ချင်းပြည်နယ် ရိဒ်ခေါ်ဒါရ်မြို့တွင် အဆင့်မြင့်စျေးနှင့် ကားလေးကွင်း တည်ဆောက်ရန်စီစဉ်

146

 

ရိဒ်​ခေါ်​ဒါရ်၊ ​နိုဝင်ဘာ ၁

အိန္ဒိယ-မြန်မာနယ်စပ်ဖြစ်သည့် ချင်းပြည်နယ်၊ ဖလမ်းခရိုင် ရိဒ်ခေါ်ဒါရ်မြို့တွင် အဆင့်မြင့်စျေးနှင့် ကားလေးကွင်း တည်ဆောက်ရန် စီစဉ်လျက်ရှိကြောင်း ရိဒ်ခေါ်ဒါရ်မြို့နယ် စီမံခန့်ခွဲမှုကော်မတီမှ သိရသည်။

“ရိဒ်ခေါ်ဒါရ်မြို့မှာ ကားလေးကွင်း တည်ဆောက်နိုင်ဖို့ စီစဉ်နေတယ်၊ ကားလေးကွင်း တည်ဆောက်ရင်းနဲ့ တစ်ဆက်တည်းမှာပဲ အဆင့်မြင့်စျေးပါ ပူးတွဲ တည်ဆောက်သွားမယ်” ဟု အဆိုပါကော်မတီမှ တာ၀န်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ ကားလေးကွင်းနှင့် အဆင့်မြင့်စျေးကို ရိဒ်ခေါ်ဒါရ်မြို့ အမှတ် ၁ ရပ်ကွက်နှင့် အမှတ် ၂ ရပ်ကွက်တို့ ရပ်ကွက်နှစ်ခုကြားတွင် တည်ဆောက်ရန်လျာထားပြီး စီမံကိန်းလုပ်ဆောင်မည့်မြေနေရာတွင် ပိုင်ရှင်ရှိသော လယ်ယာမြေအချို့ ပါနေသဖြင့် လယ်ယာမြေပိုင်ရှင် တောင်သူများနှင့် အောက်တိုဘာ ၂၉ ရက်က ညှိနှိုင်းခဲ့ကြောင်း အဆိုပါကော်မတီမှ ထပ်မံသိရသည်။

“လယ်ယာမြေတွေထဲမှာ တောင်သူတွေရဲ့မြေတွေလည်း ပါ၀င်နေတာရှိတော့ လယ်မြေပိုင်ရှင် တောင်သူတွေနဲ့ အောက်တိုဘာ ၂၉ ရက်ကပဲ သဘောတူညီမှု ရယူခဲ့တယ်၊ အဓိကကတော့ ရပ်ကွက်နှစ်ခုကြား ထိစပ်နေတဲ့ သီးငါးချောင်းအနီးက လယ်မြေ ၃.၂၇ ဧကကို စည်ပင်နဲ့ အရောင်းအ၀ယ်ပြုလုပ်ပေးဖို့ နှစ်ဦးနှစ်ဖက် ညှိနှိုင်းရာမှာ သဘောတူညီမှု ရယူနိုင်ခဲ့ပါတယ်” ဟု အဆိုပါကော်မတီမှ တာ၀န်ရှိသူတစ်ဦးက ထပ်မံဆိုသည်။

ရိဒ်ခေါ်ဒါရ်မြို့တွင် ကားလေးကွင်းနှင့် အဆင့်မြင့်စျေးကို ယခုနှစ်ကုန်ပိုင်းတွင် စတင်အကောင်အထည်ဖော်နိုင်ရန် လျာထားသော်လည်း လယ်ယာမြေ ၃.၂၇ ဧကကို အခြားနည်းအသုံးပြုခွင့်ရရှိရန် လျှောက်ထားရယူရဦးမည်ဖြစ်ကာ ခွင့်ပြုချက်ကျလာပါက အမြန်ဆုံး တည်ဆောက်သွားမည်ဖြစ်ကြောင်း ရိဒ်ခေါ်ဒါရ်မြို့နယ် စီမံခန့်ခွဲမှုကော်မတီမှ ထပ်မံသိရသည်။

ရပ်ကွက် နှစ်ရပ်ကွက်ဖြင့်သာ ဖွဲ့စည်းထားပြီး လူဦးရေစုစုပေါင်း ငါး​ထောင်ကျော် နေထိုင်သော ရိဒ်ခေါ်ဒါရ်မြို့သည် အိန္ဒိယ-မြန်မာနယ်စပ် ကပ်လျက်တည်ရှိသည့်အတွက် အိန္ဒိယ- မြန်မာနယ်စပ်ကုန်သွယ်ရေးကားများ အ၀င်အထွက်များသော မြို့လည်းဖြစ်သည်။ ထို့ပြင် အဆိုပါမြို့သို့ ကားလမ်းဖြင့်သာ သွားရောက်နိုင်ပြီး ခရီးသည်တင်ကားနှင့် ကုန်စည်ပို့ဆောင်ရေးကားဂိတ်များအပါအ၀င် ကားဂိတ်စုစုပေါင်း ၁၃ ဂိတ်ရှိကာ ကမ္ဘာကျော် အသည်းနှလုံးပုံ ရိဒ်ရေကန်ရှိရာ မြို့လည်းဖြစ်သဖြင့် ပြည်တွင်း၊ ပြည်ပခရီးသွား လာရောက်မှုများသော ဒေသလည်းဖြစ်ကြောင်း ရိဒ်ခေါ်ဒါရ်မြို့ခံများထံမှ စုံစမ်းသိရသည်။

ကျော်ကျော်အောင်(ကလေးမြို့)
ရိဒ်ခေါ်ဒါရ်မြို့တွင်းရှိ လမ်းဘေးတစ်‌နေရာတွင် ခေတ္တရပ်နားထားသော ကလေး-ရိဒ် ယာဉ်လိုင်းအချို့အား Covid-19 မဖြစ်ပွားမီကာလက တွေ့မြင်ရစဉ်။

LEAVE A REPLY

Please enter your comment!
Please enter your name here