ချင်းပြည်နယ်၏ ပထမဦးဆုံး လေယာဉ်ကွင်း ယခုလ စတုတ္ထပတ်အတွင်း ဖွင့်လှစ်မည်

347

 

ဖလမ်း၊ အောက်တိုဘာ ၁၂

ချင်းပြည်နယ်၏ ပထမဦးဆုံး လေယာဉ်ကွင်းဖြစ်လာမည့် ဖလမ်းမြို့အနီး တည်ဆောက်လျက်ရှိသော ဆူရ်ဘုန်လေယာဉ်ကွင်းသည် ယခုအခါ ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်သဖြင့် လာမည့် အောက်တိုဘာလ(ယခုလ) စတုတ္ထပတ်အတွင်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။

“လေယာဉ်ကွင်းတည်ဆောက်မှုက ရာနှုန်းပြည့်ပြီးသွားပြီ၊ ဒါကြောင့် ဒီလနောက်ဆုံးပတ်ထဲမှာ ဖွင့်လှစ်နိုင်ဖို့ အခုစီစဉ်နေပါတယ်” ဟု ချင်းပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဆူရန်ဘုန်လေယာဉ်ကွင်းတည်ဆောက်ရန် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်ကတည်းက မြေပြင်ကွင်းဆင်းလေ့လာတိုင်းတာခြင်း၊ ဒီဇိုင်းရေးဆွဲခြင်းလုပ်ငန်းများကို စတင်ခဲ့ပြီး နှစ်အလိုက် ဘတ်ဂျက်ငွေရရှိမှုအပေါ်မူတည်ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ပြီးစီးသွားပြီဖြစ်ကြောင်း၊ အဆိုပါလေယာဉ်ကွင်း ဖွင့်လှစ်ပြီးပါက ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် ကလေးမြို့သို့ တိုက်ရိုက်ပြေးဆွဲသွားမည်ဖြစ်သဖြင့် ချင်းပြည်နယ်သို့ ပြည်တွင်း၊ ပြည်ပခရီးသွားဝင်ရောက်မှု ပိုမိုမြှင့်တက်လာမည်ဖြစ်ကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့မှ ထပ်မံသိရသည်။

“Covid-19 ကာလအတွင်းတော့ ခရီးသွားဝင်ရောက်မှုမရှိနိုင်ပေမဲ့ Covid-19 ပြီးသွားတဲ့အချိန်မှာတော့ ပြည်တွင်းရော၊ ပြည်ပရော ခရီးသွားဝင်ရောက်မှု အများကြီးတိုးလာမှာ သေချာတယ်၊ အရင်ကဆို ချင်းပြည်နယ်ကို လာရင် ကားနဲ့ပဲ ကလေးမြို့ကတစ်ဆင့် လာရတယ်၊ အခု လေယာဉ်နဲ့လာလို့ရတော့မယ်ဆိုတော့ ခရီးသွားတွေအတွက် အများကြီး အဆင်ပြေသွားတာပေါ့” ဟု ချင်းပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ထပ်မံဆိုသည်။

အဆိုပါလေယာဉ်ကွင်းကို ပင်လယ်ရေမျက်နှာပြင်အထက် ပေ ခြောက်ထောင်ကျော်အမြင့်၌ လေယာဉ်ပြေးလမ်းအရှည် အလျားပေ ခြောက်ထောင်၊ အနံပေ တစ်ရာအကျယ်ဖြင့် တည်ဆောက်ထားကာ ခရီးသည် ခုနစ်ဆယ်ကျော် လိုက်ပါစီးနင်းနိုင်သည့် ATR-72 လေယာဉ်များ အတက်/အဆင်း ပြုလုပ်နိုင်ရန် လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက တာဝန်ယူတည်ဆောက်ထားပြီး တစ်ထပ်ခွဲလေဆိပ်အဆောက်အအုံမှာလည်း ခရီးသည် ၂၅၀ ခန့်ကို ဝန်ဆောင်မှုပေးနိုင်မည်ဖြစ်ကြောင်း၊ လေဆိပ်အဆောက်အအုံကိုလည်း ဒေသရာသီဥတုနှင့်ကိုက်ညီအောင် သာမန်လေဆိပ်များနှင့်မတူသော အခုံးပုံသဏ္ဌာန်
ဒီဇိုင်းထည့်သွင်းတည်ဆောက်ခဲ့ရပြီး လေယာဉ်ကွင်းတည်ဆောက်မှုအားလုံးအတွက် ၃၅
ဘီလျံနီးပါး အသုံးပြု တည်ဆောက်ထားကြောင်း သိရသည်။

ကျော်ကျော်အောင်(ကလေးမြို့)
ဓာတ်ပုံ- ဖလမ်းပြန်/ဆက်

LEAVE A REPLY

Please enter your comment!
Please enter your name here