ချင်းပြည်နယ်၏ ပထမဦးဆုံးလေယာဉ်ကွင်း တည်ဆောက်မှု ၉၇ ရာခိုင်နှုန်း ပြီးစီး

188

 

ကလေး၊ သြဂုတ်
ချင်းပြည်နယ်၏ ပထမဦးဆုံး လေယာဉ်ကွင်း ဖြစ်လာမည့် ဖလမ်းမြို့ အနီး တည်ဆောက်လျက်ရှိသော ဆူရ်ဘုန် လေယာဉ်ကွင်းသည် ယခုအခါ ၉၇ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်၍ မကြာမီ ပြီးစီးတော့မည် ဖြစ်ကြောင်း သိရသည်။

“လေယာဉ်ပြေးလမ်းနဲ့ လေ ယာဉ်ရပ်နားတဲ့ နေရာတွေလည်း ပြီးစီးပြီးပြီ၊ လေဆိပ်အဆောက် အအုံလည်း ပြီးစီးသွားပြီ၊ ကျန်တဲ့ဆက်စပ်လုပ်ငန်း အနည်းငယ်ပဲ ကျန်တော့တယ်၊ လောလောဆယ် ၉၇ ရာခိုင်နှုန်း ပြီးစီးနေပြီလို့ ပြော လို့ရတယ်”ဟု ချင်းပြည်နယ် အစိုးရအဖွဲ့မှ အကြီးတန်းအရာရှိ တစ်ဦးက ပြောကြားသည်။

ဆူရ်ဘုန် လေယာဉ်ကွင်း တည်ဆောက်ရန် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ်ကတည်းက မြေပြင်ကွင်းဆင်းလေ့လာတိုင်းတာခြင်း၊ ဒီဇိုင်းရေးဆွဲခြင်းလုပ်ငန်းများကို စတင်ခဲ့ပြီး နှစ်အလိုက်ဘတ်ဂျက်ငွေရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်ခဲ့ကာ ယခုအခါ ၉၇ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း၊ လက်ရှိတွင် လေယာဉ်ကွင်း Fly Check ဆောင်ရွက်ရာတွင် လေယာဉ်မှူး၏အကြံ ပြုချက်အရ လေယာဉ်များ ပိုမို အန္တရာယ်ကင်းစွာ ဆင်းသက်နိုင်ရန် လေယာဉ်ကွင်း၏ မြောက်ဘက် Run Way (1)တောင်ကုန်းကို ပိုင်းဖြတ်ခြင်း၊ နှိမ့်ချခြင်း စသည့် လုပ်ငန်းများ ဆောင်ရွက်နေကာ အောက်တိုဘာလတွင် အားလုံးပြီး စီးနိုင်အောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ချင်းပြည်နယ်အစိုးရ အဖွဲ့မှ ထပ်မံသိရသည်။

“အောက်တိုဘာလထဲမှာ လုပ် ငန်းအားလုံး ပြီးစီးတာနဲ့ Test Landing ပြုလုပ်သွားမယ်၊ လေယာဉ်ကွင်းဖွင့်ပွဲလည်း လုပ်ဆောင်သွားမယ်”ဟု ချင်းပြည်နယ် အစိုးရ အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ထပ်မံဆိုသည်။

အဆိုပါ လေယာဉ်ကွင်းကို ခရီးသည် ခုနစ်ဆယ်ကျော် လိုက် ပါ စီးနင်းနိုင်သော ATR-72 လေယာဉ်များ ဆင်းသက်နိုင်ရန် တည် ဆောက်ထားကြောင်း သိရသည်။
ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here