ချင်းပြည်နယ်၏ ပထမဦးဆုံး ဆူရ်ဘုန်လေယာဉ်ကွင်းသို့ ပထမဆုံးအကြိမ် လေယာဉ်စမ်းသပ် ဆင်းသက်

105

 

က​လေး၊ ​အောက်တိုဘာ ၂၇

ချင်းပြည်နယ်၏ ပထမဦးဆုံးလေယာဉ်ကွင်းဖြစ်သည့် ဆူရ်ဘုန်လေယာဉ်ကွင်းသို့ ယနေ့ အောက်တိုဘာ ၂၇ ရက် နံနက် ၁၀ နာရီခွဲအချိန်က မြန်မာ့လေကြောင်းမှ ATR 72-600 လေယာဉ် ပထမဦးဆုံးအကြိမ်အဖြစ် စမ်းသပ်ဆင်းသက်ခဲ့ပြီး အောင်မြင်စွာဆင်းသက်နိုင်ခဲ့ကြောင်း မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) မှ သိရသည်။

“ဒီမနက် ၁၀ နာရီခွဲမှာ ATR 72 စတင်ဆင်းသက်နိုင်ခဲ့ပါပြီ၊ လေယာဉ်မှာ ချင်းအမျိုးသား လေယာဉ်မှူးကြီး ဦးခုပ်ခန့်မုံက Management အနေနဲ့ လိုက်ပါပြီး MNA ART Fleet Chief နည်းပြလေယာဉ်မှူးကြီး Captain ဇော်မင်းဦးနဲ့ MNA Training Manager/ ATR နည်းပြလေယာဉ်မှူးကြီး Captain Min Thu Zaw တို့က မောင်းနှင်လာတာ ဖြစ်ပါတယ်” ဟု ချင်းပြည်နယ်အစိုးရအဖွဲ့၏ စည်ပင်၀န်ကြီးဟောင်းလည်းဖြစ် လက်ရှိ အာဏာရပါတီ NLD ၏ ချင်းပြည်နယ်ရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီအဖွဲ့ ခေါင်းဆောင်လည်းဖြစ်သူ ဆလိုင်းအိုက်ဇက်ခင်က ပြောကြားသည်။

ဆူရ်ဘုန်လေယာဉ်ကွင်းသို့ ပထမဦးဆုံးအကြိမ် စမ်းသက်ဆင်းသက်ပြေးဆွဲသော ATR 72 လေယာဉ်၏ လေယာဉ်မှူးကြီးများနှင့်အဖွဲ့အား ဒုသမ္မတ-၂ ဦးဟင်နရီဗန်ထီးယူနှင့်ဇနီး၊ ချင်းပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးချုပ်နှင့် ၀န်ကြီးများ၊ ဌာနဆိုင်ရာများနှင့် တာ၀န်ရှိပုဂ္ဂိုလ်များ စသည့် တာ၀န်ရှိသူများက ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။

ဆူရ်ဘုန်လေယာဉ်ကွင်းတွင် ယခု ၂၀၂၀ ပြည့်နှစ်၊ ဇွန် ၂၅ ရက်မှ ၂၇ ရက်အထိ သုံးရက်တိုင်တိုင် လေယာဉ် ပျံသန်းစစ်ဆေးမှုတစ်ကြိမ်ဆောင်ရွက်ခဲ့ဖူးပြီး ထိုအချိန်က လေယာဉ်မှူး၏ အကြံပြုချက်အရ လေယာဉ်များ အန္တရာယ်ကင်းစွာ ဆင်းသက်နိုင်ရေးအတွက် လေယာဉ်ပြေးလမ်း၏ မြောက်ဘက်ထိပ်နှင့် အနောက်ဘက်ခြမ်းရှိ တောင်ဖြိုခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရသည်။ ယခုအခါ အဆိုပါ လုပ်ငန်းများအားလုံးလည်း ပြီးစီးသွားပြီဖြစ်သဖြင့် ပထမဦးဆုံးအကြိမ်အဖြစ် ယနေ့ အောက်တိုဘာ ၂၇ ရက်တွင် စတင်စမ်းသပ်ဆင်းသက်ခြင်းလည်းဖြစ်သည်။

ဆူရ်ဘုန်လေယာဉ်ကွင်းတည်ဆောက်ရန် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်ကတည်းက မြေပြင်ကွင်းဆင်း လေ့လာတိုင်းတာခြင်း၊ ဒီဇိုင်းရေးဆွဲခြင်းလုပ်ငန်းများကို စတင်ခဲ့ပြီး နှစ်အလိုက်
ဘတ်ဂျက်ငွေရရှိမှုအပေါ် မူတည် ဆောင်ရွက်ခဲ့ကာ လေယာဉ်ကွင်းတည်ဆောက်မှုအားလုံးအတွက် ကျပ် ၃၅ ဘီလျံနီးပါး အကုန်အကျခံဆောက်လုပ်ခဲ့ရကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

အဆိုပါလေယာဉ်ကွင်းကို ပင်လယ်ရေမျက်နှာပြင်အထက် ပေ ​ခြောက်​ထောင်ကျော်အမြင့်၌ လေယာဉ်ပြေးလမ်းအရှည် အလျားပေ ​ခြောက်​ထောင်၊ အနံပေ တစ်ရာ အကျယ်ဖြင့် တည်ဆောက်ထားကာ ခရီးသည် ခုနစ်ဆယ်ကျော် လိုက်ပါစီးနင်းနိုင်​ကြောင်း၊ ATR-72 လေယာဉ်များ အတက်/အဆင်း ပြုလုပ်နိုင်ရန် လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက တာ၀န်ယူတည်ဆောက်ထားပြီး တစ်ထပ်ခွဲလေဆိပ် အဆောက်အအုံသည်လည်း ခရီးသည် ၂၅၀ ခန့်ကို ၀န်ဆောင်မှုပေးနိုင်မည်ဖြစ်ကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။

ကျော်ကျော်အောင်(ကလေးမြို့)
ဓာတ်ပုံ – မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA)

LEAVE A REPLY

Please enter your comment!
Please enter your name here