ချင်းပြည်နယ်အခြေစိုက်ယာဉ်လိုင်းများအား ယာဉ်စီးခ တစ်ဆခွဲထက်မပိုသောနှုန်းထားဖြင့် ပြန်လည်ပြေးဆွဲခွင့်ပြု

181

 

ကလေး၊ ဇွန် ၄

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်တွင် Covid-19 ရောဂါပိုး စတင်တွေ့ရှိခဲ့ပြီးနောက်ပိုင်း ချင်းပြည်နယ်အတွင်းရှိ မြို့နယ်များနှင့် အခြားတိုင်းနှင့်ပြည်နယ်များသို့ ပြေးဆွဲသော ယာဉ်လိုင်းများ နှစ်လကျော်ကြာ ရပ်နားထားခဲ့ရရာမှ ဇွန် ၃ ရက်မှစ၍ ယာဉ်စီးခ တစ်ဆခွဲထက်မပိုသောနှုန်းထားကောက်ခံ၍ ပြန်လည်ပြေးဆွဲခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ချင်းပြည်နယ် လုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ဆောင်ရေး ကြီးကြပ်ညှိနှိုင်းမှုဌာနမှ သိရသည်။

“ချင်းပြည်နယ်အတွင်းမှာ ပြေးဆွဲနေတဲ့ အဝေးပြေးယာဉ်လိုင်းတွေအနေနဲ့ Covid-19 ရောဂါဖြစ်ပွားနေတဲ့ကာလတစ်လျှောက် နှစ်လကျော်ကြာ ရပ်နားထားခဲ့ရတယ်၊ ကြားကာလမှာ ပြေးဆွဲနိုင်ခြင်းမရှိဘူးပေါ့၊ အခုအခါမှာတော့ တခြားတိုင်းနဲ့ပြည်နယ်တွေရဲ့လုပ်ဆောင်မှုတွေနဲ့ Covid-19 ရောဂါပိုးအခြေအနေအပေါ်မူတည်ပြီး ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ထားတဲ့ စည်းမျဉ်း၊ စည်းကမ်းတွေအတိုင်း ပြန်လည်ပြေးဆွဲခွင့်ပြုလိုက်တာဖြစ်ပါတယ်၊ အခုလို ပြန်လည်ပြေးဆွဲကြတဲ့အခါမှာ ခရီးသည်ကိုတော့ ပုံမှန်ဆံ့တဲ့နှုန်းထက် တစ်ဝက်သာတင်ဆောင်ရမှာဖြစ်သလို ယာဉ်စီးခကိုတော့ ယခင်နှုန်းထက် တစ်ဆခွဲထက်မပိုတဲ့နှုန်းနဲ့ ကောက်ခံခွင့်ပေးပြီး ပြန်လည်ပြေးဆွဲခွင့်ပေးလိုက်ပါတယ်” ဟု အဆိုပါဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။

ချင်းပြည်နယ်အတွင်း မြို့နယ်အချင်းချင်း ချိတ်ဆက်ပြေးဆွဲသော ယာဉ်လိုင်းများနှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း စသည့် ပြည်နယ်ပြင်ပရှိ တိုင်းဒေသကြီးများနှင့် ချိတ်ဆက်ပြေးဆွဲသော ယာဉ်လိုင်းများအနေဖြင့် ချင်းပြည်နယ်အတွင်းရှိ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များသာမက သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ညွှန်ကြားချက်များပါ တစ်သေဝေမတိမ်းလိုက်နာရမည်ဖြစ်ကြောင်း၊ ယခုအခါ ခရီးသည်ပို့ဆောင်ရေးယာဉ်လိုင်းများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရမည်ဖြစ်ပြီး လိုက်နာမှုရှိမရှိ တစ်ပတ်နှစ်ကြိမ် ကွင်းဆင်းစစ်ဆေးသွားမည်ဖြစ်ကြောင်း အဆိုပါဌာနမှ ထပ်မံသိရသည်။

“ကျွန်တော်တို့ ချင်းပြည်နယ်အတွင်းနဲ့ ပြည်နယ်ကျော် ပြေးဆွဲခြင်းနဲ့ပတ်သက်လို့ အမိန့်တွေ၊ ညွှန်ကြားချက်တွေအတိုင်း စနစ်တကျနဲ့ စည်းကမ်းနဲ့အညီ ပြေးမပြေး တစ်ပတ်ကို နှစ်ကြိမ် ကွင်းဆင်းစစ်ဆေးသွားမှာဖြစ်သလို နေ့စဉ်မပြတ်လည်း စောင့်ကြည့်သွားမှာဖြစ်ပါတယ်၊ ဆောင်ရွက်ထားမှုမရှိဘူးဆိုရင် ၂၀၁၅ ခုနှစ်က ထုတ်ပြန်ထားတဲ့ ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းများဥပဒေ ပုဒ်မ ၅၁ အရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားပါမယ်” ဟု ချင်းပြည်နယ် လုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ဆောင်ရေး ကြီးကြပ်ညှိနှိုင်းမှုဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ထပ်မံဆိုသည်။

ချင်းပြည်နယ်အတွင်းရှိ ခရီးသည်တင်ယာဉ်လိုင်းများသည် ပြေးဆွဲခွင့်ရသည့် ဇွန် ၃ ရက်မှ စတင်ပြေးဆွဲနေသော်လည်း လတ်တလောတွင် ခရီးသွားအလွန်နည်းပါးသည့်အတွက် ကားတစ်စီးလျှင် ခရီးသည် နှစ်ဦး၊ သုံးဦးဖြင့်သာ တင်ဆောင်ပြေးဆွဲနေရကြောင်း သိရသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here