ချင်းပြည်နယ်နှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို Chintravel ဝက်ဘ်ဆိုက်မှတစ်ဆင့် ၀င်ရောက်ကြည့်ရှုနိုင်

154

 

က​လေး၊ ​အောက်တိုဘာ ၂၈

ချင်းပြည်နယ်သို့ လာရောက်လည်ပတ်မည့် ပြည်တွင်း၊ ပြည်ပခရီးသွားများအနေဖြင့် ခရီးစဉ်ကြိုတင်စီမံနိုင်ရန် ချင်းပြည်နယ်နှင့်ပတ်သက်သော သတင်းအချက်အလက်များကို www.chintravel.com.mm ဝက်ဘ်ဆိုက်မှတစ်ဆင့် ၀င်ရောက်ကြည့်ရှုနိုင်ကြောင်း နိုင်ငံတော်သမ္မတရုံး၏ ထုတ်ပြန်ချက်များအရ သိရသည်။

ချင်းပြည်နယ်၏ ပထမဦးဆုံးလေယာဉ်ကွင်းဖြစ်သော ဆူရ်ဘုန်လေဆိပ်တွင် မြန်မာအမျိုးသားလေကြောင်းလိုင်း ATR 72-600 လေယာဉ်အား အောက်တိုဘာ ၂၇ ရက်က ပထမဦးဆုံး စတင်စမ်းသပ်ဆင်းသက်နိုင်ခဲ့ခြင်းနှင့်စပ်လျဉ်း၍ နိုင်ငံတော်သမ္မတရုံးက အထက်ပါအတိုင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဆူရ်ဘုန်လေဆိပ်ရှိ အဆောက်အအုံသည် အလျား ၁၅၆ ပေ၊ အကျယ် ၈၄ ပေရှိ၍ လေဆိပ်တွင် ခရီးသွားလုပ်ငန်းဆိုင်ရာ သတင်းအချက်အလက်ကောင်တာကို ဖွင့်လှစ်ထားသည့်အပြင် ပြည်တွင်း၊ ပြည်ပ ခရီးသွား ဧည့်သည်များအနေဖြင့် www.chintravel.com.mm မှတစ်ဆင့် ချင်းပြည်နယ်၏ ခရီးသွားဆွဲဆောင်မှုနေရာများနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ အချက်အလက်များကို စုံစမ်းသိရှိနိုင်မည်ဖြစ်ကြောင်း၊ ထို့ပြင် ချင်းပြည်နယ်သို့ လာရောက်ရာတွင် ဟိုးယခင်ကကဲ့သို့ ရန်ကုန်မြို့မှ ကလေးမြို့သို့ လာရောက်ကာ ကလေးမြို့မှတစ်ဆင့် တီးတိန်-ရိဒ်၊ ကလေး-ဖလမ်း-ဟားခါး စသော မြို့များသို့ မော်တော်ကားများဖြင့်သာ သွားလာနိုင်ခဲ့ရာမှ ယခုအခါ ရန်ကုန်၊ မန္တလေးမှ ဖလမ်းမြို့သို့ လေယာဉ်ဖြင့် တိုက်ရိုက်လာရောက်နိုင်တော့မည်ဖြစ်၍ ချင်းပြည်နယ်သို့ ပိုမိုလည်ပတ်စေနိုင်မည့် ခရီးစဉ်ဒေသများကို ပိုမိုဖော်ဆောင်နိုင်တော့မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆူရ်ဘုန်လေဆိပ်သည် မြန်မာနိုင်ငံရှိ လေဆိပ်များအနက် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ဆုံးတွင် တည်ရှိပြီး တည်ဆောက်ရာတွင် အခက်ခဲဆုံး လေဆိပ်တစ်ခုဖြစ်ကာ ပြင်ပပညာရှင်မပါဘဲ နိုင်ငံသားပညာရှင်များဖြင့်သာ တည်ဆောက်ခဲ့သည့် လေဆိပ်တစ်ခုလည်းဖြစ်သည်။ လေဆိပ်၌တပ်ဆင်ထားသည့် လေကြောင်းလမ်းညွှန်စက်သည် မြန်မာနိုင်ငံတွင် ပထမဆုံးသော တောင်ပေါ်ဒေသသုံး လေကြောင်း လမ်းညွှန်စက်ဖြစ်ကာ လိုအပ်သည့်ပြုပြင်ထိန်းသိမ်းမှုများနှင့်အတူ စိမ်းလန်းစိုပြည်သာယာလှပသော လေဆိပ်တစ်ခုဖြစ်စေရန် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောကြားသည်။

ချင်းပြည်နယ်၏ ပထမဆုံးသော လေကြောင်း၀င်ပေါက်ဖြစ်သည့် ဆူရ်ဘုန်လေဆိပ်သည် ဖလမ်းမြို့၏ အနောက်မြောက်ဘက် ရှစ်မိုင် ငါး ဖာလုံအကွာ၊ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ​ခြောက်​ထောင်ရှိ ဆူရ်ဘုန်တောင်ကြောတွင် တည်ရှိပြီး ငွေကျပ် ၃၅ ဒသမ ၁၉၁ ဘီလျံ အကုန်အကျခံ၍ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက တာ၀န်ယူတည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျော်ကျော်အောင်(ကလေးမြို့)
ဓာတ်ပုံများ- နိုင်ငံတော်သမ္မတရုံး

LEAVE A REPLY

Please enter your comment!
Please enter your name here