ချင်းပြည်နယ်၏ ပထမဦးဆုံးလေယာဉ်ကွင်း ဆူရ်ဘုန်လေဆိပ်တွင် အောက်တိုဘာ ၂၇ ရက်၌ လေယာဉ် စမ်းသပ်ဆင်းသက်မည်

271

 

ဖလမ်း၊ ​အောက်တိုဘာ ၁၅

ချင်းပြည်နယ်၏ ပထမဦးဆုံးလေယာဉ်ကွင်းဖြစ်လာမည့် ဆူရ်ဘုန်လေဆိပ်တွင် ယခုအခါ တည်ဆောက်ရေးလုပ်ငန်းများအားလုံး ရာနှုန်းပြည့် ပြီးစီးသွားပြီဖြစ်သဖြင့် လာမည့် အောက်တိုဘာ ၂၇ ရက်တွင် လေယာဉ်စတင်စမ်းသပ် ဆင်းသက်မည်ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

“ဆူရ်ဘုန်လေယာဉ်ကွင်းက အခု ရာနှုန်းပြည့် ပြီးစီးနေပြီ၊ Covid-19 ရောဂါအခြေအနေကြောင့် ဖွင့်ပွဲတော့ လုပ်ဖြစ်ဦးမှာမဟုတ်ဘူး၊ ဒါပေမဲ့ လာမယ့် ၂၇ ရက်မှာ ART လေယာဉ်နဲ့ စတင်စမ်းသပ် ပျံသန်းတာ ပြုလုပ်သွားမှာပါ” ဟု အဆိုပါဌာနမှ တာ၀န်ရှိသူတစ်ဦးက ပြောကြားသည်။

ဆူရ်ဘုန်လေယာဉ်ကွင်းတွင် ယခုနှစ် ဇွန် ၂၅ ရက်မှ ၂၇ ရက်အထိ သုံးရက်တိုင်တိုင် လေယာဉ်ပျံသန်းစစ်ဆေးမှုတစ်ကြိမ် ဆောင်ရွက်ခဲ့ဖူးပြီး ထိုအချိန်က လေယာဉ်မှူး၏ အကြံပြုချက်အရ လေယာဉ်များ အန္တရာယ်ကင်းစွာ ဆင်းသက်နိုင်ရေးအတွက် လေယာဉ်ပြေးလမ်း၏ မြောက်ဘက်ထိပ်နှင့် အနောက်ဘက်ခြမ်းရှိ တောင်ဖြိုခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရသည်။ ယခုအခါ အဆိုပါလုပ်ငန်းများအားလုံးလည်း ပြီးစီးသွားပြီဖြစ်သဖြင့် ယခုအောက်တိုဘာလ စတုတ္ထပတ်အတွင်း လေယာဉ်ကွင်းဖွင့်ပွဲ ပြုလုပ်နိုင်ရန် လျာထားခဲ့သော်လည်း Covid-19 ကပ်ရောဂါအခြေအနေကြောင့် လူစုလူဝေးမပြုလုပ်ရသည့်အတွက် ဖွင့်ပွဲပြုလုပ်မည့်ရက်ကို နောက်ဆုတ်ထားဦးမည်ဖြစ်ကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။

“ချင်းပြည်နယ်ရဲ့ ပထမဦးဆုံးလေယာဉ်ကွင်းဖြစ်တဲ့အတွက် ဖွင့်ပွဲကို စည်စည်ကားကား လုပ်ချင်တာပေါ့၊ အခုဟာက Covid-19 ​ကြောင့် လူစုလူဝေး မလုပ်ရဘူးဆိုတော့ ဖွင့်ပွဲရက်ကို နောက်ဆုတ်ထားသေးတယ်၊ ဒါပေမဲ့ ဒီလနောက်ဆုံးပတ်ထဲမှာပဲ လေယာဉ်စမ်းသပ်ပြေးဆွဲတာ လုပ်သွားမယ်” ဟု ချင်းပြည်နယ်အစိုးရအဖွဲ့မှ တာ၀န်ရှိသူတစ်ဦးက ထပ်မံဆိုသည်။

ဆူရ်ဘုန်လေယာဉ်ကွင်းတည်ဆောက်ရန် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်ကတည်းက မြေပြင်ကွင်းဆင်း လေ့လာတိုင်းတာခြင်း၊ ဒီဇိုင်းရေးဆွဲခြင်း လုပ်ငန်းများကို စတင်ခဲ့ပြီး နှစ်အလိုက်
ဘတ်ဂျက်ငွေရရှိမှုအပေါ် မူတည်၍ ဆောင်ရွက်ခဲ့ကာ လေယာဉ်ကွင်းတည်ဆောက်မှုအားလုံးအတွက် ၃၅ ဘီလျံနီးပါး အကုန်အကျခံဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါလေယာဉ်ကွင်းကို ပင်လယ်ရေမျက်နှာပြင်အထက် ပေ ​ခြောကွ​ထောင်ကျော်အမြင့်၌ လေယာဉ်ပြေးလမ်းအရှည် အလျားပေ ​ခြောက်​ထောင်၊ အနံပေ တစ်ရာ အကျယ်ဖြင့် တည်ဆောက်ထားကာ ခရီးသည် ခုနစ်ဆယ်ကျော် လိုက်ပါစီးနင်းနိုင်​ကြောင်းနှင့် ATR-72 လေယာဉ်များ အတက်/အဆင်း ပြုလုပ်နိုင်ရန် လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက တာ၀န်ယူတည်ဆောက်ထားကာ တစ်ထပ်ခွဲ လေဆိပ်အဆောက်အအုံမှာလည်း ခရီးသည် ၂၅၀ ခန့်ကို ၀န်ဆောင်မှုပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

ကျော်ကျော်အောင်(ကလေးမြို့)
ဓါတ်ပုံ-ဖလမ်း(ပြန်/ဆက်)

LEAVE A REPLY

Please enter your comment!
Please enter your name here