ချင်းပြည်နယ်တွင် လိုင်လင်းပီ လေယာဉ်ကွင်းငယ်ကဲ့သို့ အခြားနေရာများတွင်ပါ ဆောက်လုပ်သွားဖို့ရှိဟု ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူပြော

197

 

မန္တ​လေး၊ စက်တင်ဘာ ၂၇

ချင်းပြည်နယ်၏ ပထမဦးဆုံး လေယာဉ်ကွင်းကို ဖလမ်းမြို့အနီးတွင် တည်ဆောက်လျက်ရှိရုံသာမက လိုင်လင်းပီမြို့၌ တည်ဆောက်လျက်ရှိသော လေယာဉ်ကွင်းငယ်ကဲ့သို့ အခြားနေရာများတွင်ပါ လေယာဉ်ကွင်းငယ်များ ထပ်မံတိုးချဲ့ဆောက်လုပ်သွားရန်ရှိကြောင်း ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောကြားလိုက်သည်။


“အခု ချင်းပြည်နယ်ရဲ့ ပထမဆုံးလေယာဉ်ကွင်းဖြစ်တဲ့ ဆူရ်ဘုန် လေယာဉ်ကွင်းကို ဖလမ်းမြို့မှာ မကြာခင် ဖွင့်လှစ်နိုင်တော့မှာဖြစ်သလို လိုင်လင်းပီလိုနေရာတွေမှာ လေယာဉ်ကွင်းငယ်လေးတွေကို ဆောက်လုပ်နေဆဲ/ဆောက်လုပ်သွားဖို့ရှိတဲ့အတွက် ချင်းပြည်နယ်ဟာ မြန်မာနိုင်ငံရဲ့ အရေးပါတဲ့ ခရီးစဉ်ဒေသတစ်ခုအဖြစ် တွေ့မြင်ကြရတော့မှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားသည်။

စက်တင်ဘာ ၂၇ ရက်(ယ​နေ့)တွင် ကျရောက်သော ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ (၂၀၂၀) ကို ကြိုတင်ဂုဏ်ပြုသည့်အနေဖြင့် စက်တင်ဘာ ၂၅ ရက်က ကျင်းပခဲ့သည့် Tourism and Rural Development Online ဆွေးနွေးပွဲတွင် အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ ဥက္ကဌဖြစ်သူ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ချင်းပြည်နယ်၊ မတူပီခရိုင်၊ လိုင်လင်းပီမြို့တွင် ဘက်စုံသုံးလေယာဉ်ငယ်များ ဆင်းသက်နိုင်မည့် လေယာဉ်ကွင်းငယ်တစ်ခု တည်ဆောက်ရန် ၂၀၁၇ ခုနှစ် ဇူလိုင်လက ခွင့်ပြုချက် စတင်ရရှိခဲ့ပြီး ၂၀၁၈ ခုနှစ်၊ သြဂုတ်လထဲတွင် ဆောက်လုပ်ရေးနှင့် ကြီးကြပ်ရေးအတွက် တင်ဒါခေါ်ယူခြင်းနှင့် ရွေးချယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကာ တည်ဆောက်မှုများကို ၂၀၁၉ ခုနှစ်ထဲတွင် စတင်ခဲ့သည်။ အဆိုပါလေယာဉ်ကွင်းငယ်ကို MAF International (မြန်မာ) က အမေရိကန်ဒေါ်လာ ၂.၂ သန်း အကုန်အကျခံ၍ ယခု ၂၀၂၀ ပြည့်နှစ်ထဲတွင် အပြီးတည်ဆောက်ရန် လျာထားသော်လည်း မိုးတွင်းကာလနှင့် Covid-19 ကာလကြောင့် အခက်အခဲများရှိနေသဖြင့် လာမည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ၊ သို့မဟုတ် မတ်လတွင် ပြီးစီးနိုင်ရန် လျာထားကြောင်း MAF International (မြန်မာ)က ထုတ်ပြန်သည်။

လိုင်လင်းပီလေယာဉ်ကွင်းငယ် တည်ဆောက်မှုကို လတ်တလောတွင် မိုးတွင်းကာလနှင့် Covid-19 ကာလဖြစ်သောကြောင့် ယာယီရပ်ဆိုင်းထားပြီး မိုးရာသီပြီးစီးသွားသည်နှင့်တစ်ပြိုင်နက် ဆက်တိုက်ဆောင်ရွက်သွားမည်ဖြစ်ကာ အဆိုပါလေယာဉ်ကွင်းငယ်၏ ပြေးလမ်းအရှည်သည် ပေ ၂,၆၀၀ နှင့် အကျယ်ပေတစ်ရာကျော်ရှိကြောင်း MAF International (မြန်မာ) မှ သိရသည်။

ချင်းပြည်နယ်သည် ယခင်က မြန်မာနိုင်ငံတွင် အဆင်းရဲဆုံးပြည်နယ်အဖြစ် သတ်မှတ်ခံထားရသော်လည်း ယခု NLD အစိုးရလက်ထက်အတွင်း လမ်းပန်းဆက်သွယ်ရေး အပါအ၀င် ကဏ္ဍစုံ တိုးတက်လာပြီး ချင်းပြည်နယ်၏ ပထမဦးဆုံး လေယာဉ်ကွင်းလည်း ဖလမ်းမြို့အနီး ပေါ်ပေါက်လာတော့မည်ဖြစ်သည်။ ထို့ပြင် လိုင်လင်းပီလေယာဉ်ကွင်းငယ်တည်ဆောက်မှုမှာလည်း လာမည့် ၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်းတွင် ပြီးစီးသွားပါက သဘာဝတောတောင်အရင်းအမြစ်များစွာ ပိုင်ဆိုင်သော ချင်းပြည်နယ်သည် လာမည့်နှစ်များတွင် ခရီးသွားကဏ္ဍ ပိုမိုတိုးတက်လာတော့မည်မှာ သေချာကြောင်း ချင်းတိုင်းရင်းသားများက သုံးသပ်ကြသည်။

ကျော်ကျော်အောင်(ကလေးမြို့)
ဓာတ်ပုံ- MAF (မြန်မာ)

LEAVE A REPLY

Please enter your comment!
Please enter your name here