ချင်းပြည်နယ်အတွင်း လိုင်စင်မဲ့ ဆိုင်ကယ်များ စီမံချက်ဖြင့် ဖမ်းဆီးမည်

710

ကလေး၊ ဇူလိုင် ၇
ချင်းပြည်နယ်အတွင်းရှိ ဆိုင်ကယ် အရောင်းပြခန်းများအနေဖြင့် လိုင်စင်မဲ့ ဆိုင်ကယ်များ မရောင်းချရန်နှင့် လိုင်စင်မဲ့ဆိုင်ကယ်များ လက်ဝယ်တွေ့ရှိပါက ဇူလိုင်လ ပထမပတ်အတွင်းမှစ၍ စီမံချက်ဖြင့် ဖမ်းဆီးမည်ဖြစ်ကြောင်း သိရသည်။
‘‘လိုင်စင်မဲ့ဆိုင်ကယ် ပိုင်ဆိုင်ထားတယ်ဆိုရင် မြို့နယ်အလိုက်သက်ဆိုင်ရာကို အပ်နှံဖို့လိုပါတယ်၊ အဲဒီလို မဟုတ်ဘဲ စီးနင်းတာ၊ ရောင်းချတာ တွေ့ရင် ဥပဒေအရထိထိရောက်ရောက် အရေးယူသွားမယ်၊ ချင်းပြည်နယ်အတွင်းက ပြည်သူတွေရော၊ ဆိုင်ကယ်အရောင်းဆိုင်တွေရော လိုင်စင်မဲ့ဆိုင်ကယ်မရောင်းဖို့ ဇွန်လကတည်းက ကြိုတင် အသိပေးထားပြီးပြီ၊ အခု ဇူလိုင်လဆန်းပိုင်းကစပြီး ရှောင်တခင် စစ်ဆေးတာတွေ လုပ်သွားမယ်’’ဟု ချင်းပြည်နယ် ယာဉ် အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီမှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။လိုင်စင်မဲ့ဆိုင်ကယ်များ ရှိနေပါက သက်ဆိုင်ရာမြို့နယ်အလိုက် ဖွဲ့စည်းထားသည့် ဒေသတွင်းလိုင်စင် စိစစ်အရေးယူရေးအဖွဲ့ထံတွင် ဒဏ်ကြေးငွေများ ပေးသွင်းပြီး ဒေသယာဉ်လိုင်စင်ရရှိရေး လုပ်ဆောင်ကြရန်လိုအပ်ကြောင်း၊ ထို့ပြင် ဆိုင်ကယ်အရောင်းဆိုင်များ အနေဖြင့်လည်းဆိုင်ကယ်ရောင်းချခွင့်လိုင်စင် ရှိရမည့်အပြင် မှတ်ပုံတင်ပြီးဆိုင်ကယ်များကိုသာ ရောင်းချရမည်ဖြစ်ကာ
တရားဝင်နံပါတ်ပြားမထုတ်ပေးမီ ကာလအတွင်း၌ ဝယ်ယူသူများထံ ယာယီနံပါတ်ပြားများ ထုတ်ပေးရမည်ဖြစ်ကြောင်း ချင်းပြည်နယ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီမှ သိရသည်။ ချင်းပြည်နယ်တွင် လက်ရှိ၌
လိုင်စင်ပါဆိုင်ကယ်များ စီးနင်းနေသကဲ့သို့ Without ဆိုင်ကယ်များလည်း စီးနင်းမှုများရှိနေပြီး ယင်းသို့ လမ်းပေါ်တွင် စီးနင်းနေသောလိုင်စင်မဲ့ဆိုင်ကယ်များအား အရေးယူခြင်းထက် တင်သွင်းရာ လမ်းကြောင်းများနှင့် ဆိုင်ကယ်အရောင်းဆိုင်များ အားလုံးကို ပိုမိုကြပ်မတ်ရန် လိုအပ်ကြောင်း တီးတိန်မြို့ခံအချို့က သုံးသပ်သည်။ ‘‘ချင်းပြည်နယ်က အဆင်းရဲဆုံးပြည်နယ်ဖြစ်နေတော့ တချို့ကလည်း တတ်နိုင်ကြတာ ရှိသလိုမတတ်နိုင်ကြတဲ့သူတွေလည်း အများကြီး၊ ငွေမတတ်နိုင်တော့ Without ဝယ်စီးကြတယ်၊ လိုင်စင်မဲ့ မစီးစေချင်ရင် တင်သွင်းတဲ့လမ်းကြောင်းတွေနဲ့ အရောင်းဆိုင်တွေကို ကြပ်မတ်သင့်တယ်၊ Without ဆိုင်ကယ်ရောင်းတဲ့သူမရှိရင် စီးတဲ့သူလည်းရှိမှာမဟုတ်ဘူး’’ ဟု တီးတိန်မြို့ခံ
တစ်ဦးဖြစ်သူ ဦးတွမ်က သုံးသပ်သည်။
ကျော်ကျော်အောင် (ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here