားတွေက မိုးပေါ်ကကျလာတာ မဟုတ်ဘူး”ဟု မကွေးတိုင်း၊ မကွေးမြို့နယ်တွင်နေထိုင်သူ အသက် သုံးဆယ်အရွယ် ဒေသခံ တစ်ဦးက မှတ်ချက်ပေးသည်။

ကျော်ကျော်အောင် (ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here